စက်တပ်ယာဉ်တွေနှင့်အပြိုင် ပြေးနေဦးမယ့် မြင်းလှည်းလေး

 ကျွန်တော့် ခြေလှမ်းတွေ အိမ်ခြံဝင်းထဲကို ရောက်လာတာနဲ့ တပြိုင်နက်တည်း အိမ်ရှင်လင်မယားနှစ်ဦးရဲ့ စူးစမ်းတဲ့အကြည့်တွေနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

ဇနီးဖြစ်သူက ကျွန်တော့်ကိုကြည့်ရင်း "ဘာကိစ္စရှိလဲမသိဘူး" လို့ လှမ်းမေးပါတယ်။ ကျွန်တော့်ကို ရှင်လောင်းပွဲအတွက် မြင်းလှည်းလာငှားတဲ့လူလို့ ထင်သွားကြပုံပါပဲ။ ဒါပေမယ့် လာရင်းကိစ္စကို ရှင်းပြလိုက်တဲ့အခါမှာတော့ လင်မယားနှစ်ဦးလုံး သဘောပေါက်သွားကြပြီး ကျွန်တော်မေးသမျှကို ဖြေပေးဖို့ ယောင်္ကျားဖြစ်တဲ့သူက အိမ်ရှေ့မှာ အသင့်ချထားတဲ့ ပလတ်စတစ်ထိုင်ခုံလေးပေါ်မှာ ၀င်ထိုင်လိုက်ပါတယ်။

အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ ဦးဒေးဘာလေးဟာ သူ့ရဲ့သက်တမ်း သုံးပုံနှစ်ပုံနီးပါးကို မြင်းလှည်းမောင်းသမားတစ်ယောက်အဖြစ် ဖြတ်သန်းလာခဲ့တဲ့သူပါ။ မြင်းလှည်းတွေနဲ့ ပတ်သက်လာရင် သူ့ရဲ့ဗဟုသုတက လေးစားစရာပါပဲ။

"ဟိုး..အဖေကတည်းက မောင်းလာတာလေ၊ ကျွန်တော်တို့လည်းလူပျိုပေါ့ (မြင်းလှည်းကို)မောင်းရင်းမောင်းရင်းနဲ့ ၀ါသနာပါလာတာပေါ့။ ခုထိ ဒါနဲ့ပဲ အသက်မွေးဝမ်းကျောင်းရတာပေါ့" လို့ ဦးဒေးဘာလေးက ဆိုပါတယ်။
စက်တပ်ယာဉ်တွေနှင့်အပြိုင် ပြေးနေတဲ့ မြင်းလှည်းလေးတစီး (ဓါတ်ပုံ-မူအက်စတာ)
 ကား၊ သုံးဘီးဆိုင်ကယ်၊ မော်တော် ဆိုင်ကယ်တွေ ရှာပါးခဲ့တဲ့အချိန် အခါက မြင်းလှည်းစီး တဲ့သူတွေ ပေါများခဲ့ တာကြောင့် မြင်းလှည်း လုပ်ငန်းနဲ့ ၀င်ငွေမြိုးမြိုးမြက်မြက် ရရှိခဲ့လို့ မိသားစုစား ၀တ်နေရေး ချောင်လည် ခဲ့တယ်လို့ ဦးဒေးဘာလေးက ဆက်ပြောပါတယ်။

သို့သော်လည်းပဲ အခုခေတ်မှာ ကား၊ သုံးဘီးဆိုင်ကယ်၊ မော်တော်ဆိုင်ကယ်တွေ နေရာတိုင်းမှာ အစားထိုးအသုံးပြုလာတာကြောင့် ကယားတစ်ပြည်နယ်လုံးမှာရှိတဲ့ မြင်းလည်းစီးရေကလည်း လက်ချိုးရေလို့ရတဲ့အနေအထားကို ရောက်လာပါပြီ။

မြင်းလှည်းလုပ်ငန်းကလည်း ပျောက်ကွယ်လုနီးပါး အခြေအနေကို တဖြည်းဖြည်း ရောက်ရှိလာနေပြီဖြစ်ပြီး ဒီးမော့ဆိုတစ်မြို့လုံးမှာ မြင်းလှည်း ၃ စီးသာ ကျန်ပါတော့တယ်။

မြင်းလှည်းစီးတဲ့ ဖောက်သည်တချို့ရှိနေသေးတာကြောင့် တစ်ခါတလေ နေ့စားခကိုက်တာရှိသလို တစ်ပြားမှမရတဲ့နေ့တွေက ပိုများတယ်လို့ ဦးဒေးဘာလေး ကပြောပါတယ်။

"အခုကတော့ တစ်ပြားမှမရတာလည်းရှိတယ်၊ အခန့်မသင့်ရင်တော့ လေး၊ ငါးထောင်လောက်ရတယ်"လို့ သူကဆိုပါတယ်။

ဆန်၊ စပါး နဲ့ လူသုံးကုန်တွေ တင်ပေးဖို့အပြင် အပျော်စီးဖို့နဲ့ ရှင်ပြုပွဲလို ပွဲလမ်းသဘင်ရှိခဲ့ရင်လည်း လူတွေက လာငှားလေ့ရှိတာကြောင့် အဖိုးအခ ရတတ်ပါသေးတယ်။

မြင်းလှည်းမောင်းပြီး ရတာတဲ့ ငွေတွေကို မိသားစုစားဝတ်နေရေးနဲ့ ကလေးကျောင်းစရိတ်အတွက် အနည်းအကျဉ်းလောက်သာ ထောက်ပံ့နိုင်ပြီး ကျန်တာကတော့ သူအမြဲစားတဲ့ ကွမ်းသီး၊ ကွမ်းရွက်ဖိုး၊ မြင်းစာဖိုးနဲ့ပဲ ကုန်သွားတာပါပဲလို့ ပြောပါတယ်။ ဒီ့အပြင်မြင်းလှည်းအခွန်အဖြစ် စည်ပင်ကို နှစ်စဉ် ငွေခြောက်ထောင်ကျပ် ပေးသွင်းရပါသေးတယ်။

မြင်းလှည်းမောင်းပြီးရလာတဲ့ ၀င်ငွေလေးနဲ့ သားသမီး နှစ်ယောက်ရဲ့ ပညာရေးကို အတတ်နိုင်ဆုံး ဖြည့်စွက်ပေးနေတာကလည်း သူ့သားသမီးတွေ သူ့လိုပင်ပန်းဆင်းရဲစွာ လုပ်ကိုင်စားသောက်ရမှာကို မလိုလားတာကြောင့်ပါပဲ။ သားသမီးတွေ ပညာတတ်ဖြစ်လာပြီး သူတို့ရဲ့ဘ၀ကိုသူတို့ အကောင်းမွန်ဆုံး ထိန်းကျောင်းသွားနိုင်ဖို့ဆိုတာ ဦးဒေးဘာလေးရဲ့ မျှော်လင့်ချက်တွေထဲက တစ်ခုပေါ့။

ကား၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်တွေ နည်းပါးသေးတဲ့အချိန်ကဆိုရင် မြင်းလှည်းနဲ့ ခရီးသည်တွေကို လွိုင်ကော်၊ ဖရူဆို တို့လို အနည်းငယ်ဝေးတဲ့ နေရာတွေကို ပို့ဆောင်ရလို့ ၀င်ငွေမြိုးမြိုးမြက်မြက် ရရှိခဲ့ပေမယ့် အခုချိန်မှာတော့ ခရီးဝေးကြိုပို့ရတာ မရှိသလောက် ဖြစ်လာပါတယ်။

တခြားလုပ်ငန်းပြောင်းလုပ်ဖို့ အရင်းအနှီးမရှိတာကတစ်ကြောင်း၊ အသက်အရွယ်ရလာတာကတစ်ကြောင်း စတာတွေအပြင် အလုပ်ကြမ်းလည်းမလုပ်နိုင်တော့တာကြောင့် ဦးဒေးဘာလေးတယောက် သူ့အတွက်သက်သောင့်သက်သာရှိပြီး သူကျွမ်းကျင်တဲ့ ဒီမြင်းလှည်းမောင်းတဲ့ အလုပ်ကိုပဲ ဆက်လုပ်နေရတာပါပဲ။

"သူများဟာလိုမျိုးတော့ အားကျတာပေါ့၊ ဒါပေမဲ့ ကျွန်တော်တို့လိုမျိုးဆို လုပ်ချင်တယ်။ ဒါပေမဲ့ အရင်းအနှီးမရှိပြန်တော့လည်း ဒါနဲ့ပဲလုပ်ကိုင်ရတာပဲ"လို့ သူက ဆိုပါတယ်။

မြင်းလှည်းမောင်းပြီးအသက်မွေးဝမ်းကျောင်းပြုတဲ့အလုပ်ဟာ သမာအာဇီဝကျတဲ့အလုပ်ဖြစ်ပြီး သူဝါသနာပါ၊ သူချစ်မြတ်နိုးတဲ့ အလုပ်ဖြစ်နေလို့လည်း နေ့စားခပုံမှန်မရှိပေမယ့် ဒီအလုပ်ကို လုပ်နေရတာ စိတ်ချမ်းသာတယ်လို့ သူကဆက်ပြောပါတယ်။

တခြားအလုပ်တွေလည်း မလုပ်တတ်တာကြောင့် မြင်းလှည်းမောင်းတဲ့ အလုပ်ကိုပဲ လုပ်နိုင်တဲ့အချိန်ထိတိုင် လုပ်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

အခက်အခဲရှိပေမယ့် စားဝတ်နေရေးအတွက်မို့ ခရီးသည်မရှိလည်း ပုံမှန်အတိုင်း ဒီးမော့ဆိုလမ်းခွက မြင်းလည်းဂိတ်ကိုတော့ နေ့စဉ်ပုံမှန် သွားရပြီး မြင်းလှည်းလာငှားစီးမယ့် ခရီးသည်တွေကို မျှော်ရဆဲပါ။

"အခက်အခဲတော့ အမျိုးမျိုးရှိပါတယ် ဒါပေမဲ့ ခုနပြောလိုမျိုးပေါ့၊ ဒါလည်းဘယ်လောက်ပဲ ခက်ခဲ ခက်ခဲ မောင်းရမှာပဲ။ ကိုယ့်တာဝန်ဆို ကိုယ့်အလုပ်ဆို ဒါပဲရှိတာကော။ အဲ့ဒါကြောင့် မောင်းရမှာပဲ။ အလုပ်ရှိလည်းသွားရမှာပဲ။ မရှိလည်း သိတဲ့အတိုင်း ကျွန်တော်တို့ ဂိတ်ဆိုလမ်းခွမှာလေ၊ ဒါသွားနေကျ။ အလုပ်ရှိရှိမရှိရှိ တာဝန်ကျေပွန်အောင်တော့လုပ်ရမှာ။ ဘာဖြစ်လို့လဲဆိုတော့ တခြားအလုပ်မှမရှိဘူးကော"

တနင်္လာ၊ ဗုဒ္ဓဟူး နဲ့ စနေနေ့လို ဒီးမော့ဆို ဈေးနေ့မျိုးမှာတော့ မြင်းလှည်းလာငှားစီးတဲ့ လူတွေ တယောက်စ၊ နှစ်ယောက်စရှိသလို ကုန်ပစ္စည်းတွေကိုလည်း သယ်ပို့ပေးရတာတွေလည်း ရှိပါတယ်။

ဦးဒေးဘာလေးလို လွိုင်ကော်မြို့ပေါ်မှာရှိတဲ့ တခြားမြင်းလှည်းမောင်းသမားတွေကလည်း အလုပ်အကိုင် ရှားပါးတဲ့အတွက် ၀င်ငွေပုံမှန်မရှိတဲ့ မြင်းလှည်းမောင်းတဲ့အလုပ်ကို တက္ကစီ၊ လိုက်ထရပ်၊ သုံးဘီးဆိုင်ကယ် စတဲ့ စက်တပ်ယာဉ်တွေနှင့်အပြိုင်ကြိုးစားပြီး လုပ်ကိုင်နေကြရတာပါပဲ။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တစ်နေ့ထက်တစ်နေ့ ကုန်ဈေးနှုန်းမြင့်မားလာခြင်းကလည်း ဦးဒေးဘာလေးတို့လို မြင်းလည်းသမားတွေ သာမက တစ်နေ့လုပ်တစ်နေ့စားရတဲ့ လက်လုပ်လက်စားသမားတွေအပေါ် ဘယ်လောက်တောင် ဂယက်ရိုက်သလဲဆိုတာကို ပြေးကြည့်စရာမလိုပဲ တွေးကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။

ကျွန်တော်နဲ့ စကားပြောဆိုပြီးချိန်မှာတော့ ဦးဒေးဘာလေးရဲ့ အတွေးတွေပြည့်နှက်နေတဲ့ မျက်လုံးအစုံက အဝေးတစ်နေရာကို လှမ်းကြည့်လိုက်ရင်း သူ့နှုတ်ကနေ စကားတစ်ခွန်းကို သက်ပြင်းဖွဖွကလေးတစ်ချက်ချရင်း ခုလိုပြောလိုက်ပါတယ်။

"ဘယ်လိုပြောရမလဲ ကျွန်တော်တို့လိုမျိုးဆို ဒီလိုပဲရုန်းကန်ရင်းနဲ့ ဘ၀ကို ဒီလိုပဲအဆုံးသတ်ရတော့မှာပေါ့၊ သို့မဟုတ်ရင် ကျေကျေနပ်နပ်ကြီးနဲ့ အေးအေးဆေးဆေးတစ်နေ့လုပ်တစ်နေ့စား မပူမပင် ပျော်ပျော်ကြီးနဲ့ ဒီလိုပဲအဆုံးသတ်သွားချင်တာ အဲ့လိုမျိုးပဲ လုပ်ချင်ပါတယ်"

Written by စောစီခို
ကန္တာရ၀တီတိုင်း
http://www.ktimes.org
စက်တပ်ယာဉ်တွေနှင့်အပြိုင် ပြေးနေဦးမယ့် မြင်းလှည်းလေး  စက်တပ်ယာဉ်တွေနှင့်အပြိုင် ပြေးနေဦးမယ့် မြင်းလှည်းလေး Reviewed by သစ်ထူးလွင် on 09:55 Rating: 5
Powered by Blogger.