သမ္မတကြီး မူဂါဘီ လွှတ်တော်မှာ မိန့်ခွန်းအဟောင်းကို ထပ်မံဖတ်ကြား


 အင်္ဂါနေ့က ဇင်ဘာဘွေလွှတ်တော်တွင် အသက် (၉၁) နှစ်အရွယ် သမ္မတ ရောဘတ်မူဂါက ပါလီမန်လွှတ်တော် အစည်းအဝေး စတင်ရာ၌ မိန့်ခွန်းပြော ကြားခဲ့သည်။ အစမှအဆုံး ၎င်းက ပြောကြားခဲ့သော မိန့်ခွန်းမှာ ပြီးခဲ့ သောလက လွှတ်တော်တွင် သူကိုယ်တိုင်ပြောကြားခဲ့သော မိန့်ခွန်းအဟောင်းဖြစ်နေသည်ကို ရောဘတ်မူဂါဘီ မသိခဲ့ချေ။

အဆိုပါ ၂၅ မိနစ်ကြာ မိန့်ခွန်းမှာ ပြီးခဲ့သောလက သူကိုယ်တိုင်ပြောခဲ့သော နိုင်ငံတော်အခြေပြမိန့်ခွန်းဖြစ် နေသည်ကို ရောဘတ်မူဂါဘီ မသိခဲ့။ မူဂါဘီ၏အတွင်းဝန်ရုံးတွင် စာရွက်များ ရောထွေးမှုဖြစ်ပွားခဲ့မှုကြောင့် ယခုကဲ့သို့ မိန့်ခွန်းဟောင်းပြောခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအမှားကို ရိုးသားစွာ စိတ်မကောင်းဖြစ်ရကြောင်း၊ အမှားပြင် ရေးလုပ်ငန်းများလုပ်ကိုင်ရန် စဉ်းစားနေကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဂျော့ချာရမ်ဘာက ရှင်းချက် ထုတ်ခဲ့သည်။

အာဖရိကတိုက်၏သက်တမ်းအရင့် ဆုံးခေါင်းဆောင်တဦးဖြစ်သည့် ရောဘတ်မူဂါဘီသည် ယခုနှစ်ဦးပိုင်းက စကားပြော စင်မြင့်ပေါ်မှအဆင်းတွင် ခြေချော်လဲကျခဲ့သည်။ ထိခိုက်မှုမရှိသော်လည်း ယင်းဓာတ်ပုံမှာ လူမှုမီဒီယာများတွင် ပျံ့နှံ့သွားခဲ့သည်။

မူဂါဘီမိန့်ခွန်းအဟောင်း ပြောကြားနေမှုကို လှောင်ပြောင်အော်ဟစ်ခဲ့မှု ကြောင့် အတိုက်အခံလွှတ်တော်အမတ်များကို အမည်မသိရသူထံမှ အသက်အန္တရာယ် ခြိမ်းခြောက်မှုများရှိခဲ့ကြောင်း တိုင်ကြားမှုများရှိခဲ့သည်။ အတိုက်အခံအမတ်များ သည် လွှတ်တော်အတွင်း၌သာ ၎င်းတို့အတွက် ကင်းလွတ်ခွင့်များရရှိနိုင်ပြီး လွှတ်တော်ပြင်ပသို့ရောက်သွားပါက ပါလီမန်ကင်းလွတ်ခွင့်အရေးများမရနိုင်တော့ ကြောင်း အတိုက်အခံဒီမိုကရေစီပြောင်းလဲရေး လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ဂွန်နိစ်က ပြောပြခဲ့သည်။

ရောဘတ်မူဂါဘီသည် အသက် အလွန်ကြီးရင့် နိုင်ငံတော်အကြီးအကဲ အဖြစ် ဆက်လက်အုပ်စိုးနိုင်ရန် လိုအပ် သည့်စိတ်ပိုင်းစွမ်းအင်မရှိတော့၍ သမ္မတရာထူးမှနုတ်ထွက်ပေးရန် အတိုက်အခံပါတီက တောင်းဆိုခဲ့သည်။

ပါလီမန်တွင် မိန့်ခွန်းအမှားပြောနေသည်ကိုမသိခဲ့ခြင်းမှာ ၎င်း၏ရုပ်ပိုင်းနှင့် စိတ်ပိုင်းကျန်းမာရေး အခြေအနေ ကျဆင်းနေသည်ကို ပြသနေ ကြောင်း၊ အသက်(၉၀)ကျော်နေသော သမ္မတတဦးအနေနှင့် တိုင်းပြည်ကို အုပ်ချုပ်ရန် မသင့်တော့ကြောင်း မူဂါဘီရာထူးမှ ထွက်သင့်သည်မှာ အချိန်လွန်ပြီဖြစ်ကြောင်း အတိုက်အခံ အဖွဲ့က ပြောခဲ့သည်။

ထွဋ်ဝင်းထွဋ်
Daily mail
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
သမ္မတကြီး မူဂါဘီ လွှတ်တော်မှာ မိန့်ခွန်းအဟောင်းကို ထပ်မံဖတ်ကြား  သမ္မတကြီး မူဂါဘီ လွှတ်တော်မှာ မိန့်ခွန်းအဟောင်းကို ထပ်မံဖတ်ကြား Reviewed by THITHTOOLWIN on 15:46 Rating: 5
Powered by Blogger.