တရားမ၀င် ငွေကြေး စီးဆင်းမှုကို စနစ်တကျ ထိန်းချုပ်ရန်လိုအပ်

 မင်္ဂလာဒုံ မြို့နယ်တွင် ကားတစ်စီး အပြည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပြီး၊ ကာလတန်ဖိုး အရ ကျပ် (၁၃၃ ဒသမ ၅) ဘီလီယံခန့် ။ ဓါတ်ပုံ - ရဲဇာနည်
  ရန်ကုန် ၊ သြဂုတ် ၁

            မြန်မာနိုင်ငံတွင် တရားမ၀င် ငွေကြေး စီးဆင်းမှု ပမာဏ များပြားလာမှုကို စနစ်တကျ ထိန်းချူပ်ရန် လိုအပ်နေပြီး ထိန်းချုပ်နိုင်မှု မရှိလျှင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရိုက်ခတ်ကာ အခြေခံ လူတန်းစားများ၏ စားဝတ်နေရေးကိုပါ ထိခိုက်လာမည် ဖြစ်ကြောင်း စီးပွားရေး နယ်ပယ်များမှ ပုဂ္ဂိုလ်များ၊ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး အဖွဲ့မှ ပုဂ္ဂိုလ်များက သုံးသပ် ပြောကြားသည်။

            ငွေမည်းများကို ပြည်တွင်းတွင် ငွေဖြူအဖြစ် ပြောင်းလဲခ၀ါ ချနေသော လုပ်ငန်းများ အနက် မူးယစ် ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု လုပ်ငန်းများလည်း ပါဝင်နေသည်။ တရားမ၀င် လုပ်ငန်းများမှ ရရှိလာသော ငွေကြေးများကို ငွေဖြူအဖြစ် ပြောင်းလဲကာ ငွေကြေးခ၀ါချမှု ပြုလုပ်ရာတွင် အိမ်ခြံမြေ ကဏ္ဍတွင် အများဆုံး ရင်းနှီးမြုပ်နှံမှု ပြုလုပ်နေကြကြောင်း ငွေကြေး ခ၀ါချမှု တိုက်ဖျက်ရေး ဆောင်ရွက်သူများနှင့် အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

            အိမ်ခြံမြေ ကဏ္ဍအပြင် ကုမ္ပဏီ ထူထောင်ခြင်း၊ ကျောက်မျက်ရတနာ ရောင်းဝယ်ခြင်း အစရှိသည့် လုပ်ငန်းများတွင်လည်း ငွေကြေး ခ၀ါချမှုများ ရှိနေကြောင်း မြန်မာနိုင်ငံ ငွေကြေးခ၀ါချမှု စုံစမ်းစစ်ဆေးရေး အဖွဲ့ထံမှ သိရသည်။

            ''မူးယစ် ဗဟိုကနေ စစ်ဆေးပြီး ငွေမည်း ပြဿနာတွေ ရှိနေတယ် ဆိုရင်တော့ ကျွန်တော်တို့ ဗဟိုကို လွှဲပါတယ်။ အဲဒါကျရင်တော့ ကျွမ်းကျင်တဲ့ ဘုတ်အဖွဲ့ဝင်တွေနဲ့ ဆက်လက် စစ်ဆေး ဆောင်ရွက်မှုတွေ ပြုလုပ်ပါတယ်'' ဟု ငွေကြေးခ၀ါချမှု စုံစမ်းစစ်ဆေးရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

            ပြီးခဲ့သည့် သီတင်းပတ်က မင်္ဂလာဒုံ မြို့နယ်တွင် ကားတစ်စီး အပြည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပြီး၊ ကာလတန်ဖိုး အရ ကျပ် (၁၃၃ ဒသမ ၅) ဘီလီယံခန့် ပမာဏ ရှိကြောင်း နေပြည်တော် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဌာနက သတင်း ထုတ်ပြန်ထားသည်။ အဆိုပါ ပမာဏသည် မြန်မာနိုင်ငံတွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး အမှုများအနက် အများဆုံး ပမာဏ ဖြစ်သည်။

            ''ဒီလောက်များတဲ့ ပမာဏက ဖမ်းမိတဲ့ ပမာဏပဲ ရှိသေးတယ်။ မမိလို့ လွတ်သွားတဲ့ ပမာဏက ဘယ်လောက် အတိုင်းအတာ အထိ များပြားနေလဲ ဆိုတာ မှန်းဆလို့ မရဘူး။ ဒီပမာဏတွေသာ လွတ်သွားခဲ့ရင် စီးပွားရေး လောကကို ဂယက်တစ်ခု ဖြစ်သွားစေနိုင်ပါတယ်'' ဟု စွန့်ဦးတီထွင် ဦးရဲမြင့်က ပြောသည်။

            ငွေကြေး ခ၀ါချမှုသည် ကျပ်ငွေ တန်ဖိုး ကျဆင်းလာခြင်းနှင့် တိုက်ရိုက် သက်ဆိုင်ကြောင်းလည်း သိရသည်။

            ''အခုဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ တန်ဖိုးငွေ ပမာဏနဲ့ ညီမျှတဲ့ တခြား ကုန်စည်တွေ တကယ့် တရားဝင် လမ်းကြောင်းက မှန်မှန်ကန်ကန် ၀င်လာခဲ့ရင် တိုင်းပြည်အတွက် ကောင်းမွန်တဲ့ ၀င်ငွေ ဖြစ်ပေါ်စေမှာပါ။ အခုလိုမျိုး မူးယစ် ဆေးဝါးတွေ မဖမ်းမိဘဲ လွတ်သွားလို့ အဲဒီက ရလာတဲ့ တရားမ၀င် ငွေမည်းတွေကို ငွေကြေးခ၀ါချပြီး ပြည်တွင်း ဈေးကွက်မှာ ပြန်လည် စီးဆင်း လာခဲ့မယ်ဆိုရင် မြန်မာ ကျပ်ငွေတန်ဖိုး အပြောင်းအလဲ တစ်ခု ဖြစ်လာနိုင်ပါတယ်'' ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။

            ''ဒီလိုတရားမ၀င် ငွေကြေးတွေ ဈေးကွက်ထဲ ၀င်လာမယ်ဆိုရင် ငွေကြေး ဖောင်းပွမှုတွေ ဖြစ်လာမယ်။ ငွေကြေး ဖောင်းပွမှုတွေ ဖြစ်လာတော့ ၀င်ငွေနည်းတဲ့ အခြေခံ ပြည်သူတွေကို ထိခိုက် စေနိုင်ပါတယ်။ ငွေမည်းတွေ ဈေးကွက် အတွင်း ၀င်ရောက်လာမှုကြောင့် ဈေးကွက်ရဲ့ ဖြစ်ရိုးဖြစ်စဉ် တည်ငြိမ်မှုကို ပျက်ပြား စေနိုင်ပါတယ်။ ကုန်ကုန် ပြောရရင် ကုန်စည် ဈေးနှုန်းတွေ မြင့်တက်စေပါတယ်'' ဟု ငါးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောသည်။

            ငွေမည်း ခ၀ါချမှု များပြားလာလေလေ နိုင်ငံတော် အတွက် အခွန်အခ ဆုံးရှုံးမှု များလာလေလေ ဖြစ်သည်။

            ''ငွေကြေး ခ၀ါချမှုကြောင့်  ကျပ်ငွေတန်ဖိုး ကျဆင်းရင် ဒေါ်လာ ဈေးတက်လာမယ်။ ဒေါ်လာဈေး တက်လာရင် ဒေါ်လာနဲ့ ၀ယ်ယူ တင်သွင်းရတဲ့ သွင်းကုန် လုပ်ငန်းတွေ ရပ်ဆိုင်းမှု ဖြစ်လာနိုင်တယ်'' ဟု မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဘဏ်မှ အငြိမ်းစား ဘဏ်အရာရှိ တစ်ဦးက ပြောသည်။

            တရားမ၀င် လုပ်ငန်းများမှ ရရှိလာသော ၀င်ငွေများကို တရားဝင် ငွေကြေးအဖြစ် ပြောင်းလဲရန် ကြိုးစားနေမှုများကို လျော့နည်း ကျဆင်းစေရန် ခိုင်မာတိကျသော ဥပဒေများနှင့် ထိရောက် စနစ်ကျသော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သင့်ကြောင်း ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး အဖွဲ့နှင့် စီးပွားရေး နယ်ပယ်မှ ပုဂ္ဂိုလ်များက သုံးသပ်ကြသည်။        

ဇေယျာဟိန်း
The Messenger
http://www.messengerdaily.com
တရားမ၀င် ငွေကြေး စီးဆင်းမှုကို စနစ်တကျ ထိန်းချုပ်ရန်လိုအပ်   တရားမ၀င် ငွေကြေး စီးဆင်းမှုကို စနစ်တကျ ထိန်းချုပ်ရန်လိုအပ် Reviewed by သစ်ထူးလွင် on 04:49 Rating: 5
Powered by Blogger.