အရင်ကကျား အခုတော့ . . .


 ၃၀.၇ ၁၅ နေ့ တစ်နိုင်ငံလုံးနီးပါး ၀မ်းနည်း ဒေါသ ဖြစ်တဲ့နေ့ အုပ်ချုပ်သူ အစိုးရ အရှက်သိက္ခာ ကျတဲ့နေ့ဆို မှားမယ်မထင်ပါ။ ပြည်သူ အားလုံးနီးပါး တောက်တခေါက်ခေါက်နဲ့ လုပ်ရက်လေခြင်းဆိုပြီး အစိုးရအပေါ်
ဒေါသ ထွက်ကုန်ကြပါတယ်။ ဇူလိုင် ၂၂ ရက်တွင် သစ်ခိုးထုတ်မှု၊ မူးယစ်ဆေးမှု ၊ လ၀က ပုဒ်မတို့ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံထားရသော တရုတ်နိုင်ငံသား ၁၅၅ ဦးအား ပြစ်ဒဏ်ချမှတ်လို့ ၈ ရက်မြောက်တဲ့နေ့မှာပဲ အစိုးရမှာ လွှတ်ငြိမ်း ချမ်းသာခွင့်ပေးပြီး လွှတ်ပေး ခဲ့တယ်။
တစ်နိုင်ငံလုံးအံ့အားသင့် ဒေါသထွက် ဆူညံကုန်ကြပါတယ်။

သစ်တန်ပေါင်းများစွာခိုးထုတ်လို့မိတဲ့ တရုတ်နိုင်ငံသားတွေကို ဇူလိုင်လ ၂၂ရက်နေ့မှာ ထောင်တန် တစ်သက် တစ်ကျွန်း ချလိုက်ခဲ့ပါတယ်။

ထောင်ဒဏ်အများအကြီး ရဲရဲဝံ့ဝံ့ချရဲလို အံ့အားသင့်တဲ့ လူတွေကတော့ အံ့အားသင့် ခဲ့ပါတယ်။ တကယ်လုပ်ပြီး ဆိုပြီး ၀မ်းသာနေကြတာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီချမှတ်မှုအပေါ်မှာ သံသယရှိခဲ့ပါတယ်။ ဘယ်လိုနည်းလမ်းနဲ့ ပြန်လွတ်ပေးမလဲ ဆိုတာကိုပဲ စောင့်ကြည့်နေခဲ့ပါတယ်။

နှစ်နိုင်ငံချစ်ကြည်ရေး အကြောင်းပြ ပြန်လွဲပေးမယ်ပဲထင်ခဲ့တာပါ။ ခုတော့ အမိန့်ချလို့ နောက်ရက်မှာပဲ ပေါက်ဖော်ကြီးက သူ့နိုင်ငံသားတွေဘက်က ရပ်တည်ပြီး ဟိန်းဟောက်သံတွေ ဆူညံသွားပါတယ်။
နဂါးဟိန်းသံကို ကြောက်တဲ့ကျုပ်တို့ ခြင်္သေ့ကြီးကတော့ ကြောက်အား လန့်အားနဲ့ ချက်ခြင်းပဲ လွှတ်ငြိမ်း ချမ်းသာခွင့်နဲ့ ၁၀ ရက်ပြည့် အောင်တောင် မထားနိုင်ပဲ လွတ်ပေး လိုက်ရပါတယ်။

ပြည်သူအားလုံး ၀မ်းနည်းဒေါသ ဖြစ်ကုန်ကြရပါတယ်။ ငါတို့ဟာ တရုတ်ရဲ့လက်အောက်ခံ အနိုင်ကျင့်ခံ ဘ၀ရောက် သွားပြီလား ဆိုပြီး ၀မ်းနည်းအားငယ်စိတ် ဖြစ်ကုန်ကြရပါတယ်။ နောက်တစ်ချိန်တည်းမှာ
အားလုံးပြေးမြင် မိကြတာက ကိုယ့်နိုင်ငံသား တစ်ယောက်ဖြစ်တဲ့ စိုင်းနော်ခမ်းပါ။ ဟုတ်ပါတယ် ကိုယ့်နိုင်ငံသား တစ်ယောက်ကို တရုတ်အရာရှိတွေ အလယ်မှာ ဒူးထောက်ခိုင်းပြီး လူအခွင့်အရေး တပြားသားမှ မရှိအောင် ဆက်ဆံပြီး ကြက်ကလေး ငှက်ကလေးလို လွယ်လွယ်ကူကူ သတ်သွားတဲ့ မြင်ကွင်းကို အားလုံးပြန်မြင်ရောင် ကုန်တာပါပဲ။

စိုင်းနော်ခမ်း သေဒဏ်ပေးစီရင်မှုကို ကမ္ဘာသိအောင် ရုပ်သံကနေ တိုက်ရိုက်ပြပြီး ငါတို့နိုင်ငံသား ထိရင်မရဘူး မြန်မာနိုင်ငံ အပေါ် ငါတို့ဘယ်နိုင်တယ်တယ် ဆိုတာ ပြသခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ အချုပ်အခြာ ပိုင်နိုင်ငံတစ်ရဲ့ ဂုဏ်သိက္ခာကို အနိုင်ကျင့် စော်ကားပြတဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။

စိုင်းနော်ခမ်းဟာ မိမိအစိုးရရဲ့ အကာအကွယ် ပေးမှုတစ်ခုမှ မရရှိပဲ အမိမဲ့သားပမာ သူများနိုင်ငံမှာ သေဆုံး ခဲ့ရပါတယ်။ ကျွန်တော်ပြောချင်တာက စိုင်းနော်ခမ်းဘက်က ကာကွယ်ပြောနေတာ မဟုတ်ပါဘူး စိုင်းနော်ခမ်း ဟာ အပြစ်ရှိသူ တစ်ယောက်မို့ အပြစ်ပေးခံရတာ နားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့် လူသားတစ်ဦးအပေါ် ဆက်ဆံသွားပုံ ဆေးထိုးသတ်တာကို ရုပ်သံက တိုက်ရိုက် ထုတ်လွင့် သွားပုံတွေ ကတော့ စော်ကားတယ်လို့ မြင်မိပါတယ်။ ရိုးရိုးလေး စဉ်းစားကြည့်ပါ စိုင်းနော်ခမ်းနေရာမှာ အမေရိကန်နိုင်ငံသား တစ်ဦး ဖြစ်ခဲ့မယ်ဆိုရင် သူတို့ဒီလိုဆက်ဆံ အပြစ်ပေးလို့ ရမလား၊ အမေရိကန်နိုင်ငံကရော ကိုယ့်နိုင်ငံသား အပေါ်မျက်နှာလွဲ ခဲပစ်လုပ်မယ်လို့ ထင်ပါသလား။

ကိုယ့်နိုင်ငံသားတွေကြတော့ ကိုယ့်နိုင်ငံကထွက်တဲ့ ကျွန်းသစ်ကို ဆိုက်ကားလေးနဲ့ တစ်ချောင်း နှစ်ချောင်း တင်လာလို့ မိရင်တောင် ကြီးလေးစွာ နှစ်ချီပြီး ထောင်ဒဏ်အပြစ်ပေး ခံရပေမယ့် နိုင်ငံပိုင် သစ်တောတွေကို နှစ်ပေါင်းရာချီပြီး မတရားခိုးယူနေတဲ့ တစ်ရုတ်တွေကို မိတာကျတော့ ထောင်ဒဏ်ရှစ်ရက်ပဲ အပြစ်ပေးတာဟာ ဦးသိန်းစိန်အစိုးရတွက် အင်မတန် အရှက်ရစရာ ဖြစ်ပါတယ်။ မကြာသေးခင်က လောက်ကိုင်စစ်ပွဲမှာ သူ့နိုင်ငံဘက်ကို ကျည်ဆံ ကျရောက်တော့ ပေါက်ဖော်ကြီးက ဘယ်လို ဆက်ဆက်ထိမခံ ဆက်ဆံ ခဲ့သလဲဆိုတာ တွေ့ရမှာပါ။ ကိုယ့်နိုင်ငံက လူကြီးတွေဟာလည်း သိက္ခာတစ်ပြားသားမှ မရှိအောင် သူ့နိုင်ငံထိသွားပြီး ရှိခိုးမတောင်းပန် ရရုံတောင်းပန်ရ လျော်ကြေးငွေ တွေပေးရ လုပ်ခဲ့ရတာ အားလုံး အသိပဲ ဖြစ်မှာပါ။

တရုတ်တွေကြတော့ အောက်ကျို့ အလျော့ပေး အခွင့်အရေးတွေ ပေးပြီး ဆက်ဆံကြပေမယ့် ကိုယ့်နိုင်ငံ သားတွေ ကြတော့ တရုတ်နဲ့ ပတ်သတ်ရင် နည်းနည်းမှ အလျော့မပေး မျက်နှာသာ မပေးခဲ့ပါဘူး။ ပေါက်ဖော်ကြီး အတွက် ဆိုရင် ကိုယ့်နိုင်ငံသားတောင် ပြန်သတ်တဲ့အထိ လုပ်ခဲ့တာ လက်ပံတောင်း ကိစ္စမှာတွေရမှာဖြစ်ပါတယ်။ ပြည်သူမပြောနဲ့ သံဃာတောင် မီးလောင်ဗုန်း နဲ့ ပစ်ခဲ့တာပါ။ တရုတ်သံရုံးရှေ့ ဆန္ဒပြလို့ တရုတ်အလံမီးရှို့လို့ဆိုပြီး မျက်နှာအားရ ကိုယ့်နိုင်ငံသားတွေကို ထောင်ချအပစ်ပေး ခဲ့တာတွေစတဲ့ လုပ်ရပ်တွေကို ပြည်သူ အားလုံးက ယခု တရုတ်နိုင်ငံသား တွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာနဲ့ ချိန်ထိုးပြီးရင်ထုမနာ ဖြစ်ကုန်ကြ ပါတော့တယ်။

အုပ်ချုပ်သူအစိုးရ ကိုယ်တိုင်က နေရာတကာ ပေါက်ဖော်တွဘက်က အကာအကွယ်ပေး မျက်နှာလုပ် နေကြတော့ တရုတ်တွေဟာ ကိုယ့်နိုင်ငံထဲမှာတောင် နိုင်ငံသားတွေအပေါ် သူတို့ရဲ့ကျွန်တွေပမာ ဆက်ဆံ နေကြတာတွေ့ ရမှာပါ။

ကိုယ့်နိုင်ငံက မြေပေါ်မြေအောက် သဘာဝ သယံဇာတတွေ မတရားစွာ ပေါ်တင်ရယူ နေရုံမက ကိုယ့်နိုင်ငံက အမျိုးသမီး ငယ်လေးတွေပါ အပျော်မယားအဖြစ် ၀ယ်ယူပေါင်းသင်းပြီး လိင်ကျွန်အဖြစ် ဆက်ဆံနေတာဟာ တွေးလေ တွေးလေ အရိုးထိအောင်နာပြီး ကမ္ဘာတုန်အောင်ကုန်း အော်ပစ်လိုက်ချင်တယ်။

ကျွန်တော်တို့နိုင်ငံသားတွေဟာ တိုင်းတစ်ပါး ရောက်တော့လည်း လူမလေးခွေးမခန့်နဲ့ နားရွက်တံတွေးဆွတ် အနိုင်ကျင့်ခံနေရသလို ကိုယ့်နိုင်ငံမှာ နေတော့လည်း တိုင်းတပါးသားတွေနဲ့ အာဏာရှင်တွေရဲ့ အနိုင်ကျင့် မတရား လုပ်သမျှကို ခေါင်းငုံ့ ခံနေရပါတယ်။ တစ်ချိန်က အာရှမှာ ကျားရဲတစ်ကောင်လို ဟိန်းနိုင်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံဟာ စစ်အာဏာရှင်တွေရဲ့ နှစ်ပေါင်း ၅၀ ကျော် အမိန်အာဏာနဲ့ အပြစ်ဒဏ်နှစ်ခုတွဲပြီး ထင်ရာစိုင်း ဖိနှိပ်အုပ်ချုပ် ခဲ့တာကနေ အရင် ကျားဘ၀ကနေ ယနေ့တော့ နွားဘ၀ ရောက်ရှိလို့ သွားပါပြီ။ တိုင်းပြည်ဟာလည်း ချွတ်ခြုံကျအောင် ဆင်းရဲ မွဲတေ သွားသလို ပြည်သူတွေရဲ့ဘ၀ဟာလည်း မျော်လင့်ချက်မဲ့ ဘ၀ရောက်ရှိ ကုန်ပါ တော့တယ်။ ကျွန်တော် တို့ နိုင်ငံမှာ အာဏာရှင်တွေ သက်ဆိုးရှည်ပြီး တိုင်းပြည်ဒုက္ခ ဆင်းရဲတွင်းထဲရောက်ခဲ့ရတဲ့ အဓိက တရားခံတွေထဲမှာ အိမ်နီးချင်း တရုတ်နိုင်ငံက ထိပ်ဆုံးက ပါဝင် ခဲ့ပါတယ်။

မိမိအာဏာ တည်မြဲရေး ကလွဲပြီး ကမ္ဘာ့နိုင်ငံတွေက ဘယ်လောက် ပိတ်ဆို့နေပါစေ တရုတ်ကို အားကိုးရှာပြီး တရုတ်လုပ်သမျှ လည်စင်းခံပြီး ရုပ်သေး ရုပ်အစိုးရ ဘ၀နဲ့နေနေရတာ ပြည်သူတစ်ယောက် အနေနဲ့ အင်မတန် ၀မ်းနည်း ကြေကွဲရပါတယ်။ တစ်ခါတစ်ခါ ကိုယ့်နိုင်ငံဟာ လွတ်လပ်ရေးရပြီ ဆိုတာတောင် သံသယ ဖြစ်မိပါတယ်။

တိုင်းပြည်ရဲ့ရှိသမျှစီမံကိန်း လုပ်ငန်းအားလုံးဟာ တရုတ်ပိုင်တွေ ချုပ်ကိုင်လုပ်ကိုင်နေ ကြပါတယ်။ အထက် မြန်မာပြည် မူဆယ်၊ လာရှိုး၊ မန်းလေးမြို့တွေဟာ တရုတ်တွေ သိမ်းပိုက်လိုက်ပါပြီ။

တစ်နိုင်ငံလုံးမှာရှိသော တရုတ်တွေပိုင်ဆိုင်တဲ့ မြေနေရာ တွေဟာလည်း နိုင်ငံ တစ်ဝက်လောက်တောင် ရှိ တော့မယ် ထင်ပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းကိုဖြတ်ပြီး ဓာတ်ငွေ့ ပိုက်လိုင်းတွေ ဖောက်ခဲ့တယ် ရထားလမ်းတွေ၊ ကားလမ်းတွေ လည်း ဖောက်ဖို့ လုပ်နေကြတယ်။ ဖားကန့်မှာရှိတဲ့ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းတွေ၊ နိုင်ငံအ၀ှမ်းက ရွှေတူးဖော်ရေး လုပ်ငန်းတွေဟာ မြန်မာနာမည်ခံ တရုတ်နိုင်ငံသားတွေ ချည်းပါပဲ။

နောက်ဆုံး တိုင်းပြည်တစ်ခုရဲ့ အရေးကြီးဆုံး ဖြစ်သော တံခါးပေါက်ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ဆိပ်ကမ်းတွေကို လုပ်ကိုင်ခွင့် ရနေတာက ဘိန်းဘုရင် မိသားစုက ဆင်းသက်လာတဲ့ တရုတ်တွေဖြစ်တဲ့ အေးရှားဝေါလ် ကုမ္ပဏီဆိုတော့ စဉ်းစားသာ ကြည့်ကြပါတော့ဗျာ။ ကမ္ဘာ ကုလသမဂ္ဂမှာ တရုတ်ပြည်သူ့သမ္မတ မြန်မာနိုင်ငံလို့ မပြောင်းသေးတာပဲ ရှိပါတော့တယ်။

နောက်ဆုံးပြောချင်တာက အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေးဆိုပြီး မစားရ ၀ခမန်း အော်နေယုံနဲ့ မရဘူးဆိုတာ အုပ်ချုပ်သူ အစိုးခေါင်းဆောင်တွေကို အသိပေး ပြောကြား ချင်ပါတယ်။

- ကျော်ကြီး (MDY)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

အရင်ကကျား အခုတော့ . . .  အရင်ကကျား အခုတော့ . . . Reviewed by သစ်ထူးလွင် on 18:20 Rating: 5
Powered by Blogger.