နှစ်ဘက် ထိပ်တိုက်ရင်ဆိုင်မှုကို အတတ်နိုင်ဆုံး ရှောင်ရှားသွားမည်ဟု KNU ပြော


ဇူလိုင် ၃ရက်၊ ၂၀၁၅နှစ်။

လတ်တလော အစိုးရတပ်မတော်နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)တို့ကြား တိုက်ပွဲဖြစ်ပွားသည့်နေရာသည် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)တပ်ဖွဲ့ဝင်များ အခြေချရာ နေရာဖြစ်သော်လည်း ထိပ်တိုက်ရင်ဆိုင်မှုကို အတတ်နိုင်ဆုံး ရှောင်ရှားသွားမည်ဖြစ်သည်ဟု ကေအဲန်ယူ တွဲဘက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက ယနေ့ ပြောဆိုလိုက်သည်။

“လက်ရှိအခြေအနေက အစိုးရနဲ့ တွေ့ဆုံဆွေးနွေး အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင် နိုင်ဖို့ တစိုက်မတ်မတ် ကြိုးစားနေတဲ့အချိန်ကာလမှာတော့ နိုင်ငံတော်အစိုးရရဲ့ တပ်မတော်သားတွေနဲ့ ထိတွေ့ရင်ဆိုင်မှုမရှိအောင်တော့ အတတ်နိုင်ဆုံးရှောင်ရှားမှာပေါ့နော်״ဟု ပဒိုစောသောသီဘွဲက ကေအိုင်စီသို့ ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာသည် ဒီကေဘီအေတပ်ဖွဲ့၊ ကေအဲန်ယူ တပ်မဟာ(၆) အထူးလုံခြုံရေးတပ်ဖွဲ့နှင့် တပ်ရင်း ၁၈တို့အပြင် ကရင်ငြိမ်းချမ်းရေးကောင်စီတို့ လှုပ်ရှားသည့်နေရာဖြစ်၍ တိုက်ပွဲအရှိန်မြှင့်လာပါက နှစ်ဘက်တာဝန်ရှိ ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာသွားမည်ဟု ပဒိုစောသောသီဘွဲက ဆက်ပြောသည်။

ယမန်နေ့ မနက် အစောပိုင်းက ကော့ကရိတ်မြို့အထွက် ကော့ကရိတ်-မြ၀တီ အဝေးပြေးလမ်းမကြီးရှိ ကရင်တိုင်းရင်းသား လက်နက်ကိုင်များ၏ စုပေါင်းဂိတ်ဖြစ်သည့် တတိုင်ကူးဂိတ်ရှိ ဒီကေဘီအေ တပ်မတော်နှင့် အရှေ့တောင်တိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ခရီးစဉ်အတွက် လမ်းကင်းလာယူကြသည့် ရွာသစ်ကုန်းရှိ အစိုးရစစ်တပ် တပ်ရင်း ၂၃၁တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


အဆိုပါ ပစ်ခတ်မှုကြောင့် အစိုးရဘက်က ဗိုလ်တစ်ဦးသေဆုံးပြီး တပ်သား နှစ်ဦး ထိခိုက်ဒဏ်ရရှိခဲ့သလို ဒီကေဘီအေဘက်က ၂ဦး ဒဏ်ရာရရှိခဲ့ရာ ခရီးသည်နှင့် မော်တော်ယာဉ်များသွားလာမှုကိုလည်း ယနေ့အထိ ရပ်ဆိုင်းထားရကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောမိုရှေးက ဗိုလ်မှူးကြီး စောမောင်လေးအား ညွှန်ကြားထားသည်ဟု ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ(WPWC)နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံပွဲသို့ တက်ရောက်သည့် ဒီကေဘီအေ ပြောခွင့်ရဗိုလ်မှူးလုံ့ လုံက ပြောသည်။

၎င်းက “အခုကိစ္စနဲ့ပတ်သက်ပြီး ဒီနေ့ ၀န်ကြီး ဦးအောင်မင်းနဲ့ တွေ့တော့ သူအကြံပေးသွားတာက တိုင်းမှူးနဲ့ တွေ့ရင် ပိုကောင်းတာပေါ့။ ကျနော်လည်း ဗိုလ်ချုပ် မိုရှေးကိုတော့ တင်ပြလိုက်ပြီ။ တိုင်းမှူးနဲ့တွေ့ဖို့ ဗိုလ်မှူးမောင်လေးကို ထပ်ညွှန်ကြားထားပါတယ်״ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယနေ့နံနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ မြ၀တီအထွက် သင်္ဃန်းညီနောင်နှင့် ကော့ကရိတ်ဘက်ခြမ်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ဒီကေဘီအေဘက်က ၂ဦးထပ်မံထိခိုက်ခဲ့သလို မြ၀တီမြို့ရှိ ဒီကေဘီအေဆက်ဆံရေးရုံးမှ တပ်ဖွဲ့ဝင်တစ်ဦးကိုလည်း အစိုးရစစ်တပ်မှ ဖမ်းဆီးကာ ရဲတပ်ဖွဲ့လက်ထဲကို အပ်နှံထားသည်ဟု ဒီကေဘီအေဘက်က ပြောသည်။

ကေအိုင်စီ- KIC News
http://kicnews.org
နှစ်ဘက် ထိပ်တိုက်ရင်ဆိုင်မှုကို အတတ်နိုင်ဆုံး ရှောင်ရှားသွားမည်ဟု KNU ပြော  နှစ်ဘက် ထိပ်တိုက်ရင်ဆိုင်မှုကို အတတ်နိုင်ဆုံး ရှောင်ရှားသွားမည်ဟု KNU ပြော Reviewed by သစ်ထူးလွင် on 17:30 Rating: 5
Powered by Blogger.