နိုင်ငံတကာမှပေးမည့် ရေဘေးအကူအညီများအား အစိုးရအနေဖြင့် ပွင့်လင်းမြင်သာစွာ စီမံရေးဆွဲချပြစေလို


 ရေဘေးသင့် ပြည်သူများအတွက် နိုင်ငံတကာမှပေးမည့် အကူအညီများအား အစိုးရအနေဖြင့် ပွင့်လင်းမြင်သာစွာ စီမံရေးဆွဲ ချပြစေလိုကြောင်း ရေဘေး အန္တရာယ် တုံ့ပြန်ညှိနှိုင်းရေးအဖွဲ့မှ ဒေါ်သိန္နီဦးက သြဂုတ်လ ၅ ရက် တွင် ပြောသည်။

နိုင်ငံတကာ အထောက်အပံ့ ရရှိ မည်ဆိုပါက မည်သို့လုပ်ဆောင်ရမည်ကို စီမံချက်ရေးဆွဲရမည် ဖြစ်ကြောင်း နိုင်ငံတကာမှ အကူအညီများ ရောက်လာလျှင် အဆင်သင့် လုပ်ဆောင်နိုင် မည်ဖြစ်ပြီး အဆိုပါအစီအစဉ်များ ရေးဆွဲမည်ဆိုပါကလည်း သက်ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများအား ဖိတ်ခေါ်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ မည်သို့လုပ်ဆောင်မည်ကို ပူးပေါင်းရေးဆွဲရမည်ကြောင်း ဆက်လက်ပြော သည်။

ထို့ပြင် လိုအပ်သော ကူညီထောက်ပံ့မှုများနှင့် ရေဘေး ဒုက္ခသည်များ အတွက် ပြန်လည်ထူထောင်ရေး အစီအမံများ အားနည်းနေခြင်းသည် အစိုးရတစ်ရပ်အနေဖြင့် တာဝန်ရှိသည့် ပြည်သူလူထုအပေါ် အရေးပေါ် အခြေအနေအတွင်း ကာကွယ်ရန် ကြိုတင်ပြင်ဆင် ထားချက်များ အားနည်းနေကြောင်း တွေ့မြင်နေရသည်။

ရေဘေးဒဏ်ခံနေရပြီး အထူးစိုး ရိမ်နေရသော နေရာဒေသများသို့ လိုအပ်လျက်ရှိသော အကူအညီများကို ခွဲခြားမှုမရှိဘဲ အလျင်အမြန် ရောက်ရှိရေး လုပ်ဆောင်ပေးရန်၊ သဘာဝဘေးဒဏ်နှင့် လူသားချင်း စာနာသော အကူအညီ အထောက်အပံ့များ လိုအပ်နေ သည့် မြန်မာနိုင်ငံသားများအတွက် ကူညီမှုများကို နိုင်ငံတော် ဘတ်ဂျက်များမှ ပွင့်လင်းမြင်သာစွာ စနစ်တကျသုံးစွဲပြီး နိုင်ငံရေးအကျိုးအမြတ် အဂတိ ကင်းရှင်းစွာ ဆောင်ရွက်ရန် တိုက်တွန်းထားသည်။

ဆက်လက်ပြီး အရေးပေါ်နှင့် ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကူညီမှုများ တောင်းခံရန်နှင့် ကန့်သတ်ချုပ်ချယ်မှုများ မရှိဘဲ လုပ်ဆောင်ခွင့်များပြုရန်၊ ရေဘေးအတွက် လှူဒါန်းသည့် အကူအညီများ အပေါ် အခွန်အကောက် ကောက်ခံခြင်း၊ ကန့်သတ်ခြင်း များအား အမြန်ဆုံးရပ်တန့်ရန်၊ ရေဘေးဒဏ် ခံရသော ပြည်သူများအား ကူညီနေကြသော စေတနာ့ဝန်ထမ်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုကို ဟန့်တားနှောင့်ယှက်ခြင်း မပြုဘဲ ၎င်းတို့၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြု ခွင့်ပြုပြီး စနစ်တကျဖြစ်စေရန် အတွက် လက်တွဲ လုပ်ဆောင်သွားရန်အတွက် အလေးအနက် တိုက်တွန်းထားကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ရေဘေးသင့် အန္တရာယ်သည် တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် ခံစားနေရခြင်းဖြစ်ပြီး ယင်းတို့ထဲတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် အလိုအပ်ဆုံး အခြေအနေတွင် ရှိနေ သေးကြောင်းနှင့် ကျန်ပြည်နယ် တိုင်းဒေသများတွင်လည်း ကယ်ဆယ်ရေး မရောက်နိုင်သည့် နေရာများစွာ ကျန်ရှိနေသေးကြောင်း အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ ပြောပြချက်အရ သိ ရသည်။

စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies
နိုင်ငံတကာမှပေးမည့် ရေဘေးအကူအညီများအား အစိုးရအနေဖြင့် ပွင့်လင်းမြင်သာစွာ စီမံရေးဆွဲချပြစေလို  နိုင်ငံတကာမှပေးမည့် ရေဘေးအကူအညီများအား အစိုးရအနေဖြင့် ပွင့်လင်းမြင်သာစွာ စီမံရေးဆွဲချပြစေလို Reviewed by သစ်ထူးလွင် on 20:34 Rating: 5
Powered by Blogger.