အိန္ဒိယနိုင်ငံတောင်ပိုင်း၌ ရထားလမ်းကူးတွင် ရထားနှင့် လော်ရီကား တိုက်မိ၊ ငါးဦးသေဆုံး


 နယူးဒေလီ သြဂုတ် ၂၄

 အိန္ဒိယနိုင်ငံတောင်ပိုင်း အင်ဒရာပရာဒေ့ရှ်ပြည်နယ်၌ ရထားလမ်းကူး တစ်နေရာတွင် အမြန်ရထားတစ်စင်းနှင့် လော်ရီကားတစ်စီးတို့ တိုက်မိမှု ဖြစ်ပွားရာ ငါးဦးထက်မနည်း သေဆုံးကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သြဂုတ် ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။

သြဂုတ် ၂၄ ရက်အစောပိုင်းက ဖြစ်ပွားသော ယင်းဖြစ်စဉ်တွင် အမြန် ရထား၏ တွဲလေးတွဲလမ်းချော်ခဲ့ကြောင်း ဘင်္ဂလိုမြို့ အခြေစိုက်ရထားလုပ်ငန်း ဌာနခွဲ မန်နေဂျာ ဆန်ဂျေးအဂါဝါက ပြောကြားသည်။

မတော်တဆမှုကြောင့် သေဆုံးခဲ့ရသူများတွင် ကာနာတာကာပြည်နယ်မှ ပါလီမန်အမတ်တစ်ဦးလည်း ပါဝင်ကြောင်း၊ လော်ရီကားယာဉ်မောင်းမှာလည်း သေဆုံးခဲ့ရကြောင်း ၎င်းက ပြောကြားသည်။

ရထားလမ်းကူးတွင် လူအစောင့်ရှိပြီး မီးနီဖြင့် အချက်ပြခဲ့သော်လည်း လော်ရီကားမှာ ရပ်တန့်ရန် ကြိုးပမ်းစဉ် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ရထားလမ်းကူးဂိတ်ကို ဝင်တိုက်မိပြီးနောက် အမြန်ရထားနှင့် တိုက်မိခြင်း ဖြစ်သည်။

ကာနာတာကာပြည်နယ် မြို့တော်ဘင်္ဂလိုမှ မဟာရာရှတြာပြည်နယ်ရှိ နန်းဒက်မြို့သို့ ခုတ်မောင်းသော အမြန်ရထားနှင့် လော်ရီကား တိုက်မိမှုတွင် ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ဒေသစံတော်ချိန် နံနက် ၂ နာရီခွဲခန့်တွင် အင်ဒရာပရာဒေ့ရှ်ပြည်နယ် အင်နာတာပူးရ်ခရိုင်၌ မတော်တဆမှု ဖြစ်ပွားခဲ့သည်။ ရထားနှင့် တိုက်မိသည့် လော်ရီကားပေါ်တွင် နှမ်းဖတ်ကျောက် ကျောက်တုံးကြီးများကို သယ်ဆောင် လာခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ပီတီအိုင်။
The Mirror Daily
https://www.facebook.com/TheMirrorDaily
အိန္ဒိယနိုင်ငံတောင်ပိုင်း၌ ရထားလမ်းကူးတွင် ရထားနှင့် လော်ရီကား တိုက်မိ၊ ငါးဦးသေဆုံး   အိန္ဒိယနိုင်ငံတောင်ပိုင်း၌ ရထားလမ်းကူးတွင် ရထားနှင့် လော်ရီကား တိုက်မိ၊ ငါးဦးသေဆုံး Reviewed by THITHTOOLWIN on 06:59 Rating: 5
Powered by Blogger.