ပုဂံရှေးဟောင်းဘုရား ပြိုကျမှုမှာ ပုဂ္ဂလိက တည်ဆောက်လိုသူများအား ကန်ထရိုက်လွှဲသဖြင့် နည်းပညာ အားနည်းမှုကြောင့်ဖြစ်

ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ ၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင် တို့ ပုဂံဒေသသို့ သွားရောက် ပြီး ဘုရားအမှတ် ၁၇၅၂ ပြိုကျမှုအား စစ်ဆေး နေစဉ် (ဓာတ်ပုံ-ယဉ်ကျေးမှုဝန်ကြီးဌာန)
    ရန်ကုန် ၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ)

    ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ အေဒီ ၁၃ ရာစုခေတ် ပုံသဏ္ဍာန် ဘုရားပုထိုး ဘုရားအမှတ် ၁၇၅၂ ပြိုကျ ပျက်စီးသွားခဲ့ခြင်းသည် ၂၀၀၃ ခုနှစ်က ပုဂ္ဂလိက စေတနာရှင်များ၏ ဘုရား တည်ဆောက် လှူဒါန်းလိုမှုကို လက်ခံပြီး ပုဂ္ဂလိက တည်ဆောက်လိုသူတို့ ကို ကန်ထရိုက် လွှဲသဖြင့် နည်းပညာ အားနည်းမှုများ ကြောင့် ဖြစ်သည်ကို တွေ့ ရကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက သွားရောက် စစ်ဆေးရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး ညောင်ဦး မြို့နယ် တစ်ဝိုက်တွင် သြဂုတ်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယင်းဒေသတွင် မိုးရေချိန် ၂.၄၄ လက်မအထိ ရှိခဲ့ရာ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ  ဂူပုထိုး ပုံစံဖြင့် တည်ထားသည့် ဘုရားအမှတ် ၁၇၅၂ သည် သြဂုတ်လ ၉ ရက် နေ့ လည်ပိုင်း အချိန်တွင် ပြိုကျ ပျက်စီး သွားခဲ့ခြင်း ဖြစ်သည်။

ယခုလို မိုးဆက်လက် ရွာနေပါက အလားတူ အားနည်း ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာနိုင်သဖြင့် တန်ခိုးကြီး အထင်ကရ စေတီများ ၊ လိုဏ်ဂူ ဘုရားကြီးများ၏ မိုးရေ အန္တရာယ် လုံခြုံမှုကို လိုက်လံ စစ်ဆေးရန် လိုကြောင်း ဝန်ကြီးမှ ဇုန် တာဝန်ခံများကို မှာကြားခဲ့ကြောင်း သိရသည်။

အေဒီ ၁၃ ရာစုခေတ် ပုံသဏ္ဍာန် ဘုရား ပုထိုးဘုရားအမှတ် ၁၇၅၂ သည် ၁၉၇၅ ခုနှစ် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ထိုအုတ်ကုန်းကို ပြန်လည်တူးဖော်၍ ဂူပုထိုး ပုံစံဖြင့် တည်ထားသည့် မြေပန္နက် အရာသာကျန်ရှိသော အုတ်ကုန်းနေရာကို အောက်ခြေပန္နက် ၂၀x၂၀ ပေ ဥာဏ်တော်အမြင့် ၃၀ ပေ ကွန်ပေါက် ဂူဘုရား ပုထိုးပုံ သဏ္ဍာန်ဖြင့် ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြုပြင် ပြီးစီးခဲ့ခြင်း ဖြစ်သည်။

မိုးရေကြောင့် စွတ်စိုမှုများသည် ရေပိတ်လွှာနှင့် ရေထွက်ပေါက် အားနည်းသည့် စေတီကြီးများ ၊ လိုဏ်ဂူ ဘုရားများ အတွင်းသို့ အများပြည်သူ ဝင်ထွက်နေခြင်းကို ဂေါပကအဖွဲ့ အနေဖြင့် ဝိုင်းဝန်း ထိန်းသိမ်းရန်နှင့် ဘုရားပုထိုးပေါ်သို့ အများပြည်သူ တတ်ရောက်ခြင်း မပြုရန် ပြည်ထောင်စု ဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။

 (Xinhua)
http://www.xinhuamyanmar.com

ပုဂံရှေးဟောင်းဘုရား ပြိုကျမှုမှာ ပုဂ္ဂလိက တည်ဆောက်လိုသူများအား ကန်ထရိုက်လွှဲသဖြင့် နည်းပညာ အားနည်းမှုကြောင့်ဖြစ်   ပုဂံရှေးဟောင်းဘုရား ပြိုကျမှုမှာ ပုဂ္ဂလိက တည်ဆောက်လိုသူများအား ကန်ထရိုက်လွှဲသဖြင့် နည်းပညာ အားနည်းမှုကြောင့်ဖြစ် Reviewed by သစ်ထူးလွင် on 17:51 Rating: 5
Powered by Blogger.