တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် ရွှေလီဦးမော်တော်ယာဉ်ဖြင့် လိုက်ပါစီးနင်းခဲ့သည့် ခရီးသည်များ၏ စကားသံများ

 ရန်ကုန်မြို့မှ လားရှိုးမြို့သို့ ထွက်ခွာလာသည့် ရွှေလီဦးမော်တော်ယာဉ်သည် သြဂုတ် ၁ဝ ရက် ညနေ ၆ နာရီက ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁ဝ၅ မိုင် နှစ်ဖာလုံ၌ ယာဉ်တိမ်းမှောက် မှု ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ဖြစ်ပွားသည့်နေရာ၌ သေဆုံးသူ ခုနစ်ဦး၊ ဖြူးပြည်သူ့ဆေးရုံကြီး၌ တစ်ဦးသေဆုံးခဲ့ပြီး ယနေ့တွင် နေပြည်တော် ခုတင် (၁ဝဝဝ) ဆေးရုံကြီး၌ တစ်ဦးထပ်မံသေဆုံး ခဲ့ရာ စုစုပေါင်းသေဆုံးသူ ကိုးဦးနှင့် ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရရှိခဲ့ကြသည့် လူနာများသည် ဖြူးမြို့ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံကြီးနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့တွင် ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိခဲ့သည့် လူနာများ၊ အကူအညီပေးခဲ့ကြသူများ၊ ဆေးရုံအုပ်နှင့် အမြန်လမ်းရဲတပ်ဖွဲ့မှူးတို့အား တွေ့ဆုံမေးမြန်းခဲ့မှုကို ဖော်ပြလိုက်ပါသည်။

ကိုစိန်ဝင်းကြည်
ကမ်းစောက်ကျေးရွာ၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး

ကားထွက်ထွက်ချင်းမှာတော့ ကျွန်တော်ကားမူးလို့ ခေါင်းကြည် ဆေးသောက်ပြီး အိပ်ပျော်သွား တယ်။ ကားက ဝီကနဲဆိုကြား ပြီးတော့ လိမ့်သွားတဲ့အချိန်မှာ လန့်နိုးလာတယ်။ အဲဒီအချိန် မှာ မျက်စိမှိတ်ထားလိုက်တယ်။ ကျွန်တော့်ကိုယ်ကျွန်တော် သေပြီ လို့ မှတ်လိုက်တယ်။ ကားလည်း ရပ်သွားရော မျက်လုံးဖွင့်ကြည့် လိုက်ပြီး ကျွန်တော့်ရှေ့က ကျွန်တော့်သူငယ်ချင်းနဲ့ တံခါးကို တွန်းထွက်တယ်။ ကျွန်တော့် ညီမလေးကိုလည်း ဆွဲထုတ်တယ်။ ပြီးတော့ ကျွန်တော့်ရင်ဘတ်က အောင့်လာပြီး သတိလစ်သွား တယ်။

ကျွန်တော်တို့က တစ်ရွာတည်း ကိုးယောက်အဖွဲ့ပါ။ ကိုးယောက် စလုံး လားရှိုးမှာ အလုပ်သွားလုပ်ဖို့ သွားကြတာပါ။ သုံးယောက်ကတော့ ဆုံးသွားပါပြီ။ ကျွန်တော်ကတော့ ဓာတ်မှန်ရိုက်ကြည့်တော့ ဘာမှ မဖြစ်ဘူးပြောပါတယ်။

ကားမှောက်ပြီး တစ်နာရီ လောက်ကြာတဲ့အချိန်မှာ ကြက်ခြေ နီတွေ၊ တပ်မတော်သားတွေ မြို့နယ်က လူငယ်တွေဝိုင်းပြီး ဆောင်ရွက်ပေးကြလို့ ဆေးရုံကို ရောက်လာတာပါ။

မဇာနည်ခိုင်၊ မိတ္ထီလာမြို့
မဇာနည်ခိုင် 
မိတ္ထီလာမြို့

ကျွန်မက မိတ္ထီလာကပါ။ ဒီကားက အတော်မြန်မြန် မောင်းတယ်။ အဲဒီလိုမောင်းလို့ လည်း ကျွန်မဘေးက ဘေးမှန်တံခါး ပွင့်ထွက်သွားတယ်။ အဲဒါကြောင့် ပြန်ပိတ်ခဲ့ရတယ်။ အမြန်မောင်း တော့ ဘီးပေါက်တဲ့ အချိန်မှာ အရှိန်မထိန်းနိုင်တော့ဘဲ လမ်းလယ် ကျွန်းကို ဝင်တိုက်တယ်။ ပြီးတော့ တစ်ဖက်လမ်းကို ရောက်ပြီး ပက်လက်လန်သွားတယ်။ အတော် ဝေးဝေးရောက်သွားတယ်။

ကားမှောက်သွားတော့ ကျွန်မ လည်း ဘေးမှန်တစ်ဖက်ပွင့်ထွက် လာတဲ့ နေရာကနေ တွန်းထွက်လာ ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မက ပါးစပ်ကနေ သွေးတွေ အန်နေ တယ်။

ကူညီမယ့်သူတွေက ၇ နာရီ ထိုးခါနီးလောက် ရောက်လာ ပြီး ဆေးရုံ ပို့ပေးတယ်။ အခုဆေးရုံ မှာ ကျွန်မခေါင်းမှာ ဖုတွေ အများ ကြီးပဲ။ ဆေးရုံမှာ ဆေးသွင်းပေးတာ ပဲရှိတယ်။ အခုကျောတွေမှာ စပ်နေ တယ်။ ဘာမှလည်း လုပ်မပေးဘူး။ နာလည်း နာပါတယ်။ ကျွန်မအမေ ကလည်း အသည်းအသန်ဖြစ်နေ တော့ အမေတစ်ခုခုဖြစ်မှာ စိုးတယ်။ အိမ်ကိုလည်း အကြောင်းမကြား ရဲဘူး။

ကုန်းလမ်း ပို့ဆောင်ရေး လုပ်ငန်းရှင်အသင်းကတော့ လူနာ တွေဆီ လာပါတယ်။ ထောက်ပံ့ ပေးသွားပါတယ်။ ကားတွေ မောင်းတဲ့သူတွေအနေနဲ့ သတိတွေ ထားပြီး မောင်းစေချင်ပါတယ်။

ဇင်ကိုကို မော်လမြိုင်ကျွန်းမြို့
ဇင်ကိုကို
မော်လမြိုင်ကျွန်းမြို့

ကျွန်တော်က ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်းကပါ။ ကားဘယ်လို မောင်းနေတယ်ဆိုတာ တော့ ကျွန်တော်အိပ်ပျော်နေတော့ မသိလိုက်ဘူး။ လားရှိုးကို သွားပြီး တော့ အလုပ်လုပ်မလို့ပါ။ ကား မှောက်ပြီး သတိပြန်ရတဲ့ အချိန်မှာ အကုန်လုံး ရုတ်ရုတ်သဲသဲဖြစ်နေပါ ပြီ။ ပြန်ပြီး သတိရတဲ့အချိန်မှာ ကုန်းပြီး အပြင်ကို ထွက်ပါတယ်။ ညီမလေးကိုလည်း ရအောင်ကယ် ထုတ်ပါတယ်။ ကယ်တော့ ကယ် ပေမယ့် ညီမလေးက ဆေးရုံ ရောက်တော့ ဆုံးသွားပါတယ်။ ညီမလေးရော၊ အစ်မနှစ်ယောက်ပါ ဆုံးသွားပါတယ်။ အစ်မတွေက နေရာ မှာတင် သေဆုံးပါတယ်။

ကျွန်တော်တို့ ဆေးရုံရောက်တော့ ည ၉ နာရီလောက်ရှိပါပြီ။ ကျွန်တော် တို့က အစ်မတွေကို စောင့်ရင်း ကျန်နေ တဲ့အတွက်ကြောင့်ပါ။ ကျွန်တော် ကတော့ လက်မှာရယ်၊ ခေါင်းတစ်ချက် ဒဏ်ရာရပါတယ်။ ကယ်ဆယ်ရေး ကတော့ ဖြစ်ပြီးမကြာခင်ရောက်လာ တာပါ။

ကားမောင်းတဲ့သူတွေ ကား မောင်းရင် သတ်မှတ်တဲ့ နှုန်းထားနဲ့ မောင်းကြပါ။ ကျွန်တော်တို့ကတော့ ကိုယ်တွေ့ကြုံခဲ့ရတယ်။ အစ်မတွေနဲ့ ညီမလေးလည်း သေဆုံးသွားခဲ့တယ်။ ဒါမျိုးတွေ ကြုံခဲ့ရတော့ ဝမ်းနည်း ရပါတယ်။ ဒါ့ကြောင့် ကားမောင်းရင် အာရုံတွေမများဘဲ သတိရှိစေချင် ပါတယ်။

ကိုခင်မောင်ဝင်း လက်ထောက်မန်နေဂျာ၊ IKBZ အာမခံလုပ်ငန်း
ကိုခင်မောင်ဝင်း
လက်ထောက်မန်နေဂျာ၊IKBZ အာမခံလုပ်ငန်း

ကားမှောက်မှု ဖြစ်စဉ်ကြောင့် အခုချိန်ထိ ကိုးယောက် သေဆုံးသွား ပါတယ်။ သေသွားတဲ့ သူတွေအားလုံး အတွက် သူတို့နဲ့ သက်ဆိုင်တဲ့ သူတွေဆီကို အာမခံကြေး သိန်း ၃ဝ စီပေးပြီပါပြီ။ ဆေးရုံတက်ပြီး ကုသ နေတာကတော့ ၂၅ ယောက်ရှိပါ တယ်။ ဒဏ်ရာရတဲ့သူ ၂၅ ယောက် စလုံးကိုလည်း လောလောဆယ် တစ်သိန်းစီ ပေးထားပါတယ်။ ဆေးရုံဆင်းတဲ့ အခါကျရင် ဆရာ ဝန်ကြီးရဲ့ ဆေးစာပေါ် မူတည်ပြီး တော့ ထပ်မံပေးသွားမှာပါ။

ကိုရဲမင်းထက်၊ ဖြူးမြို့
ကိုရဲမင်းထက်၊ ဖြူးမြို့

ကျွန်တော်တို့က ကားမှောက်တဲ့ ကားပေါ်မှာ မပါပါဘူး။ ကျွန်တော်တို့ ရန်ကုန်က သုံးနာရီထွက်တဲ့ စေတမန် ကားကို စီးလာတာပါ။ မှောက်တဲ့ ကားက လေးနာရီမှာ ထွက်တာပါ။ မှောက်တဲ့ကားက မိုင်တိုင် ၇၆ မှာ ကျွန်တော်တို့စီးတဲ့ကား ထမင်းစား နားနေချိန်မှာ ကျော်မောင်းသွားတာ တွေ့ပါတယ်။ ကားက အရှိန်များများ နဲ့ မောင်းသွားတာ တွေ့တယ်။ သူတို့ ကား ကျော်သွားတဲ့အချိန်မှာ ငါးညှီနံ့ တွေလည်း ရတယ်။

ထမင်းစားနားပြီး ကျွန်တော် တို့ ကားပြန်ထွက်တော့ မိုင်တိုင် ၁ဝ၅ မှာ ကားမှောက်နေတာ တွေ့ တယ်။ ဒါပေမယ့် သူတို့ ကားမှန်း မသိဘူး။ အရင်နေ့က မှောက်တဲ့ ကားလို့ပဲ ထင်တာ။ ဆင်းကြည့်ကြ တော့ ကားက စက်မသေသေးဘူး။ ဘေးနားမှာလည်း သေဆုံးနေတဲ့ လူတွေ တွေ့နေရတယ်။

ကျွန်တော်တို့လည်း ကားမှန် ခွဲပြီး ကားထဲက လူတွေကို ဆွဲထုတ် ပေးတယ်။ ကျွန်တော်က ဖြူးမြို့ကပါ။ အဲဒီအချိန်မှာ ဖုန်းဆက်တော့လည်း ဘယ်မှ ဆက်လို့မရဘူး။ နောက်ဆုံး ကျွန်တော်တို့သိတဲ့ ကားကိုဆက်လိုက် တော့ ၇ နာရီထိုးပြီး ၁ဝ မိနစ်မှာ ရောက်လာတယ်။ လူနာအတော် များများက သွေးထွက်လူနာတွေ များတော့ သွေးလွန်ကုန်ကြတယ်။ အခုကတော့ ကျွန်တော်က ဆေးရုံမှာ လာပြီး ကူညီနေတာပါ။

ရဲမှူးကြီး နေဝင်း
အမြန်လမ်းရဲတပ်ဖွဲ့မှူး

သတင်းရရချင်းပဲ အမြန်လမ်း ရဲတပ်ဖွဲ့မှာရှိတဲ့ ရဲစခန်းတွေ ပူးပေါင်းပြီး စခန်းမှူး ငါးယောက်ဦးစီး ပြီး ကား ၁ဝ စီးလောက်နဲ့ လမ်းရှင်းမှု တွေ လမ်းကြောင်းလွှဲမှုတွေ လုပ်ပါ တယ်။ ဒဏ်ရာရနေတဲ့ လူတွေကို ကူညီတာတွေ၊ ကယ်ဆယ်တာတွေ၊ ဆေးရုံပို့တာတွေ တစ်ချိန်တည်း တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ပါ တယ်။ ကျွန်တော်တို့ နေပြည်တော် ကနေ တိုက်ရိုက်ကွပ်ကဲပြီးတော့ ဖြူးပြည်သူ့ဆေးရုံကြီးကို ပို့ပါတယ်။ နောက်ပြီးတော့ ထိုင်နိုင် ထနိုင်ရှိတဲ့ သူတွေကို ပို့ပါတယ်။ နောက်ဆုံး ကတော့ သေဆုံးခဲ့တဲ့သူတွေကို ပို့ပါတယ်။

ကျွန်တော်နဲ့ ဒုတပ်ဖွဲ့မှူး ဦးစီး ပြီးတော့လည်း နေပြည်တော်ကနေ အခင်းဖြစ်ပွားရာနေရာကို သွား ရောက်ပြီး လိုအပ်တဲ့ ကူညီမှုတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။ လမ်းပေါ် မှာ ပြန့်ကျဲနေတဲ့ ယာဉ်ပေါ်ပါ ပစ္စည်း တွေကိုလည်း ပိုင်ရှင်တွေထံ စနစ်တကျ ပြန်ပေးနိုင်အောင် စာရင်း ပြုစုတာတွေ လုပ်ခဲ့ပါတယ်။

ဖြစ်စဉ်ကို ဘာကြောင့်ဖြစ်တယ် ဆိုတာကို စစ်ဆေးတဲ့အခါမှာ မိုင်တိုင် ၁ဝ၅ မိုင် ၁ ဖာလုံမှာ မသိ မသာလေး ကွေ့တဲ့အနေအထား ဖြစ်ပါတယ်။ အဲဒီကွေ့နားမှာ ရှိတဲ့ ကွန်ကရစ်တုံး ၁၂ တုံးကို တိုက်မိ ပါတယ်။ ကွန်ကရစ်တုံးတွေ ကြေမွ သွားပြီး လမ်းလယ်ကျွန်းပေါ်တက်ကာ ပက်လက်လန်သွားတယ်။ ပက်လက် လန်အနေအထားနဲ့ တစ်ဖာလုံ လောက် တရွတ်တိုက်သွားတာကို စစ်ဆေးတွေ့ရှိရပါတယ်။ အရှိန်လည်း ပြင်းတဲ့အတွက် ရှစ်ဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အခင်းဖြစ်တဲ့ အထဲက စိုးရိမ်ရတဲ့ လေးဦးကို နေပြည် တော်ကို ပို့ဆောင်ကုသခဲ့ရာက အဲဒီထဲက ဒီနေ့အမျိုးသားတစ်ဦး ထပ်မံသေဆုံးသွားပါတယ်။ ဒီနေ့ အထိ စုစုပေါင်းကိုးဦး သေဆုံးကာ တော့ ၂၅ ဦးဒဏ်ရာရပြီး ကုသမှုခံယူ နေပါတယ်။

ဒေါက်တာဇော်လွင် ဆေးရုံအုပ်၊ ဖြူးခုတင် ၁ဝဝ ဆေးရုံ
ဒေါက်တာဇော်လွင်
ဆေးရုံအုပ်၊ ဖြူးခုတင် ၁ဝဝ ဆေးရုံ

မနေ့က ရွှေလီဦးကား မှောက် တယ်ဆိုတာကို ညနေ ၆ နာရီခွဲ လောက်မှာ ကျွန်တော်တို့ သတင်း ရပါတယ်။ သတင်းရပြီးတာနဲ့ ဆေးရုံ ကားတွေ ၁၁၅ မိုင်က ကြက်ခြေနီကား တွေ၊ ဒီမြို့က လူမှုရေးအသင်းအဖွဲ့ ကားတွေနဲ့ ရောက်သွားပါတယ်။

ကားမှောက်တဲ့ ဖြစ်စဉ်မှာ ဒဏ်ရာရ ၂၆ ဦးရှိပါတယ်။ တစ်ဦး ကတော့ ဆေးရုံရောက်ပြီးတာနဲ့ သေဆုံးသွားပါတယ်။ ပြီးတော့ ဒဏ်ရာပြင်းထန်တဲ့ လေးဦးကိုတော့ နေပြည်တော်ကို လွှဲပြောင်းပေး ပါတယ်။ ဒီနေ့မှာတော့ ဒဏ်ရာ ပြင်းထန်တာတော့ မဟုတ်ပေမယ့် ဆေးရုံကြီးတွေမှာ ကုသရမယ့် လူနာသုံးဦးကို ရန်ကုန်ကို လွှဲပြောင်း ပေးလိုက်တယ်။ လက်ရှိအရိုး ဆောင်နဲ့ ခွဲစိတ်ဆောင်တွေမှာ လူနာ ၁၇ ဦး ကျန်ပါတယ်။

အမြန်လမ်း ဖြစ်စဉ်တွေဟာ အဖြစ်များတာကြောင့် ကျွန်တော်တို့ ဆေးရုံမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပါတယ်။ကျွန်တော် တို့ ဆေးရုံမှာ ပါရဂူတွေအပါအဝင် ဝန်ထမ်း ၁ဝဝ ကျော်ရှိပါတယ်။ တစ်ခုခုဖြစ်တာနဲ့ ကျွန်တော်တို့ ဆေးရုံက ဝန်ထမ်းတွေကို တာဝန် ခွဲဝေပြီးတော့ ဆောင်ရွက်ဖို့ အဆင် သင့်လုပ်ဆောင်ထားပါတယ်။

ကျွန်တော့်အနေနဲ့ ပြောချင် တာကတော့ အရေးပေါ်ကုသရေး စနစ်ကို စနစ်တကျဖြစ်အောင် ဆောင်ရွက်နေပါတယ်။ လက်ရှိ ကာလဟာ ဆောင်ရွက်နေဆဲ ကာလဖြစ်တဲ့အတွက် နောက်ပိုင်း မှာဆိုရင် sea game တုန်းကလို အရေးပေါ်လူနာတင်ယာဉ်တွေ ပေါ် ကုသရေးပစ္စည်း၊ ဆေးပစ္စည်း အပြည့်အစုံပါတဲ့ စနစ်တွေကျင့် သုံးဖို့ ပြင်ဆင်နေပါတယ်။ အခုဆို ရင် ၈၅ မိုင်မှာလည်း အမြန်လမ်း အထူးကုဆေးရုံကိုလည်း တည် ဆောက်နေပြီ။ ၁၁၅ မိုင်မှာလည်း အရေးပေါ် ရှေးဦးသူနာပြုစခန်းကို ဖွင့်လှစ်ထားပါတယ်။ ကျွန်တော်တို့ ဖြူးတိုက်နယ်ဆေးရုံ မြေနေရာက ငါးဧကကျော်ရှိပါတယ်။ ခုတင် ၁ဝဝ ဆေးရုံဆိုပေမယ့် ကား မှောက်တဲ့ ဖြစ်စဉ်မဖြစ်ခင်မှာဘဲ ဆေးရုံပေါ်မှာ လူနာ ၂ဝဝ ကျော် ရှိပါတယ်။ ကားမှောက်တဲ့ အရေး ပေါ်လူနာတွေ ရောက်လာတဲ့အခါ လူနာတွေ ပိုများသွားပါတယ်။ အခုချိန်ဆေးရုံနားက တပ်ရင်းက လည်း မြို့ပြင်ကို ပြောင်းရွှေ့သွားတဲ့ အတွက် ဆေးရုံကို မြေသုံးဧက ကျော်လောက် ပေးထားပါတယ်။

ဒီနေရာမှာ အဆောက်အအုံ တွေ တိုးချဲ့ဆောက်လုပ်ပြီး ခုတင် ၂ဝဝ လောက် အဆင့်မြှင့်တင်ပေး မယ် ဆိုရင်တော့ အထူးကုဆရာဝန် တွေ ပိုများလာပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ ပိုမိုပေးနိုင် မယ်လို့ ထင်ပါတယ်။

မေး-ညီညီထွန်းနှင့်အဖွဲ့
ဓာတ်ပုံ-ဟန်မျိုးထက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် ရွှေလီဦးမော်တော်ယာဉ်ဖြင့် လိုက်ပါစီးနင်းခဲ့သည့် ခရီးသည်များ၏ စကားသံများ   တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် ရွှေလီဦးမော်တော်ယာဉ်ဖြင့် လိုက်ပါစီးနင်းခဲ့သည့် ခရီးသည်များ၏ စကားသံများ Reviewed by သစ်ထူးလွင် on 04:47 Rating: 5
Powered by Blogger.