ဆိုင်းနိုင်းကျွန်းဆွယ်မှာ IS တွေကို အီဂျစ်တပ်တွေ ပြန်လည်တိုက်ခိုက်


 အီဂျစ်နိုင်ငံ ဆိုင်းနိုင်း ကျွန်းဆွယ်မှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ရဲ့ လက်အောက်ခံ အဖွဲ့က တိုက်ခိုက်မှုတွေကြောင့် စစ်သား ၁၀၀ ကျော် သေဆုံးခဲ့ပြီးနောက် အီဂျစ် စစ်တပ်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

အကြမ်းဖက် စစ်သွေးကြွအုပ်စုတွေ ဒေသတွင်းမှာ ရှင်းသွားတဲ့အထိ တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့ စစ်တပ်က ပြောခဲ့ပြီး ဒီနေ့မနက် အစောပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတယ်။

Sheikh Zuweid နဲ့ Rafah မြို့တဝိုက်က စစ်ဆေးရေးဂိတ် တွေကို IS စစ်သွေးကြွတွေက တပြိုင်နက်ထဲ စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးသူတွေထဲမှာ စစ်သား ၁၇ ယောက် ပါဝင်ခဲ့တယ်လို့ အီဂျစ်စစ်တပ်က ပြောပါတယ်။

အီဂျစ်စစ်တပ် ပြောခွင့်ရသူကတော့ တိုက်ခိုက်သူ စစ်သွေးကြွ ၃၉ ယောက်ကို သတ်ဖြတ် ရှင်းလင်းခဲ့ပြီး လေယာဉ်ပစ် သေနတ်တွေ တင်လာတဲ့ ထရပ်ကား ၃ စီးကိုလည်း ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဆိုင်းနိုင်း အခြေစိုက် IS လက်အောက်ခံအဖွဲ့က သူတို့ဟာ လုံခြုံရေးဌာန ၁၅ ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အသေခံ ဗုံးခွဲမှု ၃ ခုလည်း လုပ်ခဲ့တယ်လို့ အွန်လိုင်းပေါ် ဖြန့်ဝေတဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခု တိုက်ခိုက်မှုတွေဟာ ဆိုင်းနိုင်း ကျွန်းဆွယ်မှာ ဂျီဟတ်ဝါဒီတွေ အခြေချခဲ့ချိန် နောက်ပိုင်း အကြီးဆုံး တိုက်ခိုက်မှုတွေထဲ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က အစ္စလာမ္မစ် သမ္မတ မိုဟာမက် မော်စီ ပြုတ်ကျခဲ့ပြီးနောက် ဂျီဟတ် ဝါဒီတွေရဲ့ တိုက်ခိုက်မှုတွေ တိုးမြှင့်လာရာမှာ အခုချိန်အထိ လုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၆၀၀ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ဆိုင်းနိုင်းကျွန်းဆွယ်မှာ IS တွေကို အီဂျစ်တပ်တွေ ပြန်လည်တိုက်ခိုက်  ဆိုင်းနိုင်းကျွန်းဆွယ်မှာ IS တွေကို အီဂျစ်တပ်တွေ ပြန်လည်တိုက်ခိုက် Reviewed by သစ်ထူးလွင် on 16:29 Rating: 5
Powered by Blogger.