ဦးကျော်ဆန်းနဲ့ ဝန်ကြီး ၅ ဦး စစ်ကိုင်းတိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မည်

 သမဝါယမဝန်ကြီး ဦးကျော်ဆန်း ကိုတွေ့ရစဉ် Photo: Ministry of Information
 သမဝါယမဝန်ကြီး ဦးကျော်ဆန်းနဲ့ ပြည်ထောင်စုဝန်ကြီး ၅ ဦးဟာ လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မဲဆန္ဒနယ်မြေတွေမှာ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

သမဝါယမဝန်ကြီး ဦးကျော်ဆန်းက ပုလဲမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး၊ စက်မှုဝန်ကြီးနဲ့ ဒုတိယဝန်ကြီး နှစ်ဦးတို့လည်း ပြည်သူ့လွှတ်တော်နေရာတွေအတွက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးစောလှထွန်းက ပြောပါတယ်။

"အမှတ် (၄) မဲဆန္ဒနယ်၊ အရင် ၂ဝ၁ဝ တုန်းက ပြိုင်တဲ့နေရာ သူ့ရဲ့ဇာတိကပါ၊ ဝန်ကြီးများ ဦးမောင်မြင့် စက်မှုဝန်ကြီး၊ ဦးဝင်းမြင့်ရဲ့ ကုန်သွယ်စီးပွားဝန်ကြီး သူကဒီပဲယင်း၊ စီမံစီပွား ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်း သူက မြောင် သူ့ဇာတိက မာန်အောင်၊ သတ္တုတွင်း ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင် မုံရွာ သူ့ဇာတိ၊ ဝန်ကြီးထဲကတော့ အဲ့ဒါပဲ၊ သူ့ဇာတိကနေ သူ့ဒေသဇာတိရဲ့ ဖွံ့ဖြိုးရေးကိုလုပ်ပေးချင်လို့ ဒါဝင်ပြိုင်တာပါ"

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက ဘုတလင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်၊ တိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ် စုစုပေါင်း ၁၂၅ နေရာ ရှိပါတယ်။

လက်ရှိ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဟာ လားရှိုးမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် မကြာခင်မှာ အမည်စာရင်းတင်သွင်းမှာဖြစ်တယ်လို့ လားရှိုး ခရိုင် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီဟာ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေထံ အပြီးတင်သွင်းမယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဦးကျော်ဆန်းနဲ့ ဝန်ကြီး ၅ ဦး စစ်ကိုင်းတိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မည်  ဦးကျော်ဆန်းနဲ့ ဝန်ကြီး ၅ ဦး စစ်ကိုင်းတိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မည် Reviewed by THITHTOOLWIN on 03:26 Rating: 5
Powered by Blogger.