အိမ်ထောင်ရေး ဖောက်ပြန်သည်ဆိုကာ လူအများရှေ့တွင် ကြိမ်ဒဏ် (၁၀၀) ရိုက်


      အိမ်ထောင်ရေး ဖောက်ပြန်သည်ဟု ပြစ်မှုထင်ရှားသည့်  အာဖဂန်အမျိုးသားနှင့် အမျိုးသမီးကို လူအများရှေ့တွင် ကြိမ်ဒဏ် တစ်ရာစီ အပြစ်ပေးခဲ့ကြောင်း သိရသည်။

      အာဖဂန်တွင် လူရှေ့သူရှေ့ ကြိမ်ဒဏ်ပေးခြင်း ကွပ်မျက်ခြင်းတို့မှာ ၁၉၉၆-၂၀၀၁ ကာလက တာလီဘန်တို့ ပြဋ္ဌာန်းခဲ့သည့် ရှာရီယာ ဥပဒေအရ ဖြစ်သည်။ တာလီဘန်များကို အမေရိကန် ဦးဆောင်သည့် မဟာမိတ်များက တိုက်ထုတ် ဖြုတ်ချခဲ့ပြီးနောက် ယင်းကဲ့သို့ ပြစ်ဒဏ်ပေးမှု ရှားပါးသွားပြီ ဖြစ်သည်။

      သို့ဖြစ်သည့်တိုင် အနောက်ပိုင်းပြည်နယ် ဂိုဟာတွင် ဖြစ်ပွားခဲ့သော ထိုမြင်ကွင်းကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင် အရကား ထိုစနစ်မျိုး ကျန်ရှိနေသေးကြောင်း တွေ့ရသည်။ အိမ်ထောင်ရေး ဖောက်ပြန်သည်ဟု သတ်မှတ်ခံရသော အမျိုးသားနှင့် ၀တ်ရုံနက် ခြုံထားသော အမျိုးသမီးတို့ကို အမျိုးသားတစ်ဦးက သားရေကြာပွတ်ဖြင့် ကြိမ်ဒဏ်ပေးနေပုံကို အမျိုးသား အများစုက ထိုင်ခုံဖြင့် ကျကျနန ထိုင်ကြည့်နေသည်ကို တွေ့ရသည်။

      အဆိုပါပြစ်ဒဏ်ကို ဂိုဟာ ပြည်နယ် အစိုးရကလည်း အသိအမှတ် ပြုထားကြောင်း သိရသည်။ “သူတို့နှစ်ယောက် ပတ်သက်မှု ရှိတာကြာပါပြီ။ ဖမ်းမိတာကတော့ ဒီလ အစောပိုင်းကမှပါ။ ရှာရီယာ ဥပဒေအတိုင်း အပြစ်ပေးခြင်းဖြစ်ပြီး တခြားသူများ သင်ခန်းစာ ယူနိုင်အောင် ရည်ရွယ်ပါတယ်”ဟု ပြည်နယ် အစိုးရအဖွဲ့  ပြောရေးဆိုခွင့်ရှိသူ ဆီမာဂျိုဝန်ဒါက ပြောသည်။

      အာဖဂန် ဗဟိုအစိုးရကမူ ရှာရီယာ ဥပဒေကို ကန့်ကွက်ခြင်း မရှိသော်လည်း အားပေးခြင်းလည်းမရှိ။  လူမြင်ကွင်း အများပြည်သူ ဆိုင်ရာ နေရာတွင် ပြစ်ဒဏ် စီရင်ခြင်းများကိုမူ ပြစ်တင် ကန့်ကွက်လေ့ ရှိသည်။

Source: Reuters

The Messenger Media
http://messengernewsjournal.com
အိမ်ထောင်ရေး ဖောက်ပြန်သည်ဆိုကာ လူအများရှေ့တွင် ကြိမ်ဒဏ် (၁၀၀) ရိုက်   အိမ်ထောင်ရေး ဖောက်ပြန်သည်ဆိုကာ လူအများရှေ့တွင် ကြိမ်ဒဏ် (၁၀၀) ရိုက် Reviewed by THITHTOOLWIN on 01:46 Rating: 5
Powered by Blogger.