ရခိုင်ရေဘေး အကူအညီတွေ မရရှိသေး

 ရခိုင်ပြည်နယ် စစ်တွေမြို့က ရေလွှမ်းမိုးမှုဖြစ်နေတဲ့ ရပ်ကွက်တချို့ကို တွေ့ရစဉ်။ Photo: Min Thein Aung/RFA
 ရခိုင်ပြည်နယ်က မြို့နယ် အတော်များများမှာ ရေလွှမ်းမိုးမှု ဖြစ်နေတာ တစ်ပတ်ကျော်နေပြီ ဖြစ်ပေမယ့် အကူအညီ အထောက်အပံ့ မရသေးကြောင်း သိရပါတယ်။

ကျေးရွာတွေမှာ အကူအညီမရတဲ့အတွက် အခက်အခဲဖြစ်နေကြောင်း ကျောက်တော်မြို့နယ် ညောင်ပင်လှကျေးရွာ က ဒေသခံဦးမောင်ကျော်သာက ပြောပါတယ်။

"ကျနော်တို့ဆီကို တစ်ဖွဲ့မှမရောက်ဘူး၊ မနေ့ကဆိုလို့ရှိရင် ဒီမှာတော်တော် ထမင်းချက်မယ့် ဆန်တွေမရှိဘူး အခက်အခဲတွေဖြစ်နေရတယ်၊ လူတွေကတော့ ဒီနေ့ရှာ ဒီနေ့စား အဲ့ဒီလူတွေများတယ်လေ ရွာမှာ၊ အဲ့အခါ ကျတော့ ကျနော်တို့ ရှာမယ်ဖွေမယ့်အချိန် မရတဲ့အခါကျတော့ စားရေးသောက်ရေးတွေ အခက်အခဲဖြစ်နေ ရတယ်ခင်ဗျ၊ ကျောက်တော်မြို့နယ်ဘက်မှာဆိုရင် ရွာတော်တော်များများလို့ပြောရမှာပဲ ကျနော်တို့ တီချောင်းဘက်တို့ဆလို့ရှိုရင်လည်း ဘာအကူအညီမှမရဘူးလို့ပြောတယ်၊ အဲ့ဒီဘက်ကိုကျတော့ ကျနော်တို့ ရွာတွေထက်ကို အခြေအနေဆိုးပါတယ်ခင်ဗျ၊ အဲ့ဒီဘက်ကိုကျတော့"

ရခိုင်ပြည်နယ်မှာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ မြေပုံ၊ ဘူးသီးတောင် စတဲ့မြို့နယ်မှာ ကျေးရွာတွေ ရာနဲ့ချီရေနစ်မြုပ်ခဲ့ပြီး လူပေါင်းသောင်းနဲ့ချီ ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။

မြောက်ဦး၊ မင်းပြား၊ ကျောက်တော်မြို့တွေမှာ ရေကြီးနေဆဲဖြစ်ပြီး မြို့ပေါ်မှာတပိုင်တနိုင် ကူညီထောက်ပံ့တာမျိုး ရှိပေမယ့် ကျေးရွာတွေကို အကူအညီရောက်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရရဲ့ ပြောကြားချက်အရ သေဆုံးသူ ၉ ဦးရှိတယ်လို့ သိရပါတယ်။ မြောက်ဦးမြို့က ရေဘေး ဒုက္ခသည်တွေအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဆန်အိတ်တွေ လှူဒါန်းခဲ့သလို ကာကွယ်ရေးဝန်ကြီးဌာန ကလည်း ဆန်နဲ့ စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း ချင်းပြည်နယ်မှာ မိုးကြီးလွန်းတဲ့အတွက် ဟားခါးမြို့မှာရှိတဲ့ ''ရုန်း'' တောင် ပြိုကျနိုင် တာကြောင့် တောင်အောက်မှာရှိတဲ့ ရပ်ကွက်တွေက လူနေအိမ်တွေ ပြောင်းရွှေ့ကြဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး က နှိုးဆော်သတိပေးထားပါတယ်။

အဲ့ဒီတောင်ခြေမှာ ဈေးသစ်၊ ဈေးဟောင်း၊ ပြည်တော်သာ၊ မြို့ဟောင်း၊ ရွာသစ် စတဲ့ရပ်ကွက်တွေ ရှိပါတယ်။ ဟားခါးမြို့မှာ မြေပြိုတဲ့အတွက် ပြီးခဲ့တဲ့ ဇူလိုင်၂၉ ရက်ကနေ ဒီနေ့အထိ အိမ်ပြိုတာ၊ အိမ်ဖျက်လိုက်ရတာတွေ အခုဆိုရင် အလုံး ၂ဝဝ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရခိုင်ရေဘေး အကူအညီတွေ မရရှိသေး   ရခိုင်ရေဘေး အကူအညီတွေ မရရှိသေး Reviewed by THITHTOOLWIN on 05:56 Rating: 5
Powered by Blogger.