မွန်ဓားပြအဖွဲ့ဝင်များအား လက်နက်၊ ခဲယမ်းများနှင့်အတူ ရှင်းလင်းဖော်ထုတ်ရမိ


 နေပြည်တော် ၊ စက်တင်ဘာ ၁၈

 မွန်ပြည်နယ်၊ ရေးမြို့ရှိ ရေးတံတားကြီးတွင် တပ်မတော်စစ်ကြောင်း က လုံခြုံရေးဆောင်ရွက်စဉ် စက်တင်ဘာ ၃ ရက် နံနက် ၈ နာရီခန့်၌ ထားဝယ်ဘက်မှ ရေးဘက်သို့ မောင်းနှင်လာသည့် မသင်္ကာဖွယ်ရာ ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်လာသူ မွန်ဓားပြ နိုင်မွန်ချမ်းအဖွဲ့မှ အပဲ့(ခ)ဆိတ်ကလေး ၃၇နှစ်(ဘ)ဦးမောင်သိန်း၊ ခေါဇာမြို့နယ်ခွဲ၊ ဓနိသကြား ကျေးရွာတွင် နေထိုင်သူအား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ အပဲ့(ခ)ဆိတ်ကလေးထံမှ ဖော်ထုတ်ရရှိချက်အရ စက်တင်ဘာ ၄ ရက်တွင် ၄င်းကိုင်ဆောင် သည့် အေကေ-၄၇ သေနတ် ၁ လက်နှင့် ကျည်အိမ် ၃ ခုအား ဓနိသကြားကျေးရွာနှင့် မကျီးကျေးရွာ ကြား ချုံအတွင်းမှ ရှာဖွေသိမ်းဆည်းရမိခဲ့ပြီး မွန်ဓားပြများနှင့် ပတ်သက်မှုရှိသည့် မကျီးကျေးရွာနေ အနစ်အားလည်းကောင်း၊ စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် အောင်မိုး ၃၃ နှစ်(ဘ) ဦးစုန်းနှင့် အလင်း ၄၂ နှစ်(ဘ)ဦးမောင် တို့အားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများထံမှ ဖော်ထုတ်ရရှိချက်များအရ စက်တင်ဘာ ၇ ရက်တွင် ရေးမြို့ရှိ အေးချမ်းစားသောက်ဆိုင်အတွင်း ၀င်ရောက်ရှာဖွေရာ ပိုင်ရှင်အထွန်းနှင့်အတူ ခြောက်လုံးပြူး သေနတ် ၁ လက်၊ ၄င်းကျည် ၁၀ တောင့်၊ အူဇီသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမ ကျည် ၁၁ တောင့်၊ ပွိုင့်-၂၂ ကျည် ၂ တောင့်၊ မီးကျည် ၁ တောင့်၊ ၉ မမ ပစ္စတိုအတု ၁ လက်နှင့် လိုင်စင်မဲ့ မော်တော်ယာဉ် ၁ စီးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ဆက်လက်၍ အပဲ့ထံမှ ဖော်ထုတ်ရရှိချက်အရ စက်တင်ဘာ ၉ ရက် ည ၁၀ နာရီခန့်တွင် မွန်ဓားပြများ နှင့် ဆက်စပ်မှုရှိသည့် ခေါဇာကျေးရွာမှ ကွန်ဒေ့၏ နေအိမ်နှင့် ခြံဝင်းအတွင်း ၀င်ရောက်ရှာဖွေရာ ကွန်ဒေ့နှင့်အတူ ၄င်းကိုင်ဆောင်သည့် ခြောက်လုံးပြူး သေနတ် ၁ လက်၊ ၄င်းကျည် ၂၁ တောင့်၊ ဒေသန္တရလုပ် ပုလင်းမိုင်း ၁ လုံးတို့အားလည်းကောင်း၊ စက်တင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီခန့်တွင် ပေါက်ပင်ကွင်းကျေးရွာနေ အနိုင်နှင့်အတူ ၄င်းကိုင်ဆောင်သည့် ပွိုင့်-၃၈ ခြောက်လုံးပြူးသေနတ် ၁ လက်၊ ၄င်းကျည် ၆ တောင့်နှင့် လမ်းလျှောက်စကားပြောစက် ၂ လုံးတို့အား လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသော အနိုင်ထံမှ ထပ်မံဖော်ထုတ်ရရှိချက်အရ စက်တင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ပေါက်ပင်ကွင်းကျေးရွာအနီး ရာဘာခြံအတွင်း ချုံထဲမှ ပလပ်စတစ်အိတ်ဖြင့် ပတ်၍ ၀ှက်ထားသော အမ်-၁၆ သေနတ် ၁ လက်၊ ကျည်အိမ် ၁ခုနှင့် ၄င်းကျည် ၁၀ တောင့်တို့အား လည်းကောင်း၊ စက်တင်ဘာ ၁၂ ရက် နံနက် ၇ နာရီခန့်တွင် ရေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ အစင်ရွာလမ်းနှင့် ဘူတာလမ်းထောင့်နေ မွန်ချမ်းအဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိသူ အပေါင်(ခ)သိန်းဝင်း နှင့် ထွန်းအောင်တို့အား နေအိမ်အောက်ထပ်ရှိ ထင်းပုံအောက်မြေကြီးအတွင်း၌ ၀ှက်ထားသော ၄င်းတို့ ဓားပြတိုက်ရယူထားသည့် ရွှေထည်ပစ္စည်း ၉ မျိုး၊ အလေးချိန် ၁၇.၁၅၉ ကျပ်သား (ကာလတန်ဖိုး ၁၂၄ သိန်း ၉ သောင်းကျပ်ခန့်) တို့အား လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

ထပ်မံ၍ ဖော်ထုတ်ရရှိချက်များအရ တပ်မတော်စစ်ကြောင်းက ပေါက်ပင်ကွင်းကျေးရွာနှင့် ပတ်ဝန်းကျင်အား နယ်မြေရှင်းလင်းရာ စက်တင်ဘာ ၁၂ ရက် ညနေပိုင်းတွင် ရာဘာခြံအတွင်း၌ ပလပ်စတစ်စဖြင့် ထုပ်ထားသော ကာဘိုင်သေနတ် ၁ လက်၊ ၄င်းကျည်အိမ် ၁ ခု၊ ကျည် ၈ တောင့်၊ တံဆိပ်တုံး ၂ ခုတို့အားလည်းကောင်း၊ စက်တင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ချုံအတွင်း၌ ပလပ်စတစ် မိုးကာစဖြင့် ထုပ်ထားသော အေကေ-၄၇ သေနတ် ၁ လက်၊ ၄င်းကျည်အိမ် ၁ ခု၊ ကျည် ၁၅ တောင့်၊ ကာဘိုင်သေနတ် ၁ လက်၊ ၄င်းကျည်အိမ် ၁ ခု၊ ကျည် ၉ တောင့် တို့အားလည်းကောင်း သိမ်းဆည်း ရမိခဲ့သည်။ ထိုသို့ ဖော်ထုတ်ဖမ်းဆီးရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ကာလအတွင်း စက်တင်ဘာလ ၁၁ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မွန်ဓားပြ မွန်ချမ်းအဖွဲ့မှ မွန်နန်း(ခ)အနန်း (ခ)မောင်နိုင် ၃၇ နှစ်(ဘ)ဦးအောင်သည် လက်လုပ်ပစ္စတို ၁ လက်၊ ၉ မမကျည် ၈ တောင့် ဖြင့်လည်းကောင်း၊ စက်တင်ဘာလ ၁၇ ရက်ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် အောင်ထွန်း ၃၃ နှစ်(ဘ)ဦးမောင်ပုသည် ပစ္စတို ၁ လက်၊ ၄င်းကျည်အိမ် ၁ ခု၊ ကျည် ၇ တောင့်၊ အိုင်ကွန် ၁ လုံးတို့ဖြင့် လည်းကောင်း တပ်မတော် စစ်ကြောင်းများသို့ အသီးသီးအလင်းဝင်ရောက်လာခဲ့ပါသည်။

အထက်ပါဖြစ်စဉ်များတွင် အလင်းဝင်ရောက်သူ ၂ ဦး၊ မွန်ဓားပြအဖွဲ့နှင့် ဆက်စပ်လျက်ရှိသော တရားခံ ၉ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်မျိုးစုံ ၁၁ လက်၊ ရွှေထည်ပစ္စည်းမျိုးစုံ ၁၇.၁၅၉ ကျပ်သား (တန်ဖိုး ၁၂၄ သိန်း ၉ သောင်းကျပ်ခန့်) သိမ်းဆည်းရမိခဲ့သည်။ အဆိုပါဖမ်းဆီးရမိခဲ့သော တရားခံများနှင့် သိမ်းဆည်းရမိသော ပစ္စည်းများအား သက်ဆိုင်ရာမြို့နယ် ရဲစခန်းများသို့ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး စနစ်တကျလွှဲပြောင်း အပ်နှံထားပြီးဖြစ်ပါသည်။

ထိုသို့ တပ်မတော်က မွန်ဓားပြအဖွဲ့အား ဖော်ထုတ်ရှင်းလင်းပေးမှုအပေါ် ဒေသခံပြည်သူလူထုနှင့် ခရီးသွားပြည်သူများက ကျေးဇူးတင် ၀မ်းမြောက်လျက်ရှိကြောင်း သိရှိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia


မွန်ဓားပြအဖွဲ့ဝင်များအား လက်နက်၊ ခဲယမ်းများနှင့်အတူ ရှင်းလင်းဖော်ထုတ်ရမိ   မွန်ဓားပြအဖွဲ့ဝင်များအား လက်နက်၊ ခဲယမ်းများနှင့်အတူ ရှင်းလင်းဖော်ထုတ်ရမိ Reviewed by THITHTOOLWIN on 12:19 Rating: 5
Powered by Blogger.