တရုတ်နိုင်ငံရှိ တိရစ္ဆာန်ရုံ၌ ဦးခေါင်းနှစ်လုံးပါမြွေတစ်ကောင် မွေးမြူထား


 နန်နင်း သြဂုတ် ၁၃

 တရုတ်နိုင်ငံ အနောက်တောင်ပိုင်း နန်နင်းမြို့ရှိ တိရစ္ဆာန်ရုံတစ်ရုံသည် မကြာသေးမီက ဦးခေါင်းနှစ် လုံးပါမြွေဟောက်တစ်ကောင်အား မွေးစားလိုက်ကြောင်း သိရသည်။ အဆိုပါရှားပါးသတ္တဝါမှာ ၁၅ ရက်ကြာ အသက်ရှင်ခဲ့ပြီးဖြစ်သော်လည်း ၎င်း၏အသက်အား ကယ်တင်ရန် တိရစ္ဆာန်အထူးကုဆရာဝန်များ ပင့်ခေါ်ရန် လိုအပ်မည်ဖြစ်ကြောင်း တိရစ္ဆာန်ရုံက ပြောကြားသည်။

၂ဝ စင်တီမီတာ ရှည်လျားသော ယင်းမြွေတွင် ဦးခေါင်းနှစ်လုံးပါရှိသော်လည်း အစာချေစနစ်တစ်ခုသာ ပါရှိသည်။၎င်းအား မြွေမွေးမြူရေးခြံတစ်ခြံတွင် မွေးဖွားပြီး မကြာမီ ပိုမိုကောင်းမွန်စွာ ပြုစုစောင့်ရှောက်နိုင်ရန် တိရစ္ဆာန်ရုံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းမြွေသည် လက်ရှိအချိန်တွင် ၅ဝ ဂရမ်မျှသာ အလေးချိန်ရှိပြီး သာမန်မြွေဟောက်တစ်ကောင် ယခုအသက်အရွယ်တွင်ရှိရ မည့် အလေးချိန်ထက် ၁၅ ဂရမ်နီးပါး လျော့နည်းနေ သည်။ယခုချိန်ထိ ဦးခေါင်းနှစ်လုံးပါရှိသောမြွေမတွေ့ဖူး ကြောင်း ၂ဝဝ၇ ခုနှစ်ကတည်းက မြွေများကို ပြုစုစောင့် ရှောက်လျက်ရှိသော တိရစ္ဆာန်ရုံဝန်ထမ်း လီကီကျီက ဆိုသည်။ ဥဖောက်ချိန်ကာလအတွင်း အပူချိန်နှင့် စိုထိုင်း ဆအပြောင်းအလဲများက သန္ဓေပြောင်းလဲမှုကို ဖြစ်ပေါ် စေကြောင်း ၎င်းက ပြောကြားသည်။

''မြွေခေါင်းနှစ်ခုမှာ ခေါင်းတစ်လုံးက ညာဘက်လှုပ် ချင်ပြီး အခြားခေါင်းတစ်လုံးက ဘယ်ဘက်လှုပ်ချင်နေပါ တယ်။ ဒီလိုမျိုး မကိုက်ညီမှုက အဆက်မပြတ် မြွေကို ထိခိုက်နေပါတယ်''ဟု သူက ဆက်လက်ပြောကြားသည်။ အဆိုပါမြွေမှာ ပြီးခဲ့သည့်ရက်သတ္တပတ်က ပထမဆုံး အကြိမ်အဖြစ် အရေခွံလဲခဲ့သော်လည်း အစာစားရန် ငြင်းဆန်ခဲ့သည်။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
တရုတ်နိုင်ငံရှိ တိရစ္ဆာန်ရုံ၌ ဦးခေါင်းနှစ်လုံးပါမြွေတစ်ကောင် မွေးမြူထား   တရုတ်နိုင်ငံရှိ တိရစ္ဆာန်ရုံ၌ ဦးခေါင်းနှစ်လုံးပါမြွေတစ်ကောင် မွေးမြူထား Reviewed by သစ်ထူးလွင် on 09:25 Rating: 5
Powered by Blogger.