Jos မြို့ ဗုံးပေါက်ကွဲမှု သေဆုံးသူ ၄၀ ကျော်


နိုင်ဂျီးရီးယား နိုင်ငံရဲ့ မြို့ကြီးတခုဖြစ်တဲ့ Jos မြို့ မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု နှစ်ခုကြောင့် အနည်းဆုံး လူ ၄၄ ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တနင်္ဂနွေ ညပိုင်းက ဖြစ်ပွားခဲ့တဲ့ အဲဒီ ဗုံးပေါက်ကွဲမှု နှစ်ခုဟာ တစ်လုံးက စားသောက်ဆိုင် တစ်ဆိုင်မှာဖြစ်ပြီး နောက်တစ်လုံးက ဗလီဝတ်ကျောင်းတစ်ခုမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူ ၄၄ ဦးအနက် ၂၃ ဦးက စားသောက်ဆိုင်ပေါက်ကွဲမှုမှာ သေဆုံးတာဖြစ်ပြီး ၂၁ ဦးက ဗလီပေါက်ကွဲမှုမှာ သေဆုံးခဲ့တာလို့ နိုင်ဂျီးရီးယားက အမျိုးသား အရေးပေါ် စီမံရေး အေဂျင်စီက ပြောပါတယ်။

ဒါ့အပြင် ဒဏ်ရာ ရရှိသူ ၄၇ ဦးရှိပြီး အရေးပေါ်ကယ်ဆယ်ရေး ၀န်ထမ်းတွေက နောက်ထပ် ဆက်လက် စုံစမ်းနေဆဲဖြစ်လို့ အရေအတွက် ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။

စားသောက်ဆိုင် ပေါက်ကွဲမှုဟာ မြှပ်ထားတဲ့ ဗုံးကြောင့်ဖြစ်ပြီး ဗလီပေါက်ကွဲမှုကတော့ အသေခံ ဗုံးဖောက်ခွဲသူတဦးက ၀င်ရောက်ပြီး သေနတ်တဲ့တိုက်ခိုက် ဖောက်ခွဲခဲ့တာလို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

အဲဒီအချိန်တုန်းက ၀တ်ပြုနေတဲ့ ဗလ်ီကျောင်းရဲ့ ရှေ့ဆောင်ဆရာတဦးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်နိုင်တယ်လို့ အများက ယူဆကြောင်းလည်း သူက ဆိုပါတယ်။

ဘယ်သူ လုပ်တယ်ဆိုတာ မသိရသေးပေမယ့် အစ္စလမ် လက်နက်ကိုင် ဘိုကိုဟာရမ်အဖွဲ့ဟာ ယခင်က Jos မြို့ကို တိုက်ခိုက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ဒီဗုံးပေါက်ကွဲမှုဟာ အခုရက်ပိုင်းတွေအတွင်း လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ရတဲ့ ဆက်တိုက် ဗုံးပေါက်ကွဲမှုတွေအနက် နောက်ဆုံးဖြစ်ပေါ်ခဲ့တာပါ။

BBC Burmese
https://www.facebook.com/bbcburmese
Jos မြို့ ဗုံးပေါက်ကွဲမှု သေဆုံးသူ ၄၀ ကျော် Jos မြို့ ဗုံးပေါက်ကွဲမှု သေဆုံးသူ ၄၀ ကျော် Reviewed by သစ်ထူးလွင် on 17:40 Rating: 5
Powered by Blogger.