ကလေးမြို့ ရေဘေး ပရဟတိတအဖွဲ့တွေ ကူညီ

သြဂုတ်လ ၁ ရက်နေ့ ညအချိန်ထွက်ခွာလာကြတဲ့ ကလေးမြို့ ရေဘေးအတွက် အရေးပေါ်ကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေကို တွေ့ရစဉ် Photo: Aung Thain Kha/RFA
 စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တစ်မြို့လုံးနီးပါးနဲ့ အနီးတဝိုက်ကျေးရွာတွေ ရေနစ်မြုပ်နေပြီး အရေးပေါ် ကယ်ဆယ်ရေးအတွက် ပရဟိတအဖွဲ့တွေက စုပေါင်းကူညီနေကြကြောင်း သိရပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတဲ့ လေသာဆရာတော် ဦးဓမ္မိကက လက်ရှိကလေးမြို့ အခြေအနေကို အခုလို မိန့်ကြားပါတယ်။

"နောက်ဆုံးအခြေအနေကတော့ တစ်ခါမှတောင် စိတ်ကူးမယဉ်ဖူးတဲ့နေရာ ကျနော်တို့ မြို့လယ်ဈေးကြီး ကိုကျော်ပြီးမှကို လှေဆိပ်တွေဖြစ်နေပြီ၊ တစ်ခါမှအဲ့ဒီလောက်အဆင့်အထိ မကြီးဖူးပါဘူး ကလေးမြို့သမိုင်းမှာ၊ အဲ့ဒီအနေအထားထိ ရောက်နေပါတယ်ခင်ဗျ၊ ကုန်းတွင်းပိုင်းဆိုလို့  ကျနော်ခန့်မှန်းခြေအရ ပြောရရင်တော့ ၄ ပုံပုံရင် ၁ ပုံလောက်ပဲ ကုန်းတွင်းပိုင်းကျန်ပါတယ်၊ ဘယ်လိုအခက်အခဲရှိလဲဆိုတော့ အားလုံးကလည်း ဌာနဆိုင်ရတွေကလည်း တက်ညီလက်ညီ အကုန်လုံးဝိုင်းလုပ်ကြပါတယ် ပရဟိတအသင်းတွေရောလေ၊ သူစွမ်းရာ ကိုယ်စွမ်းရာကိစ္စတွေ ဝိုင်းလုပ်နေကြပါတယ်"

ရေက တဖြည်းဖြည်းတက်လာနေတာကြောင့် ယာယီကယ်ဆယ်ရေး စခန်းတွေကိုလည်း တဖြည်းဖြည်း ချင်း ရွှေ့ပြောင်းနေရတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အခက်အခဲဖြစ်ပါတယ်။

ကလေးမြို့ဟာ ချင်းတွင်းမြစ်နဲ့ မြစ်သာမြစ် အနီးမှာရှိနေဖြစ်တာဖြစ်တဲ့အပြင် အနီးမှာရှိတဲ့ ရာဇဂြိုလ်ဆည် ကလည်း ရေဖောက်ချတာတွေကြောင့် ရေလွှမ်းမိုးမှု တဖြည်းဖြည်းများလာနေတာလို့ သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဒီနေ့ ကလေးမြို့ကိုရောက်ရှိပြီး ရေနစ်မြုပ်နေတဲ့ အခြေအနေတွေကို သွားရောက်ကြည့်ရှု ခဲ့ပါတယ်။ ကမ္ဘောဇလေကြောင်းလိုင်းကလည်း ဒီနေ့ အရေးပေါ် အကူအညီတွေသယ်ဆောင်ပြီး ကလေးမြို့ကို သွားရောက်ပို့ဆောင်ခဲ့ပါတယ်။

ဒီအတောအတွင်း ရန်ကုန်မြို့က ပုဂ္ဂလိကစာသင်ကျောင်းတွေဖြစ်တဲ့ ILBC နဲ့ YIS ကျောင်းတွေက ကျောင်းသားတွေ ၊ မိဘဆရာတွေ စုပေါင်းပြီး မြန်မာနိုင်ငံတဝှမ်းက ရေဘေးဒုက္ခသည်တွေအတွက် ကျပ်ငွေ ၄၁၃ သိန်းကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းထံ လှူဒါန်းလိုက်ပါတယ်။

၈၈မျိုးဆက်ပွင့်လင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်က ရေဘေးဒုက္ခသည်တွေကို သွားရောက်ကူညီခဲ့ပြီး၊ မနက်ဖြန်မှာတော့ အနုပညာရှင်တွေနဲ့ ပူးပေါင်းပြီး ရေဘေးအကူအညီ အလှူငွေတွေကို လိုက်လံကောက်ခံဖို့ ရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကလေးမြို့ ရေဘေး ပရဟတိတအဖွဲ့တွေ ကူညီ  ကလေးမြို့ ရေဘေး ပရဟတိတအဖွဲ့တွေ ကူညီ Reviewed by THITHTOOLWIN on 05:57 Rating: 5
Powered by Blogger.