ပထမဆုံး နိုင်ငံတကာ အကူအညီအဖြစ် အိန္ဒိယနိုင်ငံမှ ထောက်ပံ့ရေး လေယာဉ် မန္တလေးသို့ ရောက်ရှိ


 မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ရေဘေးအတွက် စားသောက်ကုန်နှင့် ဆေးဝါးများ ထောက်ပံ့ရန် လေကြောင်းမှ ပထမဆုံး နိုင်ငံတကာ အကူအညီအဖြစ် အိန္ဒိယနိုင်ငံမှ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်(တံတားဦး) နှင့် ကလေးမြို့လေဆိပ်သို့ ယနေ့ သြဂုတ် ၆ နေ့ က ထောက်ပံ့ရေးလေယာဉ် ၂ စင်း ရောက်ရှိလာကြောင်း သိရသည်။

"အိန္ဒိယနိုင်ငံနဲ့ချစ်ကြည်ရင်းနှီးမှုနဲ့ လူသားခြင်းစာနာထောက်ထားတဲ့ စိတ်ဓါတ်နဲ့ ကူညီလှူဒါန်းခြင်းပါ။ ဒီအခက်အခဲတွေ မြန်မာပြည်မှာ အမြန်ဆုံးလွတ်မြောက်ပြီး အမြန်ဆုံးအေးချမ်းဖို့ အိန္ဒိယအစိုးရကိုယ်စား ဆုတောင်းပါတယ်" အိန္ဒိယကောင်စစ်ဝန်ချုပ် Dr.Nagendran Nandakumar က ပြောကြားသည်။

အဆိုပါလေယာဉ်နှစ်စင်းသည် အိန္ဒိယနိုင်ငံနယူးဒေလီလေဆိပ်မှ ထွက်ခွာလာခြင်းဖြစ်ပြီး မွန်းလွဲ၁နာရီခွဲဝန်းကျင်က မန္တလေးသို့ရောက်ရှိမည်ခန့်မှန်းထားသော်လည်း ရာသီဥတုအခြေအနေအရ ညပိုင်းတွင် ရောက်ရှိခဲ့သည်။

ထောက်ပံ့ရေးပစ္စည်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆပ်ကော်မတီမှ လက်ခံရယူပြီး သက်ဆိုင်ရာရေဘေးသင့်ဒေသများသို့ အမြန်ဆုံးပို့ဆောင်လှူဒါန်းသွားမည်ဖြစ်ကြောင်း ကယ်ဆယ်ရေး
နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒု-ညွှန်ချုပ် ဦးအောင်ခိုင်က ပြောကြားသည်။

C-17 လေယာဉ်ဖြင့် မန္တလေးသို့ရောက်ရှိခဲ့၍ ဆန် ၄၅တန်၊ ခေါက်ဆွဲခြောက် ၃၀၀ ကီလိုဂရမ် နှင့် ဆေးဝါးနှင့်အခြားပစ္စည်းများ ၃၀၀ ကီလိုဂရမ် စုစုပေါင်း တန်ချိန် ၅၀ ခန့် သယ်ဆောင်လာကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၁-နာရီ ၁၅ မိနစ်ခန့်က ကလေးမြို့လေဆိပ်သို့ C-130 လေယာဉ်ဖြင့် ဆန် ၉ တန်၊ ခေါက်ဆွဲခြောက် ၂၀၀ ကီလိုဂရမ်၊ ဆေးဝါး၂၀၀ ကီလိုဂရမ်တို့ကို သယ်ဆောင်လာခဲ့ပြီး ရေဘေးသင့် ပြည်သူများအား လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ပထမဆုံး နိုင်ငံတကာ အကူအညီအဖြစ် အိန္ဒိယနိုင်ငံမှ ထောက်ပံ့ရေး လေယာဉ် မန္တလေးသို့ ရောက်ရှိ   ပထမဆုံး နိုင်ငံတကာ အကူအညီအဖြစ် အိန္ဒိယနိုင်ငံမှ ထောက်ပံ့ရေး လေယာဉ် မန္တလေးသို့ ရောက်ရှိ Reviewed by သစ်ထူးလွင် on 20:45 Rating: 5
Powered by Blogger.