မြန်မာနိုင်ငံအောက်ပိုင်းမှာ ရေကြီးမှုတွေ ဆက်ဖြစ်လာ

 မြစ်ဝကျွန်းပေါ် ဒေသ ဧရာဝတီ တိုင်းထဲက ဒေသ တချို့မှာ ရေကြီး ရေလျှံမှုတွေ ဖြစ်နေပြီး မွန်ပြည်နယ် ကရင် ပြည်နယ်က ဒေသတွေမှာလည်း မြစ်ရေ လျှံတက်နေပါတယ်။

ညောင်တုန်းမြို့မှာ သြဂုတ်လ ၄ ရက်နေ့ တိုင်းထွာချက် အရ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီး အန္တရာယ်အဆင့်ကို လိမ္မော်ရောင် အဆင့် သတ်မှတ်ထားတယ်လို့ ညောင်တုန်း ဒေသခံ တစ်ယောက်က ပြောပါတယ်။

အလားတူ ဟင်္သာတမြို့မှာလည်း မြို့ပေါ်မှာ ရေမကျော်သေးပေမယ့် ဧရာဝတီမြစ်ရေက စိုးရိမ်ရေမှတ်ထက် ကျော်လွန်ပြီး ရွာတွေ ရေဖုံးလွှမ်းသွားတဲ့ အတွက် ကယ်ဆယ်ရေးတွေ လုပ်နေရတယ်လို့ သူက ပြောပါတယ်။

ရေဘေးဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ရပြီး တစ်ပတ်လောက် ရေမြုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာတော့ ရေကျသွားပေမယ့် ချင်းတွင်းနဲ့ ဧရာဝတီမြစ် ဆုံရာ ဒေသရဲ့ အောက်ပိုင်းက ရွာတွေမှာ ရေတွေမြုပ်နေလို့ ဒေသခံတွေ ကိုယ့်အိမ်ကို မပြန်နိုင်ကြသေးဘဲ ဒုက္ခသည် စခန်းတွေမှာ ဆက်နေနေရတုန်း ဖြစ်ပါတယ်။

သြဂုတ်လ ၃ ရက် ညနေပိုင်းထိ ကွန်ပျူတာ တက္ကသိုလ်မှာ တစ်ပတ်လောက် ပိတ်မိနေခဲ့တဲ့ ကျောင်းသားတွေနဲ့ ကျောင်းဝန်ထမ်း ၄၈ ယောက်ကိုတော့ ကယ်ထုတ်နိုင်ပြီး အားလုံး ကလေးမြို့ပေါ်ကို ရောက်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့ ပတ်ဝန်းကျင်မှာ ရေနစ်မြုပ်လို့ သေဆုံးသွားတဲ့ အိမ်မွေးတိရိစ္တာန် ကြက်တွေရဲ့ အပုပ်နံ့တွေ ထွက်နေပြီး ကျန်းမာရေး ထိခိုက်နိုင်တဲ့ အတွက် သက်ဆိုင်ရာကို ဒေသခံတွေက အကူအညီ တောင်းထား ကြတယ်လို့ သိရပါတယ်။

ချင်းတွင်းမြစ်ရေ ကျသွားပြီဖြစ်လို့ အရင်ရက်က စိုးရိမ်ရတဲ့ မုံရွာမြို့လည်း အန္တရာယ် ကင်းသွားပေမယ့် မုံရွာတဖက်ကမ်းက ရွာတွေနဲ့ ရေစကြိုမြို့နယ်က ရွာတွေမှာတော့ ရေတွေ များနေပါတယ်။

ညောင်ဦးမြို့မှာ ၁၉၈၈ ခုနှစ် နောက်ပိုင်း အဆိုးဆုံး ရေကြီးမှု ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်တွေ ရေမြုပ်နေတယ်လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

အခုဆို ရေတွေဟာ သုံးလို့မရလောက်အောင် ရွှံ့ရေတွေဖြစ်နေပြီး သောက်သုံးရေ အခက်အခဲ အတော်ဖြစ်နေတယ်လို့ ရေဘေးသင့် ဒေသခံတွေကပြောပါတယ်။

ရေနံချောင်းမြို့နယ် အတွင်းက ရွာတွေမှာ အိမ်တွေ ခေါင်မိုး အထိ ရေမြုပ်နေတယ်လို့ ဆိုပါတယ်။

စေတုတ္တရာ ဘက်ခြမ်းမှာတော့ မုန်းချောင်း ရေလျှံလို့ လမ်းတွေပျက်ပြီး တစ်ရွာနဲ့တစ်ရွာ သွားလာရ ခက်ခဲနေပါတယ်။

အခုရက်ပိုင်း အရပ်ဖက် ကူညီရေး အဖွဲ့တွေက စားသောက်စရာတွေ လာလှူကြလို့ အစားအသောက်အတွက် မပူရတော့ပေမယ့် နောက်ရက်မှာ ဧရာဝတီမြစ်ရေ ဆက်တက်ရင် ဒုက္ခရောက်ကြမှာကို စိုးရိမ်နေကြပါတယ်။

အခုလက်ရှိ မိုးလေဝသ ဌာနရဲ့ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ညောင်ဦးမှာ ၄ပေခွဲ၊ ဟင်္သာတမှာ ၃ပေခွဲထိရှိနေပြီး နောက် ၃ရက်အတွင်း တစ်ပေလောက် ထပ်ပြီး မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
မြန်မာနိုင်ငံအောက်ပိုင်းမှာ ရေကြီးမှုတွေ ဆက်ဖြစ်လာ  မြန်မာနိုင်ငံအောက်ပိုင်းမှာ ရေကြီးမှုတွေ ဆက်ဖြစ်လာ Reviewed by THITHTOOLWIN on 07:41 Rating: 5
Powered by Blogger.