အိန္ဒိယမြောက်ပိုင်း မြေပြို ၊ လူ ၅၀၀ သောင်တင်နေ


 ဥတ္တရာခမ်း (အိန္ဒိယ) သြဂုတ် ၂

 အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာခမ်း ပြည်နယ်၌ စနေနေ့က အဝေးပြေးလမ်းမ ကြီးတစ်ခုပေါ်တွင် မြေပြိုကျမှုကြောင့် ဟိန္ဒူဘုရားဖူးများအပါအဝင် အနည်းဆုံး လူ ၅ဝဝ သောင်တင်ပိတ်မိနေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဂန်ဂိုထရီအဝေးပြေးလမ်းမကြီးပေါ် တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ကျောက်တုံးကျောက်ခဲများ တောင်ပေါ်မှ ပြိုဆင်းလာမှုကြောင့် ခရီးသွားများနှင့် ဘုရားဖူးခရီးသည်များအနေဖြင့် လမ်းပြန် ဖွင့်ရန် အချိန်နာရီအတန်ကြာအောင် စောင့်ဆိုင်းနေသည်ဟု ဆိုသည်။
''ကျွန်တော်တို့ ဂိုမွတ်က လာခဲ့တာပါ။ မြေပြိုတာ တစ်နာရီလောက်ကြာသွားပြီ။ မိုးကမတိတ်သေးဘူး။

သစ်ပင်တွေ၊ ကျောက်တုံးတွေလဲကျပြီး လမ်းကို ပိတ် သွားတယ်'' ဟု သောင်တင်ခရီးသွားပုဂ္ဂိုလ် တစ်ဦးဖြစ်သည့်ဥတ္တရာခမ်းမြို့နေ ဆူရီက ပြောသည်။
''လမ်းပြန်ဖွင့်သည့်တိုင် ကျောက်တုံး တွေက ကျနေတုန်းပါပဲ''ဟု သဘာဝဘေး စီမံခန့်ခွဲရေးအရာရှိ ဒေဗင်ဒရာပတ်ဝေါက ပြောသည်။
''ကျွန်တော်တို့ လမ်းကြောင်းပြန်ဖွင့်ဖို့ ကြိုးစားနေဆဲပါ။ ကျောက်တုံးတွေက ကျနေဆဲပါပဲ။ လမ်းကြောင်းပြန်ဖွင့်ပြီလို့ အတည်ပြုနိုင်ပေမယ့် ကျောက်တုံးတွေက ကျနေဆဲပါပဲ။
လူတစ်ဦးဒဏ်ရာရပြီး ဆေးရုံပို့ခဲ့ရတယ်''ဟု ပတ်ဝေါက ပြော သည်။

ခေဒါနက်၊ ဘက်ဒရီနက်၊ ဂန်ဂိုထရီ နှင့် ယမူနိုထရီဘုရားကျောင်းမြို့ လေးမြို့ သည် ဥတ္တရာခမ်းပြည်နယ်၏ နှစ်စဉ် ရာထောင်ချီသော ဘုရားဖူးပြည်သူများ အား ဆွဲဆောင်ရာ မြို့များဖြစ်သည်။ လွန်ခဲ့သောရက်များက အဆိုပါပြည်နယ်၌ မိုးသည်း ထန်စွာရွာသွန်းခဲ့ပြီး ဇူလိုင် ၁၈ ရက်ကလည်း မြေပြိုမှုကြောင့် ရာတူရီ ကျေးရွာအနီး ဂန်ဂိုထရီအဝေးပြေး လမ်းမ ကြီး ပိတ်သွားခဲ့သည်။

(ရိုက်တာ)
ဘာသာပြန်-အာကာကျော်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

အိန္ဒိယမြောက်ပိုင်း မြေပြို ၊ လူ ၅၀၀ သောင်တင်နေ  အိန္ဒိယမြောက်ပိုင်း မြေပြို ၊ လူ ၅၀၀ သောင်တင်နေ Reviewed by THITHTOOLWIN on 05:11 Rating: 5
Powered by Blogger.