ဗိုလ်ချုပ်မူးကြီးဟောင်း ဦးသန်းရွှေ ကျူးလွန်ခဲ့သည်များကို အများပြည်သူ သိရှိစေရန် တရားစွဲခြင်းဟုဆို


            ဗိုလ်ကြီးမူးကြီးဟောင်း ဦးသန်းရွှေကို တရားစွဲဆိုရခြင်းမှာ ၎င်းကျူးလွန်ခဲ့မှုများကို အများပြည်သူ သိရှိစေရန် ရည်ရွယ်ပြီး တရားစွဲဆိုရခြင်း ဖြစ်ကြောင်း ၁၉၉၀ ပြည့်နှစ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့အတွင်းရေးမူး ဒေးဗစ်လှမြင့်က ပြောသည်။

          ''နိုင်ငံတော် အဆင့်တွေကို စွဲရမှာ ဖြစ်တဲ့အတွက် တိုင်းတရားရုံးက စပြီးစွဲမှာပါ။ ရန်ကုန်တိုင်း ဒေသကြီး တရားရုံးက စွဲမယ်။ ရာဇ၀တ်ကြောင်း အရစွဲမှာပါ။ ပြစ်မှုကျူးလွန်သူ အနေနဲ့ပါ၊ တရားမကြောင်းနဲ့ နောက်တစ်မျိုး ဆက်စွဲမှာပါ။ လွှတ်တော် ကိုယ်စားလှယ်တွေ နစ်နာခဲ့တဲ့ အတွက်ကြောင့်ပေါ့။ အခုလောလောဆယ် ကတော့ ပြစ်မှုကျူးလွန်သူ အနေနဲ့ပဲ အရင်စွဲမယ်'' ဟု ၎င်းကဆိုသည်။

          အဆိုပါ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို ဥပဒေနှင့် အညီ ကျင်းပခဲ့ပြီး ကျင်းပ ပေးသောအစိုးရက လွှတ်တော် ခေါ်ယူရန်နှင့် အာဏာ လွှဲပြောင်းပေးရမည့် လုပ်ငန်းစဉ်များအား ပျက်ကွက်ခဲ့ခြင်းကြောင့် ကြည့်မြင်တိုင် မြို့နယ် ၁၉၉၀ ပြည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းက ယခုလအတွင်း တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

          ''၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ တိုင်အောင် အကောင်အထည် မဖော်ဘဲနဲ့ ပျက်ကွက်ခဲ့တဲ့ ကိစ္စ၊ ၁/၉၀ နဲ့လည်း မညီဘူး။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ဥပဒေနဲ့လည်း မငြိစွန်းတဲ့ အတွက် ဒါကို ဥပဒေအရ အရေးယူ ဆောင်ရွက်ဖို့ လိုအပ်ချက် ရှိတယ်ပေါ့။ အမှုက တရားမကြောင်းနဲ့လည်း စွဲလို့ရသလို ပြစ်မှုကြောင်းနဲ့လည်း စွဲလို့ရတာတွေ ရှိပါတယ်'' ဟု တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

          ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၄၅ တွင် ''ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့၏ မူဝါဒ လမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့် ပြန်တမ်းများ၊ ကြေညာချက်များကို လည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကို လည်းကောင်း ဆက်ခံသည်။

              ယင်းအဖွဲ့ ၊ သို့မဟုတ် အဖွဲ့ဝင် တစ်ဦးဦး၊ သို့မဟုတ် အစိုးရ အဖွဲ့ဝင် တစ်ဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ အပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း အရေးယူခြင်း မရှိစေရ'' ဟူ၍ ဖော်ပြထားသည်။

          ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃ တွင်လည်း 'မည်သည့် ပြစ်မှုဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန် အာဏာ သက်ရောက်စေရန် ပြဋ္ဌာန်းခွင့် မရှိစေရ'' ဟူ၍ ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

          ယင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၄၅ အရ တရားစွဲဆိုခွင့် မရှိကြောင်း ပြဋ္ဌာန်းထားပြီး ဆိုကာတိုင်း တရားရုံးမှ ပယ်ချမည် ဆိုပါက ဗဟို တရားရုံးချုပ်အထိ ထပ်မံအဆင့်ဆင့် တက်သွားမည် ဖြစ်ကြောင်းနှင့် တရားစွဲဆိုရခြင်းမှာ ယခင်စစ်အစိုးရ လက်ထက်တွင် ပျက်ကွက်ခဲ့သည်များကို အများ ပြည်သူ သိရှိစေရန် ဖြစ်ကြောင်း ဦးဒေးဗစ်လှမြင့်က ပြောသည်။

          ''တရားမမှုဆိုတာ အမျိုးမျိုးရှိတဲ့အတွက် ကာလစည်းကမ်း သက်ထဲမှာစွဲရတယ်။ ၉၀ ပြည့်ရွေးကောက်ပွဲ ကလည်း နှစ် (၂၀) ကျော်သွားပြီ။ ကာလစည်းကမ်း သက်က (၁၂) အထိပဲ ရှိတယ်။ ဘယ်လိုအမှုမျိုးပဲဖြစ်ဖြစ် (၁၂) နှစ်ထက် မကျော်ဘူးကိုး။ သူတို့က ဘယ်လို အမျိုးအစားမျိုး စွဲမယ်ဆိုတာ မပြောတတ်ဘူးလေ။ တစ်ခုတော့ ရှိတယ်။ သူတို့ကို စွဲမယ်ဆိုရင် ကာလစည်းကမ်း သက်ရှိတယ်။ အဲဒါကိုဝင်ဖို့လိုတယ်'' ဟု တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

          ကာလ စည်းကမ်းသက် ဥပဒေ ဆိုသည်မှာ သတ်မှတ်ထားသည့် ကာလအတွင်း တရားစွဲဆိုခွင့် ရှိပြီး သတ်မှတ် ကာလကျော်လွန်ပါက တရားစွဲဆို၍ မရတော့ကြောင်း၊ သတ်မှတ် ကာလမှာ အများဆုံး (၁၂) နှစ်အထိ ရှိကြောင်းနှင့် (၁၂) နှစ် ကျော်လွန်ပါက ကာလစည်းကမ်းသက်နှင့် သက်ဆိုင်သော ဥပဒေများကို တရားစွဲဆိုခွင့် မရှိတော့ကြောင်း ဥပဒေ ကျွမ်းကျင်သူ တစ်ဦးက ပြောသည်။

          ''ကာလ စည်းကမ်းသက် ဥပဒေနဲ့ မဆိုင်ဘူးလို့ ထင်တယ်ဗျ။ ခုဟာက ဘာလို့လဲ ဆိုတော့ နိုင်ငံတော် အဆင့်ဖြစ်တဲ့ ပြဿနာကြီးဗျ။ တစ်ခုတော့ ရှိတယ်ပေါ့ဗျာ။ ကျွန်တော်တို့ ရည်ရွယ်ချက်က ဘယ်လိုပဲ ဥပဒေနဲ့ ပြဋ္ဌာန်းထား ပြဋ္ဌာန်းထား ကျွန်တော်တို့က ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်ကိုလုပ်မှာပဲ။ သူတို့ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကာကွယ် ထားတာပေါ့။

             ကျွန်တော်တို့ နိုင်ငံရေး အရ စွဲတာ ဖြစ်တဲ့အတွက် ရာဇ၀တ်ကြောင်း အရ ဖြစ်ဖြစ်၊ တရားမကြောင်းအရ ဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် စွဲမယ်။ သူတို့ ဖောက်ဖျက် ကျူးလွန်ခဲ့တယ် ဆိုတာ ပြည်သူတွေ သိစေချင်လို့ စွဲတာပါ'' ဟု ဦးဒေးဗစ်လှမြင့်က ဆိုသည်။

          ယင်းကဲ့သို့ တရားစွဲဆိုပါက နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်လာနိုင်ကြောင်း သုံးသပ် ဝေဖန်မှုများ ရှိနေမှုအပေါ်'' နိုင်ငံရေးက မတည်မငြိမ် ဖြစ်စရာ အကြောင်း မရှိပါဘူး။ တရားဥပဒေ စိုးမိုးမှုက တကယ်ပဲ ဖြောင့်ဖြောင့်မှန်မှန် မရှိတဲ့ ကာလမှာ ကျွန်တော်တို့ သွားလုပ်လည်း ပယ်မှာပဲ၊ အဲဒါကြောင့် ပြဿနာ မရှိနိုင်ပါဘူး'' ဟု ၎င်းကရှင်းပြသည်။

          ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပစဉ်က အစိုးရမှ လွှတ်တော် ခေါ်ယူမည်ဟု ဆိုကာ ပျက်ကွက်ခဲ့ကြောင်း၊ ထို့နောက် ညောင်နှစ်ပင် ညီလာခံကို ခေါ်ယူခဲ့ခြင်းမှာလည်း ပွင့်လင်း မြင်သာမှု မရှိကြောင်း ၁၉၉၀ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ထံမှ သိရသည်။

ရဲကျော်ထက်
The Messenger Media
http://messengernewsjournal.com
ဗိုလ်ချုပ်မူးကြီးဟောင်း ဦးသန်းရွှေ ကျူးလွန်ခဲ့သည်များကို အများပြည်သူ သိရှိစေရန် တရားစွဲခြင်းဟုဆို   ဗိုလ်ချုပ်မူးကြီးဟောင်း ဦးသန်းရွှေ ကျူးလွန်ခဲ့သည်များကို အများပြည်သူ သိရှိစေရန် တရားစွဲခြင်းဟုဆို Reviewed by THITHTOOLWIN on 08:21 Rating: 5
Powered by Blogger.