NCA ဆင်ပြောင်ကြီး အမြီးကျမှတစ်

 ၀၀၄-၀၀၅- သြဂတ်စ်လ ၆ ရက်နှင့် ၇ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ MPC တွင် ကျင်းပသည့် UPWC နှင့် SD ကိုးကြိမ်မြောက်ဆွေးနွေးပွဲ ပြည်ထောင်စု ငြိမ်ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့၏ ကိုးကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) ဆွေးနွေးပွဲကို ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ သြဂတ်စ်လ ၆ရက်မှ ၇ရက်နေ့အထိ ရန်ကုန် မြို့ရွှေလီ လမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန(MPC)တွင် ကျင်းပခဲ့ပြီး NCAတွင် ပါရှိသည့် အချက်အလက်များအနက် ပါဝင် လက်မှတ် ရေးထိုးမည့် တိုင်းရင်သား လက်နက်ကိုင် တော်လှန်ရေး အဖွဲအစည်းကိစ္စမှအပ စာချုပ်ပါ အချက် အလက် များအားလုံးကို ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ကြောင်း အစည်းအဝေး ပူးတွဲ ထုတ်ပြန်ချက်အရ သိရ၏။


နှစ်ဘက် သဘောတူညီမှု ရရှိထားသည့် NCA ပါ အချက် အလက်ချက် များကို ပြည်သူ လူထု အားလုံး သိရှိနိုင်ရေးအတွက် ထုတ်ပြန်ရန် နှစ်ဖက် သဘောတူ ခဲ့သည်ဟု သိရ၏။ ပြီးခဲ့သည့် ရှစ်ကြိမ်မြောက် ဆွေးနွေးပွဲတွင် ကျန်ရှိသည့် အချက်သုံးချက် အနက် NCAတွင် ပါဝင် လက်မှတ် ရေးထိုးမည့် ပုဂ္ဂိုလ်များနှင့် နိုင်ငံတကာ အသိသက်သေများ ကိစ္စရပ်တို့ကို နှစ်ဘက် သဘောတူခဲ့သည်ဟု ကြားသိရ၏။

သို့သော် လက်မှတ်ရေးထိုးမည့် တိုင်းရင်းသား အဖွဲ့အစည်းအရေအတွက်နှင့် ပတ်သက်ပြီး နှစ်ဘက် အပေးအယူ အလျှော့အတင်း မလုပ်နိုင်ခြင်းသည် NCAဆိုသည့် ဆင်ပြောင်ကြီးကို တွင်းထဲမှ ဆွဲထုတ်ရာ၌ ဆင်တစ်ကောင်လုံး လွှတ်မြောက်လာပြီးမှ ဆင်အမြီးကျ တစ်ခံနေသည့် အဖြစ်မျိုး ရောက်နေကြောင်း သိရသဖြင့် စိုးရိမ် ပူပန်မိ၏၊ ကြောင့်ကြမိ၏၊ စိတ်သောက ဖြစ်မိ၏။

ဤကိုးကြိမ်မြောက် ဆွေးနွေးပွဲမှ ရရှိထားသည့် သဘောတူချက် အားလုံးသည် တစ်နှစ်ခွဲခန့် အချိန်ယူပြီး UPWC နှင့် SD(NCCT) အကြား တရားဝင် တွေ့ဆုံ ဆွေးနွေးခြင်း ကိုးကြိမ်၊ အလွတ် သဘောတွေ့ဆုံခြင်း အကြိမ်ပေါင်း (၄၀) ကျော်တို့၏ ရလာဒ်ကောင်း၊ နှစ်ဘက်စလုံး၏ ကျားကုတ်ကျားခဲ ကြိုးပမ်းခြင်း အသီးအပွင့်များဟု ဆိုလျှင် မှားမည်မထင်ပေ။


သဘောတူညီချက်များနှင့် ပတ်သက်၍ ကိုးကြိမ်းမြောက် ဆွေးနွေးပွဲ အပြီးတွင် UPWC ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းက “ဒီစာချုပ်မှာ နောက်ဆုံးကျန်ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက မည်သူတွေက လက်မှတ်ထိုး မလဲဆိုတဲ့ ကိစ္စသာ ကျန်ပါတယ်၊ ဒီလို အောင်မြင်စွာနဲ့ ကျွန်တော်တို့ ဆွေးနွေးနိုင်တာဟာ နှစ်ဘက် ကိုယ်စားလှယ်များ ပူးပေါင်း ဆောင်ရွက် ကြလို့ပဲ ဖြစ်ပါတယ်၊ အဲဒီတော့ နောက်ဆုံးကျန်ရှိတဲ့အချက်ကို ကျွန်တော်တို့ အမြန်ဆုံး နည်းနဲ့ဖြတ်မှာပါ၊ အကယ်၍ ဒီဆွေးနွေးပွဲကြီး အောင်မြင်မယ်ဆိုရင် လက်ရေးထိုးပွဲကြီးကို ကျင်းပနိုင်တော့မှာ ဖြစ်ပါတယ်”ဟု ပြောကြားသွားခဲ့၏။

“အရေးကြီးတဲ့ အဆင့် ဖြတ်ကျော် နိုင်ဖို့နဲ့ NCA ပြီးမြောက်မှ လက်မှတ် ရေးထိုး နိုင်ပြီးရင် NCA သော့နဲ့ ဖွင့်ပြီးတော့မှ နိုင်ငံရေး ဆွေးနွေးပွဲ ကြီးကို ဝင်ရတော့မှာ ဖြစ်ပါတယ်၊ အဲဒီသော့ကလည်း နိုင်ငံတော်အစိုးရက ပေးမှ ရမှာဖြစ်ပါတယ်”ဟု SD ၏ဒုတိယအဖွဲ့ ခေါင်းဆောင် (၁) KIO မှ ဒေါက်တာ လဂျာကလည်း ဆိုသွားခဲ့၏။

ဒီတော့က UPWC နှင့် SD အကြား ဘယ်လိုမှ ညှိနှိုင်းမရ နိုင်သေးတဲ့ All Inclusiveness ဆိုသည့် လက်မှတ် ရေးထိုးရာတွင် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ရေး ဆိုသည့်အချက်ကို အသေးစိတ် လေ့လာ၍ အလုံးစုံစေ့ငုံ သုံးသပ်ကြည့် ကြရအောင်လား။

ခုနှစ်ကြိမ်မြောက် NCA ဆွေးနွေးပွဲ မတိုင်မီ ကတည်းက အစိုးရဘက်မှ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်း ၆ ဖွဲ့ဖြစ်သည့် ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)/ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရက္ခိုင့် တပ်မတော် (AA) ၊ ရခိုင် အမျိုးသား ကောင်စီ (ANC) ၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ (LDU) ၊ ဝအမျိုးသား အဖွဲ့ချုပ် (WNO) နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် −ကိုးကန့် အဖွဲ့ (MNDAA)တို့အား NCAတွင် ပါဝင် လက်မှတ် ရေးထိုးခြင်းကို လုံးဝ လက်မခံကြောင်း ယတိပြတ် ထုတ်ဖော်ပြောကြား ထားခဲ့ပြီးဖြစ်၏။

TNLA ၊ AA ၊ MNDAA တို့ကို အစိုးရ တပ်မတော်နှင့် လက်ရှိ တိုက်ပွဲများ ဖြစ်ပွါးနေ၍ Bilateral Agreement အရင်ဆုံး ထိုးပြီးမှသာ NCA တွင် ပါဝင် လက်မှတ် ရေးထိုးခြင်းကို လက်ခံစဉ်းစား မည်ဖြစ်ကြောင်း ဆိုပြီး ANC ၊ LDU ၊ WNO တို့ကျတော့ တပ်အင်အား မရှိခြင်း ၊ ထိန်းချုပ် နယ်မြေမရှိခြင်း ၊ အဖွဲ့အစည်း အင်္ဂါလက္ခဏာများ မပြည့်စုံခြင်း တို့ကြောင့် ဆွေးနွေးဖော် ဆွေးနွေးဖက်အဖြစ် အစိုးရက သတ်မှတ်ခြင်း မရှိသဖြင့် NCA တွင် လက်မှတ်ထိုးခြင်း ခွင့်ပြုမည် မဟုတ်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲ ကျမှသာ ပါဝင်ခွင့် ပေးမည်ဖြစ်ကြောင်း MPC အဆိုအရ သိရ၏။

အစိုးဘက်က ပြောသည်မှာ လက်မှတ် ရေးထိုးရာတွင် တိုင်းရင်းသား အဖွဲ့အစည်း ၁၄+၁ ကို လက်ခံ ကြောင်းဆို၏။ ၁၄+၁ ဆိုသည်မှာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပဏာမ အပစ်ရပ် စာချုပ်များ(Preliminary Ceasefire Agreement) လက်မှတ် ရေးထိုး ထားသည့် တိုင်းရင်းသား အဖွဲ့အစည်း ၁၄ ဖွဲ့ နှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) တို့ကို ဆိုလိုခြင်း ဖြစ်၏။

ပဏာမ အပစ်ရပ် စာချုပ်များ လက်မှတ် ရေးထိုးထားခဲ့သည့် တိုင်းရင်းသား အဖွဲ့အစည်း ၁၄ ဖွဲ့ မှာ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP) ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF) ၊ ချင်း အမျိုးသား တပ်ဦး (CNF) ၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်ငြိမ်း ချမ်းရေးကောင်စီ (KPC-KNU/KNLA-PC) ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်− မိုင်းလားအဖွဲ့ (NDAA) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) ၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ၊ သျှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ (RCSS) နှင့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ ဖြစ်ကြ၏။


တိုင်းရင်းသား အဖွဲ့အစည်းများ ဘက်က တောင်းဆိုသည်မှာ လက်မှတ် ရေးထိုးရာတွင် အနည်းဆုံး တိုင်းရင်းသား အဖွဲ့အစည်း ၁၆+၁ကို ပါဝင်စေလို၏။ အဖွဲ့အစည်း ၁၆+၁ဆိုသည်မှာ NCCT တဖြစ်လဲ SDအဖွဲ့ဝင်တွေ ဖြစ်ကြသည့် တိုင်းရင်းသား အဖွဲ့အစည်း ၁၆ဖွဲ့ နှင့် ABSDF တို့ဖြစ် ကြောင်း သိရ၏။

SD ဘက်က အဆိုပြုထားသည့် တိုင်းရင်းသား အဖွဲ့အစည်း ၁၆ဖွဲ့ မှာ ရက္ခိုင့် တပ်မတော် (AA) ၊ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP) ၊ ရခိုင် အမျိုးသားကောင်စီ (ANC) ၊ ချင်း အမျိုးသား တပ်ဦး(CNF) ၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA) ၊ ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ကရင် အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KPC-KNU/KNLA-PC) ၊ လားဟူ ဒီမိုကရက်တစ်ယူနီယံ (LDU) ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် −ကိုးကန့်အဖွဲ့ (MNDAA) ၊ မွန်ပြည် သစ်ပါတီ (NMSP) ၊ ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)/ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP) နှင့် ဝအမျိုးသား အဖွဲ့ချုပ် (WNO) တို့ဖြစ်ကြောင်း သိရ၏။

SD အဆိုပြုထားသည့် အဖွဲ့အစည်း ၁၆+၁ ထဲတွင် ၁၂ ဖွဲ့က ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အဖွဲ့ဝင်များ ဖြစ်ကြပြီး ကျန်အဖွဲ့ အစည်းများကလည်း UNFC ၏ ဆက်စပ်မိတ်ဖက် အဖွဲ့အစည်းများသာ ဖြစ်ကြသည်ကို တွေ့ရ၏။ UNFC နှင့် SD အဖွဲ့ဝင် မဟုတ်သော အင်အားကြီးမားသည့် ရှမ်းပြည်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များဖြစ်ကြသည့် NDAA ၊ RCSS ၊ UWSA နှင့် စစ်ကိုင်းတိုင်း ဒေသကြီး အခြေစိုက် NSCN-K တို့အား အဖွဲ့အစည်း ၁၆+၁ ထဲတွင် ထည့်သွင်းမထားသည်ကို အံ့သြစွာ တွေ့ရ၏။


အစိုးရက ပြောသည့် တိုင်းရင်းသား အဖွဲ့အစည်း ၁၄+၁ တွင် NDAA ၊ RCSS ၊ UWSA ၊ NSCN-K တို့ ပါဝင်ပြီး အခြားတိုင်းရင်းသား ၆ဖွဲ့ဖြစ်ကြသည့် AA ၊ ANC ၊ LDU ၊ MNDAA ၊ PSLF/TNLA ၊ WNO တို့ အား ချန်ထားခဲ့၏။ SD တင်ပြသည့် တိုင်းရင်းသား အဖွဲ့အစည်း ၁၆+၁ တွင် AA ၊ ANC ၊ LDU ၊ MNDAA ၊ PSLF/TNLA ၊ WNO ပါဝင်ပြီး NDAA ၊ RCSS ၊ UWSA ၊ NSCN-K တို့အား ချန်ရစ်ထားပစ် ခဲ့သည်ကို တွေ့ရ၏။

ကိုးကြိမ်မြောက် ဆွေးနွေးပွဲတွင် အထက်ပါ တိုင်းရင်းသား အဖွဲ့အစည်း ၁၄+၁ ပုံစံနှင့် ၁၆+၁ ပုံစံတို့ကို နှစ်ဘက်စလုံးက အလျှော့မပေးကြဘဲ ခပ်တင်းတင်း ကိုယ့်ရပ်တည်ချက် အပေါ်တွင်သာ ခိုင်ခိုင်မာမာ ဆုပ်ကိုင် ဆွေးနွေးသွားခဲ့ ၍ NCA ဆင်ပြောင်ကြီး အမြီးကျမှတစ်ရခြင်း ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်သူတစ်ဦးမှ ဖွင့်ဟပြောပြခဲ့၏။

UPWC က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ (UPWCC)က ချမှတ်ပေးသည့် မူအတိုင်း စွဲစွဲမြဲမြဲ ကိုင်၍ ဆွေးနွေးသွားခဲ့သလို SD ကလည်း တိုင်းရင်းသား ထိပ်သီး အစည်းအဝေးမှ လမ်းညွှန် ချမှတ်ပေးသည့် မူဘောင် အတွင်း၌သာ ပြောဆိုဆွေးနွေးပြီး နှစ်ဘက်စလုံးက သံတမန်ဆန်ဆန် ပျော့ပျောင်းစွာ အလျှော့အတင်းလုပ်ကာ မညှိနှိုင်းနိုင်ခဲ့ သဖြင့် NCA လိပ်ခဲတည်းလည်း ဖြစ်သွားခဲ့ရကြောင်း သိရ၏။

တပ်မတော်ဘက်က ကြည့်မည်ဆိုလျှင် သူနှင့် စဉ်ဆက်မပြတ် တိုက်ပွဲများ ဖြစ်ပွါးနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ဖက်လဲတကင်း မိတ်ဆွေရင်း ချာကဲ့သို့ ချက်ချင်း လက်ခံဖို့ဆိုသည်မှာ လွန်စွာမှ ခက်ခဲမည် ဖြစ်သလို တပ်အင်အား အခံမရှိသည့် တိုင်းရင်းသား အဖွဲ့ငယ်များအား အောက်ကျို့ခံပြီး လက်ငင်း တန်းတူ ဆက်ဆံ မျက်နှာသာပေး အလေးထားဖို့ ဆိုသည်မှာ မည်မျှခဲယဉ်းမွန်းကြပ်မည် ဆိုသည်ကို အများစု နားလည်ရန်အတွက် အချိန်များစွာ စောင့်ရမည်ထင်၏။

ထို့အတူ တိုင်းရင်းသားများ ဘက်က မိမိတို့၏ ရဲဘော်ရဲဘက်၊ မဟာမိတ်၊ သွေးချင်း ညီအစ်ကိုလို နှစ်ပေါင်းများစွာ လက်တွဲလာခဲ့သည့် အဖွဲ့ဝင် အချင်းချင်းတို့ကို လက်မှတ်ထိုးခါနီး ပန်းတိုင် ရောက်ခါနီးမှ လက်တွဲဖြုတ်ခြင်း မျိုးမလုပ်လိုခြင်း၊ ဘဝတူ တိုင်းရင်းသားဖြစ်ခြင်း၊ ကံကြမ္မာချင်း ဆက်စပ်နေခြင်း၊ စုပေါင်း စုစည်းထားသည့် အင်အားစုဖြစ်ခြင်း၊ ကိုယ့်အချင်းချင်း အပေါ် သစ္စာဖောက်ရာ ရောက်မည့် လုပ်ရပ်များ မဆောင်ရွက်လိုခြင်း စသည်တို့ကြောင့် ၁၆+၁ ပုံစံအား အဆိုပြုသည်ကို အများစုက နားလည် သဘောပေါက် ကိုယ်ချင်းစာမိမည် ထင်၏။

တစ်ဆို့မှုများနှင့် ထစ်ငေါ့မှုများကို ဖြေရှင်းနိုင်ရေး ရည်ရွယ်၍ ကိုးကြိမ်မြောက် ဆွေးနွေးပွဲတွင် SDက တိုင်းရင်းသား ထိပ်သီး ခေါင်းဆောင်များနှင့် နိုင်ငံတော်ထိပ်ပိုင်း ခေါင်းဆောင်များ ဖြစ်ကြသည့် သမ္မတ ဦးသိန်းစိန်၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် နေပြည်တော် တွင် တွေ့ဆုံ ဆွေးနွေးနိုင်ရေး အဆိုပြု တင်ပြခဲ့သည်ဟု ကြားသိရ၏။ ဤကိစ္စအပေါ် အစိုးရ၏ သဘောထား မည်သို့ ရှိသည်ကို ယခုအထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

NCAနှင့် ပတ်သက်သည့် နောက်ထပ် အစည်းအဝေး မည်သည့်အချိန် မည်သည့်နေရာ၌ ကျင်းပမည် မကျင်းပမည်ကိုလည်း ယခုအထိ သဲသဲကွဲကွဲ မသိရသေးပေ။ သေချာတာကတော့ NCAအပြီးသတ် လက်မှတ်ရေးထိုးနိုင်ရေးသည် ယခုအခါ တစ်ဆို့နေပြီး မည်သည့် နည်းလမ်း သုံး ကာ ချဉ်းကပ် အဖြေရှာမည်နည်း ဆိုသည်ကို စောင့်ကြည့်ရုံသာ ရှိတော့၏။

NCA တွင် ပါသည့်အတိုင်း လက်မှတ်ထိုးပြီး နှစ်လအတွင်း နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲကြီး ကျင်းပရေးနှင့် သုံးလအတွင်း နိုင်ငံရေး ဆွေးနွေးပွဲကြီး ကျင်းပခြင်းတို့သည် ဤအခြေအနေ အတိုင်း ဆိုပါက ဖြစ်နိုင်ချေ အလွန်နည်းသွားပြီ ထင်၏။ နှစ်ဘက်စလုံး အားခဲအားထည့် ကြိုးစားခဲ့သမျှ သဲထဲ ရေသွန်သလိုသာ ဖြစ်သွားပြီ ထင်၏။ အဲဒီလို မဖြစ် ပါစေနှင့်ဟုသာ အခါခါဆုတောင်း၏။

နှစ်ဘက်စလုံး မာန်မာနတွေ ခဝါချပြီး တိုင်းရင်းသား အများ ပြည်သူ လူထု အားလုံး ကောင်းကျိုးအတွက် အပေးအယူလုပ် ၊ နုတ်သင့်တာနုတ် ၊ ဆုတ်သင့်တာဆုတ် ၊ လျှော့သင့်တာလျှော့ ပူးပေါင်း လုပ်ဆောင်၍ ငြိမ်းချမ်းရေး သမိုင်းတရားခံဆိုသည့် တံဆိပ်မည်းကြီး အတပ် မခံရလေအောင်နှင့် မိမိတို့ လက်ထက်ကျမှ NCA ဆင်ပြောင်ကြီး အမြီးတစ် ဆိုတာမျိုး သမိုင်းမှာ စာမတင်ရလေအောင် UPWC နှင့် SD တို့မှ NCA စာချုပ်ကြီး အပြီးသတ် လက်မှတ် ရေးထိုး နိုင်ရေးအတွက် တတ်စွမ်းသရွေ့ ဆောင်ရွက် သွားကြပါရန် တိုက်တွန်းလှုပ်နှိုးပါ၏။

သြဂတ်စ်လ ၉ ရက် ၂၀၁၅

ဆောင်းပါး ပါအချက် အလက်နှင့် အာဘော်များသည် ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။ သျှမ်းသံတော်ဆင့်၏ အာဘော် မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။ (အယ်ဒီတာ)

ဆောင်းပါးရှင် - စစ်မင်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
NCA ဆင်ပြောင်ကြီး အမြီးကျမှတစ်  NCA ဆင်ပြောင်ကြီး အမြီးကျမှတစ် Reviewed by သစ်ထူးလွင် on 20:52 Rating: 5
Powered by Blogger.