တွေ့ရင် ပြောကြပါ


 ကျောင်းစိမ်းဝတ်စုံနဲ့ ကျောင်းသူတွေတွေ့တိုင်း ဒေါ်ခင်မာဝင်း တစ်ယောက် ပျောက်ဆုံးနေတဲ့ သမီးငယ် မျက်နှာလေးကို မြင်ယောင်မိ တာ အခါခါပါ။ သမီးနဲ့အမြန်ဆုံးပြန်တွေ့ဖို့ အိမ်ဦးခန်းက ဘုရားစင်ရှေ့မှာ အကြိမ်ကြိမ်ဆုတောင်းခဲ့ရတာလည်း နေ့စဉ်နဲ့အမျှပါ။ ဒါ့အပြင် မိရိုးဖလာ ယုံကြည်မှုလိုဖြစ်နေတဲ့ ဗေဒင်၊ အကြားအမြင်၊ နတ်ကတော် စတာတွေကိုလည်း စုံနေအောင်မေးခဲ့ရှာပါတယ်။
''ကျွန်မသမီးလေး ပြန်တွေ့ဖို့ ဗေဒင်၊ယတြာတွေရော၊ နတ်မေး တာရော စုံနေအောင်လုပ်ခဲ့တယ်၊ ယတြာတွေလည်းလုပ်ခဲ့ရတယ်၊ မနက်ကျရင် အကြားအမြင်ရတဲ့ဆရာကြီးဆီ သွားရဦးမယ်၊ သူတို့ဆီက ဟောတာပြောတာမှန်ရင် ကိုယ့်အတွက်ကောင်းမယ်ထင်လို့ပါ'' လို့ ပျောက်ဆုံးနေတဲ့ သမီးငယ်ကို ပြန်တွေ့နိုင်ဖို့ တစ်ဘက်တစ်လမ်းက ကြိုးစားနေတဲ့အကြောင်း ဒေါ်ခင်မာဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက် စနေနေ့မှာ တက္ကသိုလ်ဝင်တန်းတက် ရောက်နေတဲ့ အထက (၁) မြောက်ဒဂုံက မနှင်းသဇင်နဲ့ အထက (၅)မြောက် ဒဂုံက မနေခြည်လင်းတို့ဟာ မြောက်ဒဂုံ ၃၈ ရပ်ကွက်မှာရှိတဲ့ ကျူရှင် ကျောင်းကို အသွားမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။
''အဲဒီနေ့က နှင်းသဇင်အိမ်ကို သမီးရောက်တော့ နေခြည်လင်းက စောရောက်နေတယ်၊ သမီးကို ကျူရှင်အရင် သွားခိုင်းပြီး နေခြည်လင်း ဦးလေးမုန့်ဖိုးပေးတာ သွားယူမလို့ဆိုပြီး သူတို့နှစ်ယောက် ကျူရှင်မ ရောက်ဘဲ ပျောက်သွားတာ'' လို့ ပျောက်ဆုံးသွားတဲ့ မိန်းကလေးနှစ်ဦးရဲ့ အတန်းဖော်သူငယ်ချင်း မခင်ထက်ထက်စိုးက ဖြစ်စဉ်ကို ပြန်ပြောင်း ပြောပါတယ်။

အသက် ၁၅ နှစ်အရွယ် မနှင်းသဇင်နဲ့ မနေခြည်လင်းတို့ ပျောက်ဆုံးခဲ့တာ ဒီကနေ့ဆို သီတင်းတစ်ပတ်ကျော်ကြာခဲ့ပါပြီ။ သူတို့ နဲ့ပတ်သက်တဲ့ သတင်းတစ်စုံတစ်ရာ မကြားရသေးတဲ့အတွက် ကာယကံ ရှင် မိသားစုဝင်တွေ စိတ်ပူပင်သောက တစ်ပုံတစ်ပင်နဲ့ အပူမီးဝိုင်းကာ မျှော်လင့်ချက်တစ်စုံတစ်ရာ ပေးနိုင်မယ်ထင်တဲ့ ဗေဒင်၊ အကြားအမြင်နဲ့ နတ်မေးတာတွေကြားမှာ အလုပ်ရှုပ်နေခဲ့ကြပါတယ်။

အရွယ်ငယ်ငယ်မိန်းကလေးတွေ ကျောင်းပြန်အချိန်မှာပျောက် တာတို့ လူကုန်ကူးခံရတာတို့ ဆိုတဲ့သတင်းတွေ မကြာခဏဆိုသလို ကြားနေရတာကြောင့် ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ မနှင်း သဇင်အတွက် ဒေါ်ခင်မာဝင်း စိုးရိမ်နေရသလို မနေခြည်လင်းရဲ့မိခင် ဒေါ်သီတာအေး တစ်ယောက်လည်း မစားနိုင်မအိပ်နိုင် ဖြစ်နေရှာပါတယ်။
''ကိုယ်ထမင်းတစ်လုပ်စားလိုက်ရင် ကိုယ့်သမီးလေး ဒီလိုမှ စားရပါ့ မလား၊ ကိုယ်အိပ်လို့ရှိရင်လည်း ကိုယ့်သမီးလေး ဒီလိုမှကောင်းကောင်း အိပ်ရပါ့မလားလို့ စိတ်ပူတယ်'' လို့ ဒေါ်သီတာအေးက ဆိုပါတယ်။
သမီးပျောက်မိခင်နှစ်ယောက်ရဲ့ ပူပင်သောကတွေဟာ အနီးကမိတ် ဆွေတွေဆီကို ကူးစက်လောင်ကျွမ်းခဲ့ကာ ပျောက်ဆုံးသူ မိန်းကလေး နှစ်ယောက်ရဲ့ ဓာတ်ပုံနဲ့ ဆက်သွယ်ရမယ့် လိပ်စာတွေကို ဒဂုံမြောက်၊ ဒဂုံတောင်နဲ့ ဒဂုံအရှေ့၊ တောင်ဥက္ကလာ၊ လှိုင်သာယာ ကားမှတ်တိုင်တွေမှာ နေရာအနှံ့ကပ်ထားပေးကြပါတယ်။ လူမှုကွန်ရက်စာမျက်နှာ ပေါ်က တစ်ဆင့် ဓာတ်ပုံနဲ့တကွ အကူအညီတောင်းခံထားပါတယ်။
'' ၆ ရက်နေ့မှာ ရဲစခန်းကို လူပျောက်သွားဖွင့်တယ်၊ နောက် ပတ် ဝန်းကျင်က လူကုန်ကူးမှာ တိုင်ဖို့လိုတယ်ဆိုတာနဲ့ ၈ ရက်နေ့မှာ သွား တိုင်ထားကြတယ်'' လို့ ဒေါ်ခင်မာဝင်းက ပြောပါတယ်။

စက်တင်ဘာ ၆ ရက်နေ့က ဒဂုံမြောက်ရဲစခန်းမှာ လူပျောက်အမှတ် စဉ် ၄၇/၂ဝ၁၅ နဲ့ အမှုဖွင့်ထားပြီး စက်တင်ဘာ ၈ ရက်နေ့မှာလည်း ရန်ကုန်တိုင်းလူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဆီမှာလည်း သွား ရောက်တိုင်တန်းထားတယ်လို့ သိရပါတယ်။

သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကို လူပျောက်တိုင်တန်းထားပေ မယ်လို့ သမီးတွေ့လိုဇောနဲ့ လူပျောက်၊ ပစ္စည်းပျောက်ဟောတာ နာမည် ကြီးလှတဲ့ နတ်ကတော်ကို မေးမြန်းတဲ့အခါ တောင်ဒဂုံက နှစ်ထပ်အိမ်မည်း ကြီး၊ ဒုတိယထပ် အစွန်အခန်းမှာ ရိုက်နှက်၊ ချုပ်နှောင်ထားပြီး ဘာမှ မကျွေးဘဲ မနက်ဖြန်မှာ ခေါ်သွားတော့မယ်၊ အချိန်မီလိုက်ပါလို့ အချိန်၊ နေရာ ကွတ်တိပြောဆိုတဲ့အတွက်ကြောင့် ညအချိန် စမ်းတဝါဝါး စုံစမ်း မေးမြန်းရှာခဲ့ပေမယ့် မနက်ကြမှ နတ်ကတော်ဟောတဲ့ အိမ်မည်းကြီးကို ရှာတွေ့နိုင်ခဲ့တယ်လို့ ဒေါ်ခင်မာဝင်းက ဆိုပါတယ်။

အကြားအမြင်ရ နတ်ကတော်ရဲ့ ဟောချက်အတိုင်း ရှာဖွေခဲ့ ပေမယ့် တစ်ရက်နောက်ကျခဲ့တာကြောင့် သဲလွန်စ တစ်စုံတစ်ရာ မတွေ့ ရတဲ့အပေါ် ဒေါ်ခင်မာဝင်းက ''မနက်ကျမှ နတ်ပြောတဲ့အတိုင်းအိမ်မည်း ကြီးတော့တွေ့တယ်၊ အထဲမှာ ဘာမှမတွေ့ဘူး၊ ညကတည်းက သွားနိုင် ရင် တွေ့ကောင်းတွေ့မှာ'' လို့ ယုံကြည်ရာတစ်ခု လက်လွှတ်ဆုံးရှုံးခဲ့ရ သလိုရေရွတ်နေပါတယ်။

သမီးပျောက်နေတဲ့ မိသားစုနှစ်စုမှာ ဗေဒင်တို့ အကြားအမြင်တို့ ညွှန်ကြားရာနေရာတွေမကျန် ရန်ကုန်မြို့ နေရာအနှံနီးပါး သွားရောက် ရှာ ခဲ့ကြပါတယ်။ နာမည်ကြီးဗေဒင်အကြားအမြင်ပေါင်း ၂ဝ ကျော် လောက်ကိုလည်း မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
''ကျွန်မတို့ သွားမေးတဲ့ ဆရာက လောင်းကြေးထပ်ပြီးတောင်ဟော တာ၊ ဆရာပြောတာက မန္တလေးဘက်က ရွာတစ်ရွာမှာရှိတယ်၊ သွားရှာ ကြလို့ ပြောတယ်၊ အဲဒီကိုသွားဖို့ ရဲစခန်းကိုလည်း အကူအညီတောင်း မလို့'' လို့ ဒေါ်သီတာအေးက ပျောက်ဆုံးနေတဲ့ သမီးကိုပြန်တွေ့ဖို့ အကြားအမြင် ဆရာရဲ့ညွှန်ရာဆီ ရဲစခန်းအကူအညီတောင်းပြီး သွားဖို့ပြင် နေတဲ့အကြောင်း ဆိုပါတယ်။

၁၅ နှစ်အရွယ် မိန်ကလေးနှစ်ယောက် ပျောက်နေတာကို တချို့က ယောင်္ကျားနောက်ခိုးရာလိုက်တယ်လို့ ဆိုကြတာလည်းရှိပါတယ်။ တချို့ ကတော့ လူကုန်ကူးခံရတာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးပြောတဲ့ သူ တွေလည်းရှိကြပါတယ်။

မနေခြည်လင်းနဲ့ မနှင်းသဇင်တို့မပျောက်ဆုံးမီအချိန်က မနေခြည် လင်းဆက်သွယ်ခဲ့တဲ့ ဖုန်းနံပါတ်တစ်ခုကို ဆက်သွယ်ခဲ့ပေမယ့် အမြဲလို လို စက်ပိတ်ထားတာကြောင့် မြောက်ဒဂုံရဲစခန်းမှာ စက်တင်ဘာ ၁၃ ရက်က သွားရောက် အကူအညီတောင်းခံထားပါတယ်။
'' သူတို့(သမီးပျောက်မိဘတွေ) ဘက်က ကလေးတွေ ဘယ်မှာ တွေ့လို့ လိုက်ခဲ့ပါဆိုရင် ကျွန်တော်တို့ဘက်က လိုက်ဆောင်ရွက်ပေးပါ တယ်၊ တောင်ဒဂုံအိမ်မည်းကြီးလည်း သွားခဲ့တယ်၊ မတွေ့ဘူး၊ ကျွန်တော် တို့ ဘက်ကလည်း စုံစမ်းနေပါတယ်၊ ဒဂုံအရှေ့၊ တောင်ဒဂုံက နယ်ထိန်း တွေနဲ့ ပေါင်းစပ်ရှာဖွေနေပါတယ်'' လို့ မြောက်ဒဂုံရဲစခန်းက ဒုရဲမှူး ဇော်မင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လှိုင်သာယာမြို့နယ်ထဲက ပျောက်ဆုံးနေ တဲ့ ဆယ်ကျော်သက်အရွယ်မိန်ကလေး လေးယောက် နေပြည်တော် ဟိုတယ်တစ်ခုမှာတွေ့တဲ့အတွက် သက်ဆိုင်ရာက မိဘတွေဆီ ပြန်လည် ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။

မြန်မာအမျိုးသမီးများ လူကုန်ကူးခံရမှု ၈ဝ ရာခိုင်နှုန်းက တရုတ် ဇနီးမယားအဖြစ်ရောင်းစားခြင်းခံရတယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နှင်း ရေးရဲတပ်ဖွဲ့ရဲ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
လူကုန်ကူးမှု အမှုအရေအတွက်အရ နှစ်စဉ် ၅ဝ ကျော်မှ ၂ဝဝ နီးပါးအထိရှိနေပြီး အများဆုံးက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ် ကြတယ်လို့ သိရပါတယ်။

မနုဿမုဆိုးတွေက အရွယ်ငယ်မိန်းကလေးတွေကို လိမ်ညာလှည့် ဖြားကာ လူကုန်ကူးရောင်းစားကြတဲ့ဖြစ်ရပ်တွေကို ရုပ်မြင်သံကြားနဲ့ သတင်းစာရေဒီယိုတို့မှာ အမြဲမပြတ်ဖော်ပြထားပေမယ့် အရွယ်ငယ် မိန်းကလေးတွေက အမြဲလိုလိုပျောက်ဆုံးနေတတ်ပါတယ်။
''သူပျောက်တဲ့ နေ့ကစပြီး အိမ်မှာ အကုန်လုံးက တငိုငိုနဲ့ ဖြစ်နေ တာ။ သူအချိန်မရွေးပြန်လာလို့ရအောင် အိမ်ရှေ့တံခါးတောင်မပိတ်ဘူး။ အိမ်ရှေ့ကို အရိပ်မြင်လိုက်ရင် ငါ့သမီးလေးလားလို့ ကြည့်ကြည့်မိတယ်'' လို့ ပျောက်ဆုံးသွားတဲ့ သမီးနေခြည်လင်းပြန်လာဖို့အမြဲမျှော်လင့်နေ တဲ့ ဒေါ်သီတာအေးက ဆိုပါတယ်။
ပျောက်ဆုံးနေတဲ့ မနှင်းသဇင်နဲ့ မနေခြည်လင်းတို့ကို တစ်စုံတစ် ယောက်ကတွေ့မိခဲ့ရင် ဖုန်းနံပါတ် ဝ၉- ၂၅၄၇၄၁၁ဝ၅၊ ဝ၉-၂၅ဝ၁၃၉၇၄၂၊ ဝ၉-၂၆ဝ၄ဝ၅၃၉၅၊ ဝ၉-၂၅၄၁၂၃၅၉၁၊ ဝ၉-၃၂၃၂၆၈၃၉ တို့ကို ဆက်သွယ်ပေးဖို့ အကူအညီ တောင်းခံထားပါတယ်။
''ကျွန်မအခုအချိန်အထိ ပြန်တွေ့မယ်လို့ထင်တယ်'' လို့ ဒေါ်ခင်မာ ဝင်းက သူ့ယုံကြည်ချက်ကို ထုတ်ဖော်ပြောသလို ''ကိုယ့်သမီးအသက် ရှင်ရက်ပြန်ရရင်တော်ပါပြီ'' လို့ စိတ်အားငယ်အားလျော့နေတဲ့ ဒေါ်သီ တာအေးက ဆိုလိုက်ပါတယ်။

မောင်သစ္စာ
Reporter News Journal
https://www.facebook.com/REPORTER.JOURNAL
တွေ့ရင် ပြောကြပါ   တွေ့ရင် ပြောကြပါ Reviewed by THITHTOOLWIN on 16:56 Rating: 5
Powered by Blogger.