ဖမ်းမိဆေးပြားများအတွက် USA နှင့် ပူးပေါင်းဆောင်ရွက်

ဓါတ်ပုံ - ရဲဇာနည် (fb)
      ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်၌ အရှေ့တောင်အာရှတွင် ပဏာမ အများဆုံး ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ် ဆေးပြားများနှင့် ပတ်သက်၍ တရားခံ အစစ်အမှန် ဖမ်းဆီးရမိရေးကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံတွင် လာရောက် အခြေစိုက်သော အမေရိကန်နိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ (DEA)တို့ ပူးပေါင်း ဆောက်ရွက်လျက် ရှိသည်ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီးမြင့်သိန်းက The Messenger Media သို့ပြောသည်။

      “လောလောဆယ်မှာတော့ ကျွန်တော်တို့အနေနဲ့ ဒီစိတ်ကြွ ရူးသွပ်ဆေးပြားတွေနဲ့ ပတ်သက်ပြီး ပိုင်ရှင် အစစ်အမှန် ဖော်ထုတ် ဖမ်းဆီးနိုင်ရေးအတွက် နိုင်ငံတကာ မှုခင်း ဖြတ်ကျော်ရဲတပ်ဖွဲ့(Interopol) အပါအ၀င်၊ မြန်မာနိုင်ငံ အခြေစိုက်၊ အမေရိကန်နိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဩ (DEA)နဲ့ပါ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ သူတို့ဆီကနေ သတင်း အချက်အလက်တွေ နည်းပညာ အကူအညီတွေကို ရရှိပြီး တရားခံ ဖော်ထုတ် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေပါတယ်”ဟု ရဲမှူးကြီးမြင့်သိန်းက ပြောသည်။

      ဇူလိုင်လ(၂၆)ရက်နေ့တွင်၊ မင်္ဂလာဒုံမြို့နယ်၊ စက်မှုဇုန် အိုးအိမ်အနီး (၆)လမ်းသွား လမ်းမပေါ်တွင် ကုန်သေတ္တာယာဉ် တစ်စီးအပြည့် စိတ်ကြွရူးသွပ်ဆေးပြား (၂၆၇)သိန်းကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး နောက်ပိုင်းတွင် ၎င်းနှင့်ဆက်စပ် စိတ်ကြွ ရူးသွပ်ဆေးပြားများ ထားရှိသော ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်အတွင်းရှိ နေအိမ်တစ်လုံး အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၅)သိန်းခန့် ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ် တပ်ဖွဲ့မှ သိရသည်။

      ယင်းကဲ့သို့ ရန်ကုန်မြို့အတွင်းသို့ မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့အဖြစ် အလုံးအရင်း ၀င်ရောက်လာမှုများသည် ရန်ကုန်မြို့အတွင်း မှုးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု များပြားလာသည့် အနေအထား တစ်ရပ်ဖြစ်ပြီး ပြည်ပနိုင်ငံများသို့ ဖြန့်ချိရာတွင် တံခါးပေါက်သဖွယ် အသုံးချလာသည့် အခြေအနေတွင် ရှိနေသည်ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

      မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ် ဆေးပြားများနှင့် ပတ်သက်၍ အမှုနှင့် ပတ်သက်သော သံသယရှိဖွယ် တရားခံတစ်ဦးအား ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဖမ်းဆီးရမိထားပြီး အဆိုပါ သံသယရှိဖွယ် တရားခံမှာ ယင်းအမှုနှင့် ပတ်သက်၍ လုံးဝ ဆက်စပ်မှု ရှိနေနိုင်သည်ဟု မယူဆ နိုင်သေးကြောင်းလည်း လက်ရှိ ဖမ်းဆီးစစ်ဆေးမှု ပြုလုပ်နေသော မူးယစ်တပ်ဖွဲ့မှ သိရသည်။

The Messenger Media
http://messengernewsjournal.com
ဖမ်းမိဆေးပြားများအတွက် USA နှင့် ပူးပေါင်းဆောင်ရွက်   ဖမ်းမိဆေးပြားများအတွက် USA နှင့် ပူးပေါင်းဆောင်ရွက် Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.