သျှမ်းနှင့် ကရင်လက်နက်ကိုင် ခေါင်းဆောင်အချို့ သမ္မတ ဦးသိန်းစိန်နှင့် သွားရောက်တွေ့ဆုံ

သြဂုတ် ၃ရက်၊ ၂၀၁၅ခုနှစ်။

သျှမ်း(ရှမ်း)ပြည် ပြန်လည်ထူထောင်ရေး ကောင်စီ-RCSS နှင့် ကရင်အမျိုးသား အစည်းအရုံး-KNU အပါအ၀င် အခြား ကရင်လက် နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် သမ္မတဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ ယနေ့ နေပြည်တော်၌ အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။

မနက် ၉နာရီမှ နေ့လည် ၁၁နာရီအထိ နှစ်နာရီကြာ တွေ့ဆုံမှုတွင် လာမည့် သြဂုတ်လ ၆ရက်နေ့၌ တွေ့ဆုံကြမည့် တစ်နိုင်ငံလုံး အပစ်ရပ်ရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(EAOs-SD)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီ – UPWC တို့၏ တွေ့ဆုံမှုကို အထောက်အကူပြုနိုင်ရန်ဖြစ်သည်ဟု KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ် ထူးဝင်းက ပြောသည်။

၎င်းက “အခု ကျနော်တို့တွေ့ဆုံကြတာက မြန်မာငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် KNU ရဲ့ အမြင်သဘောထားနဲ့ ရပ်တည် ချက်တွေအပြင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးမှာ ကြန့်ကြာနေမှုအပေါ် ကျနော်တို့ ဘယ်လိုတွေ့ကြုံရမလဲဆိုတာ အတူတကွ စဉ်းစားဆွေးနွေးကြတယ်”ဟုလည်း ဆက်ပြောသည်။

အဆိုပါ အလွတ်သဘောတွေ့ဆုံမှုတွင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများတွင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူစေးဖိုး၊ အထွေ ထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း အပါအ၀င် KNU ၏ တပ်ဖက်၊ အရပ်ဖက်မှ ဗဟိုကော်မတီဝင်တချို့နှင့် ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်-DKBA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေး၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးချုပ်စောရင်နု၊ RCSS မှ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဒုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းလှ၊ ဒုဗိုလ်မှူးကြီးစိုင်းဟန်တို့နှင့်အတူ EBO ဒါရိုက်တာ ဦးဟန်ညောင်ဝေလည်း ပါဝင်ကြောင်း သိရသည်။

ထို့အပြင် အစိုးရဘက်မှ သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ-UPWC က ၀န်ကြီး ဦးအောင်မင်း၊ ၀န်ကြီးဦးစိုးသိန်းအပြင် မြန်မာငြိမ်းချမ်းရေးစင်တာ-MPC မှ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေနှင့် တခြားအစိုးရ အရာရှိကြီးများလည်း ယင်းတွေ့ဆုံမှုတွင် ပါဝင်ခဲ့ကြသည်။

လာမည့် သြဂုတ်လ ၆ရက်နေ့တွင် EAOs-SD နှင့် UPWC တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ-NCA ကိစ္စကို ထပ်မံ တွေ့ဆုံကာ ဆွေးနွေးသွားမည်ဖြစ်သော်လည်း ယနေ့ သမ္မတ အပါအ၀င် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံမှုအကြောင်းအရာများကို တိတိကျကျ မသိရှိထားသည့်အတွက် မှတ်ချက်မပေးလိုကြောင်း SD အဖွဲ့ခေါင်းဆောင် ကေအဲန်ယူ ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန် က ကေအိုင်စီ၏ ဆက်သွယ်မေးမြန်းမှုကို တုန့်ပြန်ပြောဆိုသည်။

အဆိုပါကရင်လက်နက်ကိုင်ခေါင်းဆောင်များနှင့် သျှမ်းခေါင်းဆောင်များသည် အစိုးရ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်လည်း ဆက်လက် တွေ့ဆုံသွားရန်ရှိသည်ဟု ကေအဲန်ယူအသိုင်းအ၀ိုင်းထံမှ ရရှိသည့် သတင်းအ ချက်အလက်အရ သိရသည်။

စအိုင်စူး
ကေအိုင်စီ - KIC
http://kicnews.org

သျှမ်းနှင့် ကရင်လက်နက်ကိုင် ခေါင်းဆောင်အချို့ သမ္မတ ဦးသိန်းစိန်နှင့် သွားရောက်တွေ့ဆုံ  သျှမ်းနှင့် ကရင်လက်နက်ကိုင် ခေါင်းဆောင်အချို့ သမ္မတ ဦးသိန်းစိန်နှင့် သွားရောက်တွေ့ဆုံ Reviewed by THITHTOOLWIN on 19:01 Rating: 5
Powered by Blogger.