မောင်တောမြို့နယ်တွင် အပျက်အစီးများ၊ ဘင်္ဂလီကျောင်းသားတစ်ဦးသေဆုံး


 သြဂုတ်လ ၁

 ဘင်္ဂလာဒေ့ရှ်နှင့် နီးကပ်စွာတည်ရှိသော မောင်တောမြို့နယ်သည် ကိုမန် ဆိုင်ကလုန်မုန်တိုင်း တိုက်ခတ်သည့် ဒဏ်ကို အကြီးအကျယ်ခံခဲ့ရပြီး အဆောက်အဦးအချို့နှင့် ဓာတ်မီးတိုင်များ၊ သစ်ပင်ကြီးများ လဲပြိုကျခဲ့ပြီး ဘင်္ဂလီ ကျောင်းသားငယ် တစ်ဦး ကျောင်းပြိုကျရာမှ သေဆုံးသွားခဲ့ကြောင်း အစိုးရ အရာရှိ တစ်ဦးက ပြောကြားသည်။

“ လောလောဆယ်တော့ အပျက်အစီးစာရင်းနဲ့ သေဆုံးစာရင်းတွေကို အတိအကျ မရရှိသေးဘူး။ ဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်။ သရက်အုပ် ကျေးရွာမှာ ကျောင်းပြိုကျတဲ့ အတွက် ဘင်္ဂလီ ကျောင်းသား တစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ မောင်တောမြို့ပေါ်မှာတော့ သစ်ပင်ကြီးတွေ၊ ဓါတ်မီးတိုင်တွေနဲ့ အဆောက်အဦးအချို့ လဲပြိုကျသွားပါတယ်။ သစ်ပင်ကြီးတွေ လဲပြိုကျသွားတဲ့ အတွက် အခု ရှင်းလင်းနေကြရပါတယ်” ဟု ပြောသည်။

မုန်တိုင်းသည် တစ်နာရီ မိုင် ၆၀ - ၇၀ ခန့် ပြင်းအားဖြင့် ဇူလှိုင်လ ၂၉ ရက်နေ့ ညနေ ၁၀ နာရီကတည်းက တိုက်ခတ်နေပြီး ၃၀ ရက်နေ့ ညဥ့် ၁၂ နာရီ ထိ တိုက်ခတ်နေခဲ့သည်ဟု ဆိုသည်။

“ ရေကတော့ မြို့ထဲ နာရီစင် ခြေရင်းထိ ရောက်ခဲ့ပါတယ်။ မြေနိမ့်ရပ်ကွက်တွေ ရေမြုပ်တဲ့ အတွက် လူပေါင်း သုံးရာကျော်ခန့်ကို အထက်တန်းကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေကို ရွှေ့ပြောင်းခဲ့ရပါတယ်။ အခုထက်ထိ ရှိနေပါသေးတယ်” ဟု ဆိုသည်။

ကျေးလက်တောရွာအများအပြားကိုလည်း ရေမြုပ်ခဲ့ပြီး အခုအခါ အပျက်အစီး စာရင်းများကို သက်ဆိုင်ရာမှ လိုက်လံကောက်ခံနေသည်ဟု သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews
မောင်တောမြို့နယ်တွင် အပျက်အစီးများ၊ ဘင်္ဂလီကျောင်းသားတစ်ဦးသေဆုံး   မောင်တောမြို့နယ်တွင် အပျက်အစီးများ၊ ဘင်္ဂလီကျောင်းသားတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 10:40 Rating: 5
Powered by Blogger.