ခရီးသည်တင်ယာဉ်ဘရိတ်ပေါက် တိမ်းမှောက်၊ တစ်ဦးသေဆုံး ၁၁ ဦး ဒဏ်ရာရရှိ


 ဂန့်ဂေါ သြဂုတ် ၁၁

 မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့ ဂန့်ဂေါဂေါက်ကွင်းအနီး ပုလဲ-ဂန့်ဂေါ မော်တော်ကားလမ်းတွင် ခရီးသည်တင်ယာဉ် တစ်စီးဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် ခရီးသည် အမျိုးသား တစ်ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာ ရရှိသော ဖြစ်ရပ်တစ်ခု သြဂုတ် ၁ဝ ရက် နံနက် ၄ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ မုံရွာမြို့နယ် ကြည်ကုန်းကျေးရွာနေ ဦးအောင်ကိုသန်း (၃၆ နှစ်) မောင်းနှင်သော ဟီးနိုးခြောက်ဘီး ယာဉ်သည် မုံရွာမြို့ ရွှေပြည်သာကားဂိတ်မှခရီးသည် ၁၉ ဦးနှင့်ကုန်ပစ္စည်းများ တင်ဆောင်လျက် ပုလဲ-ဂန့်ဂေါလမ်း အတိုင်း ကလေးမြို့သို့မောင်းနှင်လာစဉ် ဂန့်ဂေါဂေါက်ကွင်းအနီးအရောက်တွင် ကားဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ ကားလမ်းဝဲဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ခရီးသည် ၁၉ ဦးအနက် ခရီးသည်အမျိုးသားတစ်ဦးမှာ အခင်းဖြစ်နေရာမှာပင် သေဆုံးခဲ့ပြီး ခရီးသည် အမျိုးသားနှစ်ဦးနှင့်ခရီးသည်အမျိုးသမီးကိုး ဦးတို့သည် ဒဏ်ရာများရရှိခဲ့၍ ဂန့်ဂေါဆေးရုံသို့ ပို့ဆောင်ကာအတွင်း လူနာများအဖြစ် ဆေးဝါးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

ယင်းဖြစ်ရပ်တွင် ဂန့်ဂေါမြို့မရဲစခန်းမှ ခေတ္တရဲစခန်းမှူးရဲအုပ်ထွန်းသန်းလွင်နှင့် ရဲတပ်ဖွဲ့ဝင် ၁ဝ ဦးတို့က အခင်း ဖြစ်ပွားရာအရပ်သို့ရောက်ရှိကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ယင်းဖြစ်ရပ်ကို ဂန့်ဂေါမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကြီးမြင့်နိုင်(လွိုင်ကော်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ခရီးသည်တင်ယာဉ်ဘရိတ်ပေါက် တိမ်းမှောက်၊ တစ်ဦးသေဆုံး ၁၁ ဦး ဒဏ်ရာရရှိ   ခရီးသည်တင်ယာဉ်ဘရိတ်ပေါက် တိမ်းမှောက်၊ တစ်ဦးသေဆုံး ၁၁ ဦး ဒဏ်ရာရရှိ Reviewed by သစ်ထူးလွင် on 04:47 Rating: 5
Powered by Blogger.