ဒုက္ခသည်များပြန်လည်နေရာချထားရေး အာမခံချက်ရှိရမည်


 ထိုင်းနိုင်ငံတွင်းရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသော ဒုက္ခသည်များ ပြည်တွင်း သို့ ပြန်လည် အခြေချနေထိုင်ရေး နိုင်ငံတကာ စံနှုန်းနှင့် အညီ အာမခံချက်ရှိရန် ထိုင်းအစိုးရထံ တင်ပြမည်ဟု ထိုင်းလူ့အခွင့်အရေး ကော်မရှင်က ပြောသည်။

သြဂုတ် ၅ ရက် ထိုင်းနိုင်ငံ မယ်ဟောဆောင် ခရိုင်ရှိ ကရင်နီ အမှတ်(၁) ဒုက္ခသည် စခန်းရှိ ဒုက္ခသည်ကိုယ်စားလှယ်များကို တွေ့ဆုံရာတွင် ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ နီရန် ပီတပ်ဝပ်ချရာက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဒုက္ခသည်တွေပြန်လည်နေရာချထားရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ စံချိန်စံနှုန်းနဲ့ အညီဖြစ်တဲ့ လုံခြုံမှုနဲ့ပါတ်သက်ပြီး အာမခံချက်ရှိရမယ်ဆိုတဲ့အချက်ပဲဖြစ်တယ်၊ ကျန် တချက်ကတော့ ပြန်ပြီးတဲ့အချိန်ကျရင် ဒုက္ခသည်တွေအနေနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ မိသားစုနဲ့အတူ နေထိုင်ပြီးတော့မှ လုပ်ကိုင်စားသောက်နိုင်တဲ့ အနေအထားမျိုးနဲ့ ပြန်နိုင်ဖို့ ကျနော်တို့ ဒီနှစ်ချက်ကို အခြေခံပြီးတော့မှ အစိုးရကို တင်ပြမှာဖြစ်တယ်။”ဟု သူက ပြောသည်။

မကြာမီ ထိုင်းနှင့်မြန်မာ အစိုးရတို့ ဒုက္ခသည် ပြန်လည်နေရာချထားရေး ကိစ္စရပ်များ ဆွေးနွေးရန်ရှီနေသည့် အတွက် ထိုင်းလူ့အခွင့်အရေး ကော်မရှင်က ဒုက္ခသည် စခန်းသို့ သွားရောက်ကာ အခြေအနေမှန်ကို လေ့လာခဲ့ခြင်းဖြစ်သည်။

ယခင်က ထိုင်းနှင့် လာအို ၂ နိုင်ငံ သဘောတူညီချက်ဖြင့် လာအို ဒုက္ခသည်များကို ပြန်လည် ပို့ဆောင်ခဲ့သော်လည်း နောက်ပိုင်း ပြန်လည်ထွက်ပြေးလာခဲ့သည့် အတွက် အောင်မြင်မှု မရသကဲ့သို့ ယခင်ရက်ပိုင်းက တရုတ်နိုင်ငံက ဒုက္ခသည်များကို ဖမ်းဆီးပြီး ပြန်လည်ပို့ဆောင်ခဲ့ခြင်းကို ကန့်ကွက်သည်ဟု ထိုင်းလွှတ်တော် အမတ်ဟောင်း ကရီဆတ် ချွန်းဟာဗန်က ပြောသည်။

“ထိုင်းဖက်က ဒုက္ခသည်တွေကို အန္တရာယ်ရှိတဲ့နေရာမှာ ပြန်ခိုင်းဖို့ဆိုတာ လုံးဝ မရှိပါဘူး၊ အစီစဉ်ဘာမရှိပါဘူး၊ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ကဆိုလို့ရှိရင် ဒုက္ခသည်ပြန်ဖို့ ပြုဖို့ကိစ္စ သူတို့အရမ်းပဲ သေချာလေ့လာပြီးတော့မှ စီစဉ်နေတာ စိုးရိမ်နေတာရှိပါတယ်” ဟု ပြောသည်။

ဒုက္ခသည်တို့ အခြေအနေနှင့် ပတ်သက်၍ ချင်းမိုင်တက္ကသိုလ်က ဒုက္ခသည် စခန်းများတွင် သုတေသန လုပ်ဆောင်ခဲ့ပြီးနောက် ထိုင်း လူ့အခွင့်အရေး ကော်မရှင်က လာရောက်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ကရင်နီဒုက္ခသည်စခန်း ၂ ခု အပါအ၀င် ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်း ၉ ခုတွင် ဒုက္ခသည် ၁သိန်းကျော်ရှိသည်။

Written by စူးမယ်
ကန္တာရ၀တီတိုင်း(မ်)
http://www.ktimes.org
ဒုက္ခသည်များပြန်လည်နေရာချထားရေး အာမခံချက်ရှိရမည်   ဒုက္ခသည်များပြန်လည်နေရာချထားရေး အာမခံချက်ရှိရမည် Reviewed by သစ်ထူးလွင် on 10:04 Rating: 5
Powered by Blogger.