နေရေးအခက်တွေ့နေသည့် ရေဘေးသင့်ရွာများကို ဘယ်လိုပြန်လည် တည်ဆောက်ကြမလဲ


 ကလေး သြဂုတ် ၁၃

 ဇူလိုင် ၃ဝရက်မှ စတင်ကာ တောင်ကျရေများပြားခြင်း၊ မြစ်ကြောင်းများ ကျဉ်းမြောင်းတိမ်ကောလာခြင်းနှင့် မုန်တိုင်းဝင်ရောက်ခြင်းတို့ကြောင့် နိုင်ငံအနှံ့အပြားတွင် ရေကြီးရေလျှံမှုများ စံချိန်တင် ဖြစ်ပွားခဲ့ပြီး လူပေါင်းသုံးသိန်းကျော် ရေဘေးဒဏ်ကို ခံစားခဲ့ကြရသည်။ ယခုအခါ ရေများပြန်လည်ကျဆင်းသွားနေပြီဖြစ်သော်လည်း ရေဘေးသင့်ဒေသများရှိ ပြည်သူများမှာ ပုံမှန်ဘဝအခြေအနေများကို ပြန်လည်ရရှိရန် အလှမ်းဝေးနေဆဲ ဖြစ်သည်။

သူတို့ ကြုံတွေ့ခဲ့ရသည့် ရေဘေး သည် စားဝတ်နေရေးအပြင် ဘဝ ရပ်တည်မှု ပုံစံများ၊ နေထိုင်မှုစရိုက် များနှင့် လူမှုအခြေအနေများကိုပင် ခြိမ်းခြောက်လာနေသည်ကို ကလေး မြို့နယ်နှင့် တမူးမြို့နယ်တစ်ဝိုက် ဒေသများရှိ ကျေးလက်ဒေသများ အထိ ကွင်းဆင်းသတင်းယူခဲ့ရာမှ တစ်ဆင့် မြင်တွေ့ခဲ့ရသည်။

''ဘုန်းကြီးတို့ရွာမှာ ပြန်နေဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ နွံထု က ခါးတစ်ဝက်ရှိပါတယ်။ ကျောင်း လည်းပြန်မရ၊ ရွာလည်းပြန်မရနဲ့ ကယ်ဆယ်ရေးစခန်းမှာတင် အချိန် အကြာကြီးနေရတော့မှာမို့ အမြန် ဆုံးရွာသစ်တည်ဖို့ ကျေးရွာသားတွေ နဲ့ ဘုန်းတော်ကြီးတွေဆန္ဒရှိကြတယ်'' ဟု ကလေးမြို့နယ် မော်လိုက်ကလေး တောင်ရွာ အောင်ဇေယျာကျောင်း တိုက်မှ ဦးကိတ္တိဗလက မိန့်ကြား သည်။


မော်လိုက်ကလေးတောင်ရွာ သည် နှစ်ပေမှ ခါးတစ်ဝက်အထိ နစ် မြုပ်နေသော နွံများအကြား၌ ရွာ ပြန်လည်ပြုပြင်တည်ဆောက်ရန် အ ခက်အခဲများ ရင်ဆိုင်နေကြရပြီး နွား၊ ဝက်နှင့် ခွေးအစရှိသည့် တိရစ္ဆာန် များ ပျက်စီးသေဆုံးရာမှ ထွက်ပေါ် လာသည့်အနံ့အသက်ဆိုးများကြောင့် ရေပြန်ကျကာ ယခုအချိန်အထိ နေရပ် သို့ မပြန်နိုင်ဘဲ နီးစပ်ရာကျေးရွာများ ၏ ကယ်ဆယ်ရေးစခန်းများ၌သာ ဆက်လက်နေထိုင်ကြရသည်။

သက်ဆိုင်ရာက ရွာနေရာသစ်ကို အမြန်ဆုံး ပြန်လည်စီစဉ်ပေးမည် ဟု ကတိပေးထားသော်လည်း ရွာသူ ရွာသားများနှင့် ဘုန်းတော်ကြီးများ ၏ စိုးရိမ်ပူပန်မှုများက မြင့်တက်နေ သည်။''စာအုပ်စာတမ်းကအစ သင်္ကန်း အဆုံး ဘာတစ်ခုမှ သယ်မလာခဲ့နိုင်ပါ ဘူး။ ကျေးဇူးတင်စရာ ကောင်းတာက လက်ရှိမှာ သံဃာတော်တွေအတွက် ပစ္စည်းလေးပါးမပူပန်ရသလို ရွာသား တွေအတွက်လည်း စားနပ်ရိက္ခာ တွေကို အလှူရှင်အသီးသီးရဲ့ ကျေး ဇူးနဲ့ ပြည့်ဝနေတယ်။ အခက်အခဲက နေရပ်ကိုမပြန်နိုင်တာပဲဖြစ်ပါတယ်''ဟု ဦးကိတ္တိဗလက မိန့်သည်။
မော်လိုက်ကလေးတောင်ရွာမှ ဒေသခံများသည် မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီးအဆင့်ဆင့်သို့ တင်ပြ ၍ နွံထုခြောက်ပေအထိ ဖုံးလွှမ်း လျက်ရှိသော ကျေးရွာဟောင်းကို စွန့်ခွာကာအနီးရှိ မော်လိုက်ကလေး ရွာသစ်ပတ်ဝန်းကျင်၌ မြေ ၂၄ ဧက ခန့်ကို ရရှိလိုကြပြီး ယင်းနေရာတွင် ရွာသစ်ပြန်လည်တည်ဆောက်ရန် ဆန္ဒရှိကြကြောင်း သိရသည်။

''မြေနေရာချထားပေးဖို့ သက် ဆိုင်ရာကို ရွာသူရွာသားတွေအားလုံး စုပေါင်းပြီး တင်ထားပါတယ်။ လက် ရှိမှာနေဖို့ စားဖို့အဆင်ပြေနေပါတယ်။ ဒါပေမယ့် မြေနေရာချထားပေးမယ် ဆိုရင် အဆင်ပြေပြေမပြေပြေ ဖြစ် တဲ့နည်းနဲ့ ဖြစ်အောင်ဆောက်ကြ မယ်။ ရည်ရွယ်ထားတဲ့နေရာဟာ တပ်မတော်ပိုင်မြေ တစ်ဝက်နဲ့ ပုဂ္ဂလိကပိုင်မြေ တစ်ဝက်စီဖြစ်နေ တာကြောင့် ညှိနှိုင်းပေးမယ်လို့တော့ အဖြေရထားတယ်''ဟု ဒေသခံ တစ်ဦးကပြောသည်။
ထို့အပြင်မော်လိုက်ကလေးကျေး ရွာတွင်လည်း အလားတူဖြစ်ရပ်မျိုး ကြုံတွေ့နေရပြီး မြေနေရာသစ်ရရှိရန် အတွက် သက်ဆိုင်ရာဌာနများသို့ တင်ပြထားကြောင်း၊ လက်ရှိတွင် ကယ်ဆယ်ရေးစခန်းများ၌သာ ဆက် လက် နေထိုင်နေရဆဲဖြစ်ကြောင်း ဒေသခံဘုန်းတော်ကြီး ဦးသုဇနက မိန့်ကြားသည်။

''ကျွန်တော်က ကယ်ဆယ်ရေး စဝင်လို့ရတဲ့နေ့ကစပြီး ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ပါတယ်။ ကျီကုန်းရွာ၊ ကျောက္ကာရွာနဲ့ သဲကုန်းတန်းရွာ တွေကတော့ ၉ဝ ရာခိုင်နှုန်းလောက် ပျက်စီးနေကြပြီဆိုတော့ ရွာနေ ရာအတိုင်း ပြန်နေလို့မရတော့ဘူးလို့ ထင်ပါတယ်။ နွံထုက တစ်ပေနှစ်ပေ ဆို ပြဿနာမရှိဘူး။ အခုဟာက ခြောက်ပေလောက်ဖြစ်နေတော့ သူတို့ အတွက် နေစရာအမြန်ဆုံးသတ်မှတ် ပေးစေချင်တယ်။ အောင်မြင်သာရွာ ဆိုရင် ရှစ်ပေအထိ သဲဖုံးသွားခဲ့ပြီ''ဟု ကလေးမြို့မှ စားသောက်ကုန် ဖြန့်ဖြူးရေးလုပ်ငန်းရှင် ကိုအောင် ကျော်စည်က ပြောသည်။

ရေဘေးကြုံတွေ့ခဲ့ရကာ ရွာ၌ ပြန်လည်နေထိုင်ရန် အခက်အခဲရှိကြ သူများအတွက် ရွာသစ်တည်ဆောက် ရန် မြေနေရာများ လျင်မြန်စွာ စိစစ် ချထားရေးကို စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့က အလေးအနက် ထား အကောင်အထည်ဖော်လျက်ရှိ သည့်အပြင် သက်ဆိုင်ရာမြေပိုင်ရှင် များ၊ ဝန်ကြီးဌာနများနှင့် ညှိနှိုင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း ကလေးမြို့နယ် စီမံခန့်ခွဲရေး ကော် မတီဥက္ကဋ္ဌ ဦးဝေလွင်က ဖြေကြား သည်။
''ကယ်ဆယ်ရေးနဲ့ ကူညီရေး တွေကို လုပ်ပေးဖို့က ဦးစားပေး အဆင့်ဖြစ်ပါတယ်။ အခုအချိန်မှာ နေရပ်အသီးသီးကို ပြန်နေသူတွေ ကလည်း ပြန်နေကြပါပြီ။ အများ ဆုံးထိခိုက်တဲ့ ဒေသမှ လူတွေက တော့ ပြန်ဖို့အခက်အခဲတွေအများ ကြီးရှိနေပါသေးတယ်။ ကျွန်တော် တို့ ဌာနတွေကလည်း သက်ဆိုင်ရာ ရပ်မိရပ်ဖတွေ၊ အုပ်ချုပ်ရေးမှူးတွေ ကိုခေါ်ယူပြီး စာရင်းတွေပြုစုတယ်။ ပကတိအခြေအနေတွေကို ပညာရှင် တွေနဲ့ တိုင်ပင်တယ်။ အိမ်ရာသစ် ဖော်ဆောင်ဖို့အတွက် အဓိကပြဿနာ က မြေနေရာဖြစ်ပါတယ်။ တောင်းဆို တဲ့နေရာတိုင်းကိုတော့ စနစ်တကျနဲ့ စိစစ်ပြီး လိုအပ်သလို ဆောင်ရွက်ပေး မှာပါ။ မြေပြိုသွားတဲ့ရွာတွေ၊ နွံထု က ခြောက်ပေလောက်အထိ မြင့်လာ တဲ့ရွာတွေနဲ့ ချောင်းဖြတ်သန်းသွား တဲ့ရွာတွေအတွက်တော့ ရွာသစ်တွေ အမြန်ဆုံးတည်ထောင်ပေးဖို့ လုပ် ဆောင်နေတယ်။ နေရာသတ်မှတ်မှု ဆိုတာလည်း အချိန်ပေးပြီး လုပ် ဆောင်ရတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ အမြန်ဆုံးနဲ့ အမှားအယွင်းအနည်း ဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွား ပါမယ်''ဟု ဦးဝေလွင်ကပြောသည်။

အောင်မြင်သာရွာကို မူလက သဲကုန်းတန်းရွာဟု ခေါ်ဆိုကြပြီး နာမည်နှင့် လိုက်ဖက်အောင်ပင် ရွာ တစ်လျှောက် သဲများက ဖုံးလွှမ်းသွား သည်ကို မြင်တွေ့ရသည်။
''တစ်ထပ်အိမ်ဆိုရင် တံစက် မြိတ်ပဲပေါ်တယ်။ နှစ်ထပ်အိမ်ဆိုရင် အောက်ထပ်က သဲထဲမှာရောက် သွားတယ်။ ရွာထဲမှာကျန်ခဲ့တဲ့ ဆိုင် ကယ်တွေဆိုရင် လက်ကိုင်လေးတွေ ပဲ ပေါ်တော့တယ်။ အဲလိုနေရာမှာ ကျွန်တော်တို့ ဘယ်လိုပြန်နေလို့ဖြစ် တော့မလဲ။ သဲမြေက အချိန်မရွေး ပြိုကျနိုင်ပြီး ဘယ်နေရာက သွားရမလဲ ဆိုတာကို မသိဘူး။ အစားအသောက် အခက်အခဲ မရှိပေမယ့် နေထိုင်ဖို့ အ တွက်ကတော့ မိုးညိုလာရင်ကြောက် နေရတယ်။ လေးတိုင်စင်ကယ်ဆယ် ရေး တဲတွေဟာ မိသားစုများတဲ့သူတွေ အတွက် အခက်အခဲရှိပါတယ်။ ကူညီ ပေးမယ့်သူတွေရှိတုန်း မြေနေရာသတ် မှတ်ပေးလိုက်ရင် အိမ်မြန်မြန် ဖြစ် အောင်တော့ ဆောက်နိုင်မှာပါ။ အစ ကတည်းက သစ်ဝါးခုတ်တတ်တဲ့သူ တွေမို့ မြေနေရာရဖို့သာ ပထမဦးစား ပေးဖြစ်ပါတယ်။ လယ်မြေတွေ ပျက်စီးချက်ကိုတော့ ထည့်ကိုမပြော တော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့် အိမ်လေးနဲ့ကိုယ် လုံခြုံမှုက ပို အရေးကြီးနေတယ်''ဟု အောင်မြင် သာရွာမှ ကိုသော်လင်းထွန်းက ပြောသည်။

ကယ်ဆယ်ရေး၊ ကူညီရေးနှင့် ထူထောင်ရေး လုပ်ငန်းများတွင် အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သူ၊ ကလေးဒေသ ရေဘေးသင့်ပြည်သူ များ အားလုံး၏ အားထားရာ ဖြစ် သော ကာယကံမေတ္တာ လူမှုကူညီ ရေးအသင်းကြီးမှ နေသာဆရာတော် ဦးဓမ္မိကက ''နေလို့မရတော့တဲ့ ရွာ တွေ၊ တစ်ရွာလုံးပျောက်ဆုံးတဲ့ရွာ တွေ လေးငါးရွာထက်မနည်းရှိနေ ပါတယ်။ အမြန်ဆုံးမြေနေရာသတ် မှတ်ပေးလိုက်ရင် အလှူရှင်တွေရော၊ အလှူခံတွေအတွက်ပါ အဆင်ပြေ မယ်ထင်ပါတယ်။ ပြန်လည်ထူထောင် ရေးဆိုတာ ကယ်ဆယ်ရေးစခန်းတွေ မရှိရုံ၊ ကျောင်းတွေပြန်ဖွင့်ရုံနဲ့ ပြီးဆုံး သွားတာမှမဟုတ်တာ။ သူတို့ရဲ့လူမှု ဘဝတွေကို ပြန်စတင်ဖို့အတွက် နေ ရေးဟာ အရေးကြီးဆုံးပါ''ဟု မိန့် သည်။

ထို့အပြင်ကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများသည် အချိန်ကာလ ကန့်သတ်ချက်တစ်ရပ် ရှိခြင်းကြောင့် ဒေသခံများအနေဖြင့် မိမိတွင် ရှိရင်းစွဲ စွမ်းအားများကို အသုံးပြုကာ ပြန်လည်ပြင်ဆင်ကြဖို့ လိုအပ်နေပြီဖြစ်သည်။
''မြေနေရာ မြန်မြန်သတ်မှတ်ပေး လိုက်ပြီး အိမ်မြန်မြန် ဆောက်ပေးကြ ပါ။ အိမ်တစ်လုံး ဘယ်လောက်ကျမလဲ တွက်ကြပါ။ အလှူရှင်တွေကလည်း လှူဒါန်းပေးကြပါ။ အလှူခံတွေဘက် လည်း ကိုယ့်စွမ်းအားနဲ့ပေါင်းစပ်ပြီး တည်ဆောက်ပါ။ အိမ်ဆောက်ဖို့ လှူဒါန်းတဲ့နေရာမှာတော့ သတိထား ကြပ်မတ်ဖို့တော့လိုတယ်။ အကုန်ပုံ အောပေးလို့တော့မရဘူး။ အားလုံး ကယ်ဆယ်ရေးတဲတွေကနေ အိမ်တွေ ပေါ် ပြန်ရောက်ဖို့ ပရဟိတသမား တွေနဲ့ အစိုးရအနေနဲ့ ဘေးထိုင်ဘု ပြောသူတွေကို ဂရုမစိုက်ဘဲ ပူးပေါင်း ဆောင်ရွက်ဖို့လိုပြီ''ဟု နေသာပညာ ဒါနဆရာတော် ကာယကံမေတ္တာ လူမှုကူညီရေးအသင်း ဦးဆောင် ဆရာတော်ဦးဓမ္မိကက မိန့်ကြားသည်။
ယနေ့ရရှိသည့်အချက်အလက် များအရ ကလေးမြို့နယ်ရှိ ရေဘေး သင့်ဒေသများ၌ အိမ်ထောင်စု ၆၄၉၆ စုမှာ ရေဘေးကြောင့် အခက်အခဲ ကြုံတွေ့နေရပြီး လူဦးရေစုစုပေါင်း ၂၇၇၅၈ ဦးသည် ကယ်ဆယ်ရေး အတွက် အကူအညီများ ဆက်လက် လိုအပ်နေဆဲဖြစ်သည်။

(မြန်မာ့အလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နေရေးအခက်တွေ့နေသည့် ရေဘေးသင့်ရွာများကို ဘယ်လိုပြန်လည် တည်ဆောက်ကြမလဲ  နေရေးအခက်တွေ့နေသည့် ရေဘေးသင့်ရွာများကို ဘယ်လိုပြန်လည် တည်ဆောက်ကြမလဲ Reviewed by သစ်ထူးလွင် on 09:12 Rating: 5
Powered by Blogger.