တည်းခိုခန်းတွင် သေဆုံးခဲ့သည့် အမျိုးသမီးအမှုကို လူသတ်မှုအဖြစ် ပြောင်းလဲ


          သြဂုတ်(၃၀)ရက်နေ့ နေ့လယ်ပိုင်း အချိန်တွင် ချမ်းမြသာစည်မြို့နယ်ရှိ Mann Royal Inn အခန်းအမှတ် (G-2) တွင် တည်းခိုနေသည့် မ….(၃၂)နှစ်သည် အခန်းအတွင်း ခုတင်ပေါ်တွင် လေအေးပေးစက် ဖွင့်ထားကာ အိပ်ပျော်သွားရာမှ အအေးပတ် သေဆုံးသည့်အနေထားဖြင့် သေဆုံးခဲ့ပြီး နယ်မြေစခန်း(အမှတ်-၁၁) သေမှုသေခင်း အမှတ်စဉ် ၉/၂၀၁၅ဖြင့် ရေးဖွင့်စစ်ဆေး ခဲ့သည်။

          သြဂုတ်လ (၃၁)ရက်တွင် မ......... ၏ အလောင်းအား မှုခင်းဆရာဝန်ကြီး ဒေါက်တာ ချိုမောင်စန်း ဦးစီးသော ဆရာဝန်များ အဖွဲ့မှ PM-၁၃၈၈/၁၅ ဖြင့် ရင်ခွဲစမ်းသပ်စစ်ဆေးရာ ပြင်ပဒဏ်ရာ လက္ခဏာအား ဦးခေါင်းခွံပြင်ပ ဆံပင်အတွင်း ရှာဖွေရာ ဆံပင်သား ထူထပ်သဖြင့် ဦးခေါင်းဆံပင်အား ခေါင်းတုံးတုံး၍ အသေးစိတ် ရှာဖွေစစ်ဆေးရာ ဦးခေါင်းယာ ချိုစောင်းနားထင်ထိပ်တွင် လက်မ၀က်ခန့် အနည်းငယ် ဖုရောင်ဒဏ်ရာ တစ်ချက် စမ်းသပ်တွေ့ရှိ ခဲ့သည်။

          ဦးခေါင်းအတွင်း ယာနားထင် ကြွက်သားသွေးခြေဥ၊ ဦးနှောက်အရေပြား အောက်သွေးခြေဥ၊ ဦးခေါင်းခွံအတွင်း ဦးနှောက် အမှေးအောက် သွေးခဲ၊ ဦးခွံအခြေရိုး ကျိုးဒဏ်ရာ များတွေ့ရှိရ၍ ရရှိသည့်ဒဏ်ရာနှင့် ပတ်သက်ပြီး သေဆုံးရခြင်း ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

          အမှုနှင့်ပတ်သက်၍ သက်သေအဖြစ် Mann Royal Inn မှ မန်နေဂျာ ကိုသိန်းဇော် ၊ကောင်တာငွေကိုင် စာရေး ဦးဖြိုးဇော်အောင်၊ ညစောင့် ကိုလွှမ်းမိုးနိုင်တို့အား စစ်ဆေးရာ အခင်းဖြစ်ညက သေဆုံးသူနှင့်အတူ အိပ်ခဲ့ပြီး နံနက် (၂း၀၀) အချိန်ခန့်တွင် ဟာရီရာကားဖြင့် ပြန်လည် ထွက်ခွာသွားသူ ဆံပင်နက်ရှည် (အနည်းငယ်ကောက်) နဖူးပြောင်၊ မျက်ခုံးပါး၊ မျက်ဆန်နက်၊ အသားဖြူ၊ အရပ်(၅ ပေ ၈) လက်မခန့်၊ ရင်ဘတ်တွင် ဆေးမှင်ကြောင် ပါရှိသည့် အသက်(၄၀)ခန့် တရုတ်လူမျိုး ဖြစ်ကြောင်း သိရှိခဲ့သည်။

          ၎င်းအား အမှုဖြင့် စစ်ဆေးနိုင်ရေး အတွက် ရဲအုပ် ကြည်ဇင်(မန္တလေးခရိုင်၊ မှု/နှိမ်)နှင့်အဖွဲ့၊ ရဲအုပ် ၀င်းဗိုလ် (နယ်မြေ စခန်းမှူး အမှတ်-၁၁)နှင့် အဖွဲ့၊ ဒုရဲအုပ် ဇော်မင်းထိုက် (နယ်ထိန်းခေါင်းဆောင်) နှင့် အဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စုံစမ်းခဲ့သည်။

          စုံစမ်းချက်အရ သေဆုံးသူ၏ မိတ်ဆွေ ကိုရာဇာ၏ ပြောပြချက်အရ အဆိုပါ ပုံပန်းသ္ဌာန်ဖြင့် အမျိုးသားမှာ သေဆုံးသူနှင့် ရင်းနှီးကျွမ်းဝင်နေသူ …….. ဖြစ်ကြောင်း၊ ၎င်းသည် …….လမ်းမြောက်ဘက် …….. လမ်းကြားရှိ ဟော့ပေါ့ဆိုင် ဖွင့်လှစ်ရောင်းချ နေသူ ဖြစ်ကြောင်း သိရှိရသဖြင့် ပူးပေါင်း အဖွဲ့ဖြင့် အတည်ပြုစုံစမ်းရာ ……….(၄၃)နှစ် ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

The Messenger Media
http://messengernewsjournal.com
တည်းခိုခန်းတွင် သေဆုံးခဲ့သည့် အမျိုးသမီးအမှုကို လူသတ်မှုအဖြစ် ပြောင်းလဲ  တည်းခိုခန်းတွင် သေဆုံးခဲ့သည့် အမျိုးသမီးအမှုကို လူသတ်မှုအဖြစ် ပြောင်းလဲ Reviewed by THITHTOOLWIN on 17:19 Rating: 5
Powered by Blogger.