သွေးလွန်တုပ်ကွေး အဖြစ်များနေသည့်နေရာတွင် အရေးပေါ်ခြင်အန္တာရာယ်နှိမ်နှင်းရေး စုပေါင်းလုပ်ရန်လိုအပ်

 ကယားပြည်နယ် ဒီးမော့ဆိုမြို့ ငွေတောင် ကျေးရွာအုပ်စု အောင်သပြေ ရပ်ကွက်တွင် ယခုလမှ စတင်၍ လူကြီးလူငယ် ကျား/မ မရွေး သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်ပွားလျှက်ရှိရာ ခြင်အန္တာရာယ် နှိမ်နှင်းရေး အရေးပေါ်စုပေါင်း ပြုလုပ်ရန် လိုအပ်သည်ဟု ငွေတောင် ကျေးလက် ကျန်းမာရေး ဌာနခွဲမှ သားဖွား ဆရာမ ဒေါ်နော်လာရှီးက ပြောသည်။

̏ ကျွန်မတို့ ဆေးခန်းမှာ အဓိကလာပြတဲ့ လူနာတွေကတော့ ကိုယ်ပူဖျားလာပြပါတယ်။ အဲ့ဒီကိုယ်ပူဖျားတာကတော့ ဗိုင်ရယ် အင်ဖက်ရှင်လို့ခေါ်တဲ့ အဖျားကြီးရောဂါပဲ ဖြစ်ပါတယ်။ အဲ့ရောဂါက ၃ရက်၊ ၅ရက်မဟုတ်ရင် တပတ်လောက်ရောက်တဲ့ခါကျရင် နကိုယ်ပေါ်မှာ အနီစက်တွေဖြစ်ပေါ်လာတတ်ပါတယ်။ အဲ့အနီစက်တွေ ကြီးလာတဲ့ခါကျတော့ ဆေးရုံကိုပို့လိုက်တယ်။ ဆေးရုံကိုရောက်တဲ့ခါကျတော့ ဆေးရုံမှာ သွေးဖောက်စစ်လိုက်တဲ့အခါမှာ သွေးလွန်တုပ်ကွေးရောဂါလို့ သူတို့အမည်တပ်ပါတယ် ̋ ဟု ဆရာမ နော်လားရှီးက ပြောသည်။

  ငွေတောင်ကျေးလက် ကျန်းမာရေးဌာနခွဲ ဝန်ထမ်းများမှ ကျေးရွာများသို့ ကွင်းဆင်းပြီး ဆေးခပ်နေစဉ် (ဓါတ်ပုံ - မူအက်စတာ)
ကယားပြည်နယ်တွင် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားမှုများပြားသည်မှာ ယခုအခါ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ဆရာမနော်လားရှီးက ပြောသည်။ ယခင်နှစ်များတွင် ရောဂါများ ပြင်းပြင်းထန် ထန်မရှိခဲ့သောကြောင့် ဆေးရုံသို့ လွဲပြောင်းခဲ့ခြင်း မရှိခဲ့ပေ။ ယခုနှစ်တွင် ကိုယ်ပူဖျားပြီး ၃၊၄ ရက် အကြာတွင် ကိုယ်ပေါ်တွင် အနီစက် ၊အဖုများထွက်လာပြီး ထူးခြားချက်မှာ အော့အန်ခြင်းများလည်း ရှိလာသည်ဟု သိရသည်။

ငွေတောင်ကျေးရွာတွင် အိမ်တိုင်းတွင် တစ်အိမ်တစ်ဦးပျှမ်းမျှ သွေးလွန်တုပ်ကွေး ဖြစ်ပွားနေလျက် ရှိသည်။

ငွေတောင်ကျေးရွာနေ ဦးဟိန်းမင်းလတ်က ̏ အကိုအပြင်မှာ အလုပ်လုပ်နေရင်းနဲ့ ခြင်ကိုက်တယ်၊ ခြင်ကိုက်တော့ သတိမထားမိဘူးပေါ့။ စဖျားတော့ ရိုးရိုးတုပ်ကွေးလို့ပဲ ထင်တာ၊ မသက်သာလို့ ဆေးရုံကို သွားပြတာ ဆရာဝန်က စမ်းသပ်တဲ့ကိရိယာတွေနဲ့ စမ်းလိုက်တော့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နေတယ်လို့ သိလိုက်ရတယ် ̋ ဟု ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါသည် အတွင်းသွေးယိုမှုကို ဖြစ်စေသည့်အတွက်ကြောင့် ဂရုစိုက်ရမည်ဖြစ်ကြောင်း ၊ ကယားပြည်နယ်တွင်လည်း ဖြစ်လေ့ဖြစ်ထသော ရောဂါမဟုတ်သည့်အတွက် မပေါ့ဆသင့်ကြောင်း ၊ တခြားသော ပြည်မဒေသဖက်တွင် ထိုရောဂါကြောင့် လူပေါင်းမြောက်မြားစွာ သေကြေခဲ့ပြီးဖြစ်ကြောင်း အသက် ၅နှစ်မှစတင်၍ အသက် ၅၀ကျော်ထိအောင် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ် မြို့နယ်ဆေးရုံမှ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဒွေးနန္ဒက ̏ ဒီရာသီက တုပ်ကွေးဖြစ်တဲ့ရာသီဆိုတော့ တုပ်ကွေးတွေအဖြစ်များတယ်။ ခြင်ကိုက်လို့လည်း ငှက်ဖျားတွေဖြစ်နေတယ် ̋ ဟု ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်သော ကြောင့် လွန်ခဲ့သောလတွင် မိုးခေါင်၊နေပူ ရေရှားဖြစ်နေပြီး ရုတ်တရက် မိုးကြီးရွာချကာ ထူထပ်စွာပေါက်နေသည့်ချုံပင်များ ၊ အစုလိုက်အပုံလိုက် စွန့်ပစ်ထားသည့် တာယာဘိန်းများ ၊ ရေအိုင်များကျန်ရစ်ခဲ့သည့်အတွက် ခြင်ကောင်များ ဥ ဥရန်အခွင့်အလမ်းကောင်းမွန်သည့်အတွက် ခြင်ကောင်များ အဆမတန် ပေါက်ဖွားခဲ့ခြင်းဖြစ်သည်ဟု ဆရာမ ဒေါ်လားရှီးက ပြောသည်။

ထို့ကြောင့် ပြည်သူများနှင့် အိမ်တိုင်းတွင် တစ်ပတ်တစ်ကြိမ် အိမ် ၊ ခြံတွင်းတွင် ခြင်များ မရှိစေရန် နှိမ်နှင်း ရန်လိုအပ်ကြောင်း ၊ အများပြည်သူသွားလာသည့်နေရာတွင်ရှိသော ချုံများ ၊ ရေအိုင်များကို စုပေါင်းရှင်းလင်းရန် လိုအပ်သည်။

ထို့ကြောင့် ကျန်းမာရေးဌာနမှ အိမ်တိုင်းသို့ ကွင်းဆင်းလေ့လာခဲ့ကာ အိမ်များရှိ ရေတွင်း၊ရေကန်၊ အိမ်ဘေးရှိချုံများရှင်းလင်းခြင်း၊ ရေအိုင်များရှင်းလင်းရန် သြဂုတ်လ ၉ရက်နေ့တွင် စုပေါင်း၍အိမ်တိုင်းတွင် ဖုံး၊ သွန်၊ လဲ၊စစ် စနစ်များကို လိုက်လံပြသကာ အုတ်ကန်၊ ရေအိုး၊ ရေသိုလှောင်ကန် များထဲတွင် ဆရာမများကဆေးခတ်ပေးကြောင်း သိရသည်။ ကျေးရွာတိုင်းတွင်လည်း ကျေးလက်ဆေးဆရာမများက အိမ်တိုင်းတွင် ချုံပင်များကို ခုတ်ထွင်ရှင်းလင်းရန် နိုးဆော်တိုက်တွန်းထားကြောင်းလည်း သိရသည်။

တနှစ်အောက်ကလေးငယ်များတွင်လည်း ခြင်ကိုက်ခံရလျှင် ရောဂါဖြစ်နိုင်ကြောင်း ၊ တနှစ်အောက်ကလေးငယ်များ ထိုရောဂါဖြစ်လျှင် အလွန်အန္တရာယ်ရှိလှကြောင်း ကျန်းမာရေး ဆရာမက ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါ ငွေတောင်ကျေးရွာရှိရပ်ကွက်တွင် ဖြစ်များရခြင်းမှာ ငွေတောင်အုပ်စုတွင် ဆောက်လုပ်ရေး၊ ဆက်သွယ်ရေး၊ လမ်းဖောက်လုပ်ရေး လုပ်သားများသည် ပြည်မမှရောက်လာကြသောသူများဖြစ်၍ ၄င်းတို့ထဲတွင်မှ တဦးဦးက ထိုရောဂါရှိနေပြီး ခြင်ကိုက်ခံရခြင်းမှတဆင့် အခြားသူထံသို့ ကူးစက်နိုင်ခြင်းဖြစ်နိုင်ကြောင်း ဆရာမနော်လားရှီးက ပြောသည်။

ထို့အပြင် စက်ဘီး၊ ဆိုင်ကယ်ပြင်ဆိုင်တို့တွင် စုပုံထားသော တာယာဘီးများထဲတွင် မိုးရေများစုစည်းနေခြင်းကြောင့် ခြင်များအလွယ်တကူ ခိုအောင်းနိုင်သောကြောင့် ခြင်ကောင်များ များပြားလာရခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း ဆရာမက သူမ၏ ထင်မြင်ချက်ကို ပြောပြသည်။

ထို့ကြောင့် ထိုရာဂါလက္ခဏာရှိသောသူ အနီစက်များ ခံစားနေသောသူကို ဆေးခန်းမှတဆင့် ဆေးရုံသို့ ဇူလိုင်လအတွင်းတွင် လူနာစုစုပေါင်း ၂၀ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

Written by မူအက်စတာ
ကန္တာရ၀တီတိုင်း(မ်)
http://www.ktimes.org
သွေးလွန်တုပ်ကွေး အဖြစ်များနေသည့်နေရာတွင် အရေးပေါ်ခြင်အန္တာရာယ်နှိမ်နှင်းရေး စုပေါင်းလုပ်ရန်လိုအပ်  သွေးလွန်တုပ်ကွေး အဖြစ်များနေသည့်နေရာတွင် အရေးပေါ်ခြင်အန္တာရာယ်နှိမ်နှင်းရေး စုပေါင်းလုပ်ရန်လိုအပ် Reviewed by THITHTOOLWIN on 11:53 Rating: 5
Powered by Blogger.