ပရဟိတအလုပ်လုပ်သူ IS အတွက် ရံပုံငွေရှာပေးလို့ဆို

လက်ဘနွန်မှာ အဖမ်းခံခဲ့ရသူ Ibrahim Barakat ကို တွေ့ရစဉ် (Credit: ABC licensed) 
သြစတြေးလျနိုင်ငံ ​မဲလ်ဘုန်းမြို့က ​ပရဟိတ ​လုပ်ငန်း ​လုပ်ကိုင်တဲ့ ​အဖွဲ့ရဲ့ ​အဖွဲ့ဝင်တချို့ဟာ ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေအတွက် ​ရံပုံငွေတွေ ​ရှာဖွေပေးခဲ့တယ်လို့ ​သိရပါတယ်။

Dar ​al ​Quran ​လို့ခေါ်တဲ့ ​ပရဟိတ ​အဖွဲ့ဟာ ​ဆီးရီးယားနိုင်ငံက ​မိဘမဲ့ ​ကလေးငယ်တွေအတွက် ​ရံပုံငွေတွေ ​ရရှိအောင် ​ရှာဖွေပေးတဲ့အဖွဲ့ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​Ibrahim ​Barakat ​လို့ခေါ်တဲ့ ​အဖွဲ့ဝင် ​တစ်ယောက်ကို ​လက်ဘနွန်အစိုးရက ​မေလ ​၂ ​ရက်နေ့မှာ ​ဖမ်းဆီးပြီးတဲ့နောက် ​အဲဒီအဖွဲ့အပေါ် ​သံသယ ​ဖြစ်လာတာ ​ဖြစ်ပါတယ်။

Ibrahim ​Barakat ​ကို ​လက်ဘနွန် ​စစ်ခုံရုံးမှာ ​စစ်ဆေးနေပြီး ​ဂျီဟတ်ဒစ် ​လုပ်ငန်းအတွက် ​ရံပုံငွေ ​ရှာပေးသူအဖြစ် ​စွပ်စွဲခံနေရပါတယ်။

သူဟာ ​ဒေါ်လာ ​ထောင်နဲ့ချီကို ​ယူပြီး ​ဆီးရီးယားထဲ ​ဝင်ဖို့ ​ကြိုးစားတုန်း ​ဖမ်းဆီးခံခဲ့ရတာပါ။

ဆီးရီးယားနိုင်ငံက ​အကြမ်းဖက် ​အဖွဲ့ကို ​ငွေတွေ ​ထောက်ပံ့တယ်ဆိုပြီး ​စစ်ဆေးခံနေရပါတယ်။

ဒါ့အပြင် ​လက်ဘနွန်နဲ့ ​သြစတြေးလျနိုင်ငံသား ​၂ ​ခုစလုံး ​ခံယူထားတဲ့ ​နောက်လူ ​နှစ်ယောက်ကိုလည်း ​အာဏာပိုင်တွေက ​သံသယဖြစ်နေတယ်လို့ ​အေဘီစီက ​သိရပါတယ်။

ဒီလို ​အခြေအနေကြောင့် ​ပရဟိတ ​လုပ်ငန်းတွေ ​သမာသမ ​ကျကျ ​လုပ်ဆောင်ခြင်း ​ရှိမရှိကို ​စောင့်ကြည့်နေတဲ့ ​အဖွဲ့ကလည်း ​ဆစ်ဒနီမြို့က ​Dar ​al ​Quran ​အဖွဲ့အပေါ် ​စုံစမ်းမှုတွေ ​လုပ်သွားမယ်လို့ ​ပြောပါတယ်။

သြစတြေးလျ ​ရဲတွေကတော့ ​အဲဒီ ​ပရဟိတ ​အဖွဲ့အစည်းအပေါ် ​စုံစမ်းထောက်လှမ်းမှု ​လုပ်နေသလား ​ဆိုတာကို ​ဖြေဆိုခြင်း ​မရှိခဲ့ပါဘူး။

သြစတြေးလျနိုင်ငံသား ​တချို့ဟာ ​အကြမ်းဖက်အဖွဲ့တွေကို ​ငွေကြေးထောက်ပံ့မှုတွေ ​လုပ်တယ်ဆိုတဲ့ ​ပြောဆိုမှုတွေကြောင့်လည်း ​အခုဆိုရင် ​ငွေလွဲပေးရာမှာ ​တင်းကြပ်မှုတွေ ​ရှိလာနေကြောင်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ပရဟိတအလုပ်လုပ်သူ IS အတွက် ရံပုံငွေရှာပေးလို့ဆို ပရဟိတအလုပ်လုပ်သူ IS အတွက် ရံပုံငွေရှာပေးလို့ဆို Reviewed by သစ်ထူးလွင် on 09:56 Rating: 5
Powered by Blogger.