ခရီးသည်တင်ကား နွားအုပ်ကို ၀င်တိုက်ပြီး မျက်နှာချင်းဆိုင်မှ ကားကိုပါ ဆက်လက်တိုက်မိ


 မြင်းမူ စက်တင်ဘာ ၂၉

 မြင်းမူမြို့နယ်၌ စက်တင်ဘာ ၂၈ ရက်တွင် ခရီးသည်တင်ကားက နွားအုပ်နှင့် ကားတစ်စီးကို အရှိန်မထိန်းနိုင်ဘဲ တိုက်မိမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးဘက်မှ မုံရွာ ဘက်သို့ ယာဉ်မောင်း ဦးခိုင်အောင်ဝင်း(၄၃ နှစ်) မောင်းနှင်သည့် ခရီးသည်တင်ကားသည် ဝမ်းပြည့်ရွာနှင့် အလ္လကပ္ပရွာကြား မိုင်တိုင်အမှတ် (၅၂/၂) နှင့် (၅၂/၃) ကြားအရောက်တွင် လမ်းဖြတ်ကူးသော နွားအုပ်ကို အရှိန်မထိန်း နိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သည်။


ဆက်လက်၍ မုံရွာဘက်မှ မန္တလေးဘက်သို့ ထွန်းဇော် (၃၈ နှစ်) မောင်းနှင် လာသောဆိုင်ကယ်ကို နွားအုပ်ကဝင်တိုက်ကာ ခရီးသည်တင်ကားမှာ အရှိန် မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် မုံရွာဘက်မှ မန္တလေးဘက်သို့ မသင်းသင်းနွယ် (၃၃ နှစ်) မောင်းလာသော မတ်တူးအဖြူရောင်ယာဉ်ကို ပွတ်တိုက်၍ လမ်းဘေးသို့ ထိုးကျရပ်တန့်သွားခဲ့သည်။

ခရီးသည်တင်ယာဉ်တိုက်မှုအရှိန်ကြောင့် နွားမကြီးသုံးကောင်၊ နွားမလတ် နှစ်ကောင်နှင့် နွားငယ်နှစ်ကောင် စုစုပေါင်းခုနစ်ကောင် သေဆုံးခဲ့ပြီး ယာဉ် ပေါ်ပါ ဦးစန်းဝင်း၊ ဦးမိုးကောင်း၊ ဦးဟန်ဝင်း၊ ဦးကျင်အေး၊ ဦးမြဝင်း၊ ဒေါ်သီတာ တို့နှင့် ယာဉ်မောင်း ဦးခိုင်အောင်ဝင်းတွင် ဒဏ်ရာများရရှိခဲ့သည်။

သို့ဖြစ်၍ လူနှင့် တိရစ္ဆာန်များ ဆုံးရှုံးထိခိုက်ဒဏ်ရာများရရှိအောင် ယာဉ်ကိုပေါ့ဆစွာ မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ဦးခိုင်အောင်ဝင်းကို မြင်းမူမြို့မရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (ဝ၇၉)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ခရီးသည်တင်ကား နွားအုပ်ကို ၀င်တိုက်ပြီး မျက်နှာချင်းဆိုင်မှ ကားကိုပါ ဆက်လက်တိုက်မိ   ခရီးသည်တင်ကား နွားအုပ်ကို ၀င်တိုက်ပြီး မျက်နှာချင်းဆိုင်မှ ကားကိုပါ ဆက်လက်တိုက်မိ Reviewed by THITHTOOLWIN on 08:18 Rating: 5
Powered by Blogger.