မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် (၁၀၀၀) စင်တီမီတာ အထက် ကျော်လွန်၍ (၁၁၃၅) စင်တီမီတာသို့ ရောက်ရှိ


  မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် (၁၀၀၀) စင်တီမီတာ အထက် ကျော်လွန်၍ (၁၁၃၅) စင်တီမီတာသို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ရေဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေးများ ဆောင်ရွက် နေကြပြီဖြစ်

 မုံရွာ၊ ဩဂုတ် ၂

 ချင်းတွင်းမြစ်ရေသည် ယခုနှစ်မိုးရာသီတွင် (၁၃)နှစ်တာ ကာလအတွင်း အမြင့်ဆုံး ရေ အမှတ်အဖြစ် ဩဂုတ်လ (၂)ရက်နေ့ ညနေ(၅) နာရီချိန်တွင် မုံရွာမြို့တွင် စိုးရိမ်ရေမှတ် (၁၀၀၀)စင်တီမီတာ အထက် ကျော်လွန်ပြီး (၁၁၃၅) စင်တီမီတာသို့ ရောက်ရှိလျက် ရှိကြောင်း သိရသည်။


မြို့ခံတစ်ဦးမှလည်း "ချင်းတွင်းမြစ်ရေက ဒီနေ့ညနေပိုင်းမှာ ရေအမှတ် ဆက်တက်လာပြီး အခုဆိုရင် တာရိုးပေါ်က ကတ္တရာလမ်း အထက်ကို ရောက်ရှိနေပြီ ဖြစ်ပြီး တာရိုးကို ရေမကျော်ပေမယ့် တစ်ချို့ နေရာတွေဆို ရေတွေ တော်တော် စိမ့်ထွက်နေပြီ၊ ရေစိမ့်တဲ့ နေရာတွေမှာ ရေဘေး ကာကွယ်ရေး အဖွဲ့ဝင်တွေက သဲအိတ်များ ကာရံခြင်း အုတ်ရိုးများ အမြန်စီပြီး ကာရံခြင်းနှင့် မြေဖို့ခြင်းတွေ ဆောင်ရွက် နေပါ တယ်။ ရေကဒီထက် ဆက်တက်လာရင် မလွယ်တော့ဘူး အခုဆိုရင် ကမ်းနားလမ်းက တစ်ချို့အိမ်တွေဆို ပစ္စည်းတွေ ရွှေ့ပြောင်းနေကြပြီ။ ၂၀၁၂ခုနှစ်က ရေကြီးတုန်းကဆိုရင် ဒီရေ အမှတ်တောင် မရောက်ခဲ့ဘူး မုံရွာတစ်မြို့လုံး ရေဘေး ကြုံတွေ့ခဲ့ရတယ်။ အခုကျတော့ တာရိုး တွေကလည်း ကြံ့ခိုင်မှု အားကောင်းတာရော နောက်ပြီး တာရိုး အောက်လမ်း ကွန်ကရစ် ခင်းလိုက်တော့ ပိုပြီး တာရိုးကို ကြံ့ခိုင် သွားစေပါတယ်။ လောလောဆယ် ရေက တာရိုးအထက်မှာ ရောက်နေပြီ ဖြစ်ပေမယ့် ကာကွယ် ထိန်းသိမ်းမှုတွေ ကောင်းတော့ ကျိုးပေါက်ခြင်း မရှိသေးဘူး။ ဒါပေမယ့် သဘာဝဘေး ဆိုတာ ဘယ်သူမှ တားဆီးလို့ မရဘူးလေ ဒီတော့ စိုးရိမ်မှုတွေနဲ့ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းတွေ အရေးပေါ် ပြောင်းရွှေ့မှုတွေ လုပ်နေကြပြီ ဖြစ်ကြောင်း" ပြောကြားခဲ့သည်။

မုံရွာမြို့ ရေဘေး အန္တရာယ် ကျရောက်မှု မရှိစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့ခံများ၊ လူမှုရေး အသင်း အဖွဲ့ဝင်များက ချင်းတွင်းမြစ်ရိုး တစ်လျှောက်တွင် သဲအိတ် များချထားပြီး အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက် ရှိပြီး စေတနာရှင် အလှူရှင်များမှလည်း ရေဘေးကာကွယ်ရေး အဖွဲ့ဝင်များ အတွက် ရေသန့်ဘူးနှင့် အသင့်စား စားသောက် ဖွယ်ရာများ အဆက်မပြတ် လာရောက် လှူဒါန်းနေကြကြောင်း သိရှိရသည်။

(ဖိုးချမ်း-မုံရွာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် (၁၀၀၀) စင်တီမီတာ အထက် ကျော်လွန်၍ (၁၁၃၅) စင်တီမီတာသို့ ရောက်ရှိ   မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် (၁၀၀၀) စင်တီမီတာ အထက် ကျော်လွန်၍ (၁၁၃၅) စင်တီမီတာသို့ ရောက်ရှိ Reviewed by THITHTOOLWIN on 19:28 Rating: 5
Powered by Blogger.