ပြည်ပရောက် မြန်မာများ မဲစာရင်းပေးရန် နောက်ဆုံးရက်

 နေပြည်တော်မှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေး ပါတီတွေ တွေ့ဆုံစဉ်။ Myo Thant Khaing/RFA
 လာမယ့် နိုဝင်ဘာလ  ရွေးကောက်ပွဲ အတွက် ကြိုတင် မဲပေးလိုတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ စက်တင်ဘာလ ၂၀ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူးက ပြောပါတယ်။

အခုချိန်ထိ လူဦးရေ နှစ်သောင်းနီးပါး ရဲ့ လျှောက်လွှာတွေကို စိစစ်နေပြီး ထပ်တိုးပေးထားတဲ့ရက်က လုံလောက်မှုရှိနိုင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မျိုးသန့် က ပြောပါတယ်။

"တစ်ရာထပ်တိုးတယ်ဆိုတာက နောက်ဆုံးဝင်တဲ့ဟာ MOFA ကနေ ထပ်ပြီးတော့ပို့တာ၊ အားလုံးပေါင်း ၁၈၉၇၄ ဖြစ်သွားပြီ၊ အကြမ်းဖျင်း စက်တင်ဘာ ၂ဝ ရက်လောက်အထိ လယ်ခံမယ်ဆိုပြီး စာထွက်ဖို့ လုပ်နေပါတယ်၊ ထပ်တော့တိုးနိုင်တယ်၊ ဒါပေမဲ့ တအားကြီးမများနိုင်ဘူး နောက်ဆုံးဝင်တာတောင်မှ ၁၃ ရုံးတောင်မှ တစ်ရာပဲရှိတယ်"

နိုင်ငံပေါင်း ၃၇ နိုင်ငံမှာရောက်ရှိ နေသူတွေအနေနဲ့ မြန်မာနိုင်ငံသံရုံး၊ ကောင်စစ်ဝန်ရုံး၊ ကိုယ်စားလှယ်ရုံး စတဲ့ ရုံးပေါင်း ၄၄ ရုံးကနေတဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနထံ လျှောက်ထားနိုင်တာဖြစ်ပါတယ်။

အဲဒီလိုလျှောက်ထားသူတွေထဲကမှ အစိုးရရဲ့ အစီအစဉ်နဲ့ ပညာတော်သင်စေလွှတ်ထားသူတွေ၊ တာဝန်ပေးထား သူတွေကိုသာ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ လွှဲပြောင်းပေးတာဖြစ်တယ် လို့ သိရပါတယ်။

လက်တွေ့မှာ ထိုင်း မလေးရှား စင်္ကာပူစတဲ့ နိုင်ငံတွေမှာ အလုပ်လုပ်နေကြသူတွေ မဲပေးပိုင်ခွင့် ဆုံးရှုံးနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

လာမယ့်ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးအနှံ့ မဲပေးခွင့်ရှိသူ ၃၃ သန်းနီးပါးရှိပြီး အဲဒီထဲမှာ ပြည်ပရောက်နေသူ စာရင်းလည်း ပါဝင်တယ်လို့ သိရပါတယ်။ ပြည်ပရောက်နေတဲ့ မဲပေးပိုင်ခွင့်ရှိသူ စာရင်းအတိအကျကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

RFA Burmese
http://www.rfa.org/burmese
ပြည်ပရောက် မြန်မာများ မဲစာရင်းပေးရန် နောက်ဆုံးရက်  ပြည်ပရောက် မြန်မာများ မဲစာရင်းပေးရန် နောက်ဆုံးရက် Reviewed by THITHTOOLWIN on 21:22 Rating: 5
Powered by Blogger.