ဆော်ဒီဘုရင် ရှေ့သီတင်းပတ် အမေရိကန်လာမည်

 ဆော်ဒီအာရေးဗီးယားဘုရင် Salman က ဆော်ဒီနိုင်ငံရောက်နေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးကို နှတ်ဆက်နေပုံ (ဇူလိုင် ၂၂၊၂၀၁၅)
 အရှေ့အလယ်ပိုင်းဆိုင်ရာ အကြောင်းအရာ အများအပြားကို အမေရိကန်သမ္မတ Barack Obama နဲ့ ဆွေးနွေးဖို့အတွက် ဆော်ဒီအာရေးဗီးယားဘုရင် Salman ဟာ ရှေ့သီတင်းပတ်ထဲ ၀ါရှင်တန် ဒီစီမြို့ကို လာရောက်မှာ ဖြစ်ပါတယ်။

ဆော်ဒီဘုရင် အဲဒီလို လာလည်တာဟာ နှစ်နိုင်ငံအကြား မဟာဗြူဟာမြောက် ဆက်ဆံရေးဟာ ဘယ်လောက် အရေးပါတယ်ဆိုတာကို ပြသလိုက်တာပဲလို့ စက်တင်ဘာလ ၄ ရက်နေ့မှာ ရောက်လာမယ့် ဆော်ဒီဘုရင်ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Josh Earnest က ကြာသပတေးနေ့မှာ ပြောပါတယ်။

နှစ်နိုင်ငံအကြား လုံခြုံရေးနဲ့ အကြမ်းဖက် တိုက်ဖျက်ရေး လုပ်ငန်းတွေ ပူးတွဲဆောင်ရွက်နေမှု အပါအ၀င် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို အားကောင်းလာအောင် လုပ်ဆောင်မယ့် ကိစ္စရပ်တွေကို ခေါင်းဆောင် ၂ ဦး ဆွေးနွေးကြမယ်လို့ Josh Earnest က ဆက်ပြောပါတယ်။

ဒေသတွင်း အီရန်နိုင်ငံက မတည်ငြိမ်မှုတွေ ဖြစ်ပေါ်အောင် လုပ်ဆောင်မယ့် ကိစ္စအပါအ၀င် ယီမင်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ ဖြစ်နေတဲ့ စစ်ပွဲတွေအကြောင်းကိုလည်း သမ္မတ အိုဘားမားနဲ့ ဆော်ဒီဘုရင်တို့ ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

အရှေ့အလယ်ပိုင်း ဒေသအတွင်း အီရန်လိုပဲ သြဇာသက်ရောက်နိုင်ဖို့ ကြိုးပမ်းနေတဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ အီရန်နိုင်ငံ နျူကလီးယားလက်နက် တည်ဆောင်မယ့်အရေးက ဟန့်တားမယ့် သဘောတူညီချက်ကို ထောက်ခံနေတာ ဖြစ်ပါတယ်။ အီရန်က နျူကလီးယား သဘောတူညီချက်ကို လက်မှတ်ထိုးလိုက်ခြင်းအားဖြင့် အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂတို့က ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ပြန်လည် ရုပ်သိမ်းပေးမှာ ဖြစ်ပါတယ်။

ဗွီအိုအေ-မြန်မာပိုင်း
http://burmese.voanews.com
ဆော်ဒီဘုရင် ရှေ့သီတင်းပတ် အမေရိကန်လာမည်   ဆော်ဒီဘုရင် ရှေ့သီတင်းပတ် အမေရိကန်လာမည် Reviewed by THITHTOOLWIN on 06:00 Rating: 5
Powered by Blogger.