အီရတ်မှာ IS ကားဗုံးခွဲ၊ ဒါဇင်ချီ သေဆုံး

လူ​စည်​ကား​တဲ့ ​ဈေး​ထဲ​ကို IS ​အ​ဖွဲ့​က ​ထ​ရပ်​ကား​နဲ့ ​ဗုံး​ခွဲ ​တိုက်​ခိုက်​ခဲ့။ 
 အီရတ် နိုင်ငံ၊ ဘဂ္ဂဒက်မြို့ အရှေ့မြောက်ပိုင်းမှာ ကားဗုံးခွဲ တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၅၉ ယောက် သေဆုံး သွားတယ်လို့ အီရတ် အရာရှိတွေက ပြောပါတယ်။

ဘဂ္ဂဒက် အရှေ့မြောက်ဘက်၊ ဆာ့ဒါ Sadr မြို့က ရှီးယား မွတ်ဆလင်တွေ အများစု နေထိုင်ရာ ရပ်ကွက်အတွင်း လူစည်ကားတဲ့ ဈေးထဲကို ထရပ်ကား တစ်စီးနဲ့ ဗုံးခွဲ တိုက်ခိုက် ခဲ့တာပါ။

ဆွန်နီ ဂျီဟတ် အဖွဲ့ဖြစ်တဲ့ အစ္စလာမ္မစ် နိုင်ငံအဖွဲ့ IS က ဒီတိုက်ခိုက်မှုဟာ သူတို့ လက်ချက် ဖြစ်ပြီး ရှီးယား စစ်သားတွေကို ဦးတည် တိုက်ခိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

တချိန်တည်းမှာ သီးခြား ဖြစ်ရပ် အနေနဲ့ ဘဂ္ဂဒက်မြို့ အနောက်ဘက်က ဖလူဂျာ မြို့မှာ အီရတ် အစိုးရ လေတပ်က IS အဖွဲ့အပေါ် ဗုံးကြဲ တိုက်ခိုက်မှု တစ်ခုအတွင်း ဆေးရုံ တစ်ရုံကို ထိမှန်ပြီး အရပ်သား ၂၀ ကျော် သေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ဖလူဂျာ မြို့ကို IS အဖွဲ့က ၂၀၁၄ ခုနှစ် ဇန်နဝါရီ လကတည်းက သိမ်းပိုက် ထားတာ ဖြစ်ပါတယ်။

အစောပိုင်းကတော့ အမေရိကန် ထိပ်တန်း ဗိုလ်ချုပ် တစ်ဦးက IS အဖွဲ့ကို ချေမှုန်းရာမှာ တိုးတက်မှုတွေ မရှိခဲ့ရင် အမေရိကန် တပ်သားတွေကို ပို့လွှတ်ပြီး အီရတ် တပ်တွေနဲ့အတူ တိုက်ခိုက်ဖို့ စဉ်းစားမယ်လို့ ပြောခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
အီရတ်မှာ IS ကားဗုံးခွဲ၊ ဒါဇင်ချီ သေဆုံး   အီရတ်မှာ IS ကားဗုံးခွဲ၊ ဒါဇင်ချီ သေဆုံး Reviewed by သစ်ထူးလွင် on 09:09 Rating: 5
Powered by Blogger.