တောင်သမန်အင်းအတွင်း ရေထုညစ်ညမ်းမှုနှင့် ရေဆိုးများကြောင့် ငါးပိဿာချိန် တစ်သောင်းကျော်သေဆုံးမှု ထပ်မံဖြစ်ပွား


 မန္တလေး စက်တင်ဘာ ၁၇

 မန္တလေး အမရပူရမြို့နယ် တောင်သမန်အင်းအတွင်း ယနေ့ နံနက်ပိုင်းက စက်မှုဇုန်မှထွက်ရှိသော ရေဆိုးများကြောင့် ငါးပိဿာချိန် တစ်သောင်းကျော် သေဆုံးမှုထပ်မံ ဖြစ်ပွားခဲ့ပြီး ငါးသေဆုံးမှုဖြစ်ပွား သောနေရာမှာ တောင်သမန်အင်း မြောက်ဘက်ခြမ်း အင်းအတွင်းရေဆိုးများဝင်ရောက်သည့် ပရံတော် ချောင်း ရေဆိုးများစီးဆင်းရာတစ် လျှောက်တွင်ဖြစ်ကြောင်း အင်းဒိုင်ထံမှ သိရသည်။
''အင်းအတွင်း ငါးတွေ သေဆုံးတာကို နံနက် ၆နာရီ လောက် မှ သိရတာပါ။ ငါးသေဆုံးမှုဖြစ်ပွားရတဲ့ အကြောင်းရင်းက စက်မှုဇုန်က ထုတ်လွှတ်တဲ့ ရေဆိုးတွေကြောင့်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအချိန်က အင်းအတွင်း မြစ်ရေ တက်နေတဲ့အချိန်ဆိုတော့ ငါးသေဆုံး မှုဆိုတာမဖြစ်နိုင်ပါဘူး။ ရေဆိုး တွေကြောင့်သာ ငါးတွေသေဆုံးခြင်း ဖြစ်ပါတယ်။ ငါးသေဆုံးတဲ့နေရာက ရေတွေဆိုရင် ရေကအနံ့အသက် ဆိုး၊ပျစ်ချွဲမည်းညစ်ပြီး အဆီငွေ့တွေ တက်နေတာတွေ့ရတယ်။ အင်း အတွင်းငါးသေဆုံးမှုဖြစ်ပွားတာဟာ ဆိုရင် အများဆုံးသေဆုံးမှုက ဒီနှစ် ထဲမှာ လေး၊ငါးကြိမ်လောက်ရှိပါပြီ။ အခုသေဆုံးမှုက ငါးပိဿာချိန် တစ်သောင်းကျော်လောက်ရှိပါတယ်။ အရင်တစ်ခေါက် သင်္ကြန်ကာလ အတွင်းက ဖြစ်ပွားမှုလောက်မရှိ ပေမယ့် အဲလောက်နီးပါးရှိပါတယ်။ အခုအင်းအတွင်း သန့်ရှင်းအောင် သေဆုံးနေတဲ့ ငါးတွေကို ဆယ်ယူနေ ပါတယ်''ဟု အင်းတာဝန်ခံတစ်ဦး ဖြစ်သူ ကိုဝင်းဇော်ဦးက ပြောသည်။

အင်းအတွင်း ငါးများသေဆုံးမှု ဖြစ်စဉ်အား ခရိုင်ငါးလုပ်ငန်းဦးစီး ဌာနနှင့် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ ရေနှင့်သန့် ရှင်းရေးဌာနတို့မှ လာရောက်ခဲ့ပြီး ငါးသေနှင့် ရေဆိုးများအားစစ်ဆေး တိုင်းတာမှုပြုလုပ်ရန် ယူဆောင် သွားကြောင်းလည်း သိရသည်။

''တောင်သမန်အင်းအတွင်း ငါးသေ ဆုံးမှုဖြစ်စဉ်က အပူရှိန်ကြောင့် သေဆုံးမှုဖြစ်နိုင်သလို၊ တစ်ဦးတစ် ယောက်ရဲ့ ပယောဂကြောင့် အဆိပ် ပါဝင်မှုကြောင့်လည်းဖြစ်နိုင်သလို၊ ရေဆိုးစွန့်ပစ်မှုကြောင်းလည်း ဖြစ်နိုင် ပါတယ်။ ဒါပေမယ့် အခုရေတက် နေတဲ့အချိန်ကာလဖြစ်တာကြောင့် အင်းအတွင်း ရေဝင်ရောက်မှုက အဆမတန်များပါတယ်။ ရေဆိုးက လည်း အချို့စက်ရုံတွေရဲ့ စည်းကမ်း မလိုက်နာဘဲ စွန့်ပစ်မှုတွေကြောင့် အနည်းငယ်ရှိနိုင်ပါတယ်။ ဒါပေမယ့် ရေဆိုးတစ်ခုတည်းကြောင့်ဆိုပြီး ပြောလို့မရပါဘူး။ အခု ရေဆိုးတွေ ရယ်၊ ငါးသေတွေရယ်ကို တိုင်းတာ စစ်ဆေးဖို့ ဆောင်ရွက်နေပါတယ်။ အဖြေကတော့ မထွက်ရှိနိုင်သေးဘူး။ နောက်ပိုင်းမှာ အဖြေကိုထုတ်ပြန်ပေး သွားမှာပါ။ အခုလတ်တလော အင်းအတွင်း သန့်ရှင်းအောင် ငါးသေတွေကို စည်ပင်သန့်ရှင်းရေး ဌာနက လိုက်လံ ရှင်းလင်းသိမ်းဆည်း နေပါတယ်''ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''အင်းအတွင်းငါးသေဆုံးမှုရဲ့ အဓိက အချက်ကတော့ ရေထုညစ်ညမ်းမှု ကြောင့်ပါပဲ။ အောက်ဆီဂျင် နည်းပါးတဲ့နေရာမှာ ဒဏ်မခံနိုင်တဲ့ ငါးတွေက သေဆုံးခဲ့ကြတာပါပဲ။ နောက်ပြီး သဘာဝရဲ့အပူဒဏ်မြင့် တက်နေမှုကြောင့်နဲ့ ပယောဂတစ်ခုခု ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ငါးသေဆုံးမှုကတော့ အရင်ကလည်း ဖြစ်ခဲ့တယ်။ အခုလည်းဖြစ်နေတယ်။ နောင်လည်းဆက်ဖြစ်နေဦးမှာပါ။ အဓိကကတော့ မန္တလေးကနေထွက် ရှိလာတဲ့ ရေနုတ်မြောင်းတွေနဲ့ စည်းကမ်းမလိုက်နာဘဲ စွန့်ပစ်နေတဲ့ စက်ရုံတွေကထွက်ရှိတဲ့ရေဆိုးတွေ ကြောင့်ဖြစ်ပါတယ်။ အခုချိန်မှာ ကျွန်တော်တို့ဌာနအနေနဲ့ ရေဆိုးနဲ့ ငါးသေတွေကို ဓာတ်ခွဲစမ်းသပ်ဖို့ ဓာတ်ခွဲဌာနကို ပေးပို့ထားပါတယ်။ နောက်နေ့တွေမှာဆိုရင်တော့ သိရ ပါလိမ့်မယ်''ဟု ခရိုင်ငါးလုပ်ငန်းဦးစီး ဌာနမှ ဦးစီးမှူး ဦးခင်မောင်ထွန်းက ပြောသည်။ ယခုငါးသေဆုံးနေမှုနှင့်ပတ်သက်၍အင်းဒိုင်မှ သက်ဆိုင်ရာ ဌာနများသို့ တိုင်ကြားမှုများ ပြုလုပ် သွားမည်ဖြစ်ပြီး ယခင် အင်းအတွင်း ငါးများသေဆုံးခဲ့မှုမှာ အကြိမ်များစွာ ရှိခဲ့သော်လည်း အများဆုံးသေဆုံး ခဲ့မှုမှာ လေးကြိမ်မြောက်ရှိခဲ့ကြောင်း သိရသည်။

(သူရိန်မန်း)

The Mirror Daily
https://www.facebook.com/TheMirrorDaily
တောင်သမန်အင်းအတွင်း ရေထုညစ်ညမ်းမှုနှင့် ရေဆိုးများကြောင့် ငါးပိဿာချိန် တစ်သောင်းကျော်သေဆုံးမှု ထပ်မံဖြစ်ပွား   တောင်သမန်အင်းအတွင်း ရေထုညစ်ညမ်းမှုနှင့် ရေဆိုးများကြောင့် ငါးပိဿာချိန် တစ်သောင်းကျော်သေဆုံးမှု ထပ်မံဖြစ်ပွား Reviewed by THITHTOOLWIN on 08:03 Rating: 5
Powered by Blogger.