တပ်မတော်နှင့် ဖြစ်ပွားနေသော တိုက်ပွဲများတွင် DKBA မှ (၂)ဦးကျဆုံး၊ (၆) ဦး ဒဏ်ရာရရှိ


 ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-မြ၀တီ အာရှ လမ်းမကြီး အနီးတွင် တပ်မတော်နှင့် ဖြစ်ပွားနေသော တိုက်ပွဲများတွင် ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) မှ နှစ်ဦး ကျဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာ ရရှိထားကြောင်း DKBA ထံမှ သတင်းရရှိသည်။

 ယခုလ(၂) ရက်နေ့မှ စတင်၍ ကော့ကရိတ်-မြ၀တီ အာရှ လမ်းမကြီး အနီးတွင် တပ်မတော်နှင့် DKBA တို့ တိုက်ပွဲများ ဖြစ်ပွားနေပြီး၊ ယမန်နေ့က အထိ တိုက်ပွဲများ ဖြစ်ပွား နေသေးကြောင်း DKBA ထံမှ သိရသည်။

 ““ကျွန်တော်တို့ကို တိုက်ခိုက်လာမယ် ဆိုရင်တော့ ကျွန်တော်တို့ ပြန်လည် တိုက်ခိုက်ဖို့ အသင့် ပြင်ထားပါတယ်။ ကျွန်တော်တို့က စစ်သားတွေပါ။ ကျွန်တော်တို့ အသက်ကိုတော့ ကျွန်တော်တို့ ခုခံကာကွယ်သွားမယ်။  DKBA လှုပ်ရှားရာ ဒေသ တစ်ခုလုံးက  DKBA တပ်သားတွေကိုလည်း လာတိုက်ခိုက်ရင် ပြန်တိုက်ခိုက်ဖို့ အဆင်သင့် ပြင်ခိုင်းထားတယ်။

 ကျွန်တော်တို့ ကတော့ စစ်ဘယ်ဖြစ်ချင်မလဲဗျာ။ တပ်မတော် ဘက်ကတော့ ဘယ်လောက် ကျလဲ ဆိုတာကိုတော့ မသိဘူးဗျ”” ဟု  DKBA ကလိုထူးဝါး တပ်မဟာမှ ဗိုလ်မှူးကြီး စောဘာဂျာက The Messenger Media သို့ပြောသည်။

 အဆိုပါ မြ၀တီ-ကော့ကရိတ် လမ်းမကြီး အာရှ လမ်းမကြီး တစ်လျှောက်တွင် DKBA အပါအ၀င် ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) တို့က ပူးပေါင်း ဂိတ်ကြေး ကောက်ခံနေပြီး လေးဘီးယာဉ် တစ်စီးလျှင် ငွေကျပ် (၃၀၀၀)၊ ခြောက်ဘီးယာဉ် တစ်စီးလျှင် ငွေကျပ် (၅၀၀၀)၊ ခြောက်ဘီးယာဉ် တစ်စီးလျှင် ငွေကျပ်(၃၀၀၀) ကောက်ခံလျက် ရှိသည်။

 DKBA ကို ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်ပြီး ခန့်မှန်းအား (၁၅၀၀)ကျော်ရှိကာ ဘုရားသုံးဆူ ဒေသ၊ မြိုင်ကြီးငူ၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်မြို့နယ်၊ မာနယ် ပလော ဒေသများတွင် လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည်။

ဆုမင်းကို
The Messenger Media
http://www.messengerdaily.com/
တပ်မတော်နှင့် ဖြစ်ပွားနေသော တိုက်ပွဲများတွင် DKBA မှ (၂)ဦးကျဆုံး၊ (၆) ဦး ဒဏ်ရာရရှိ  တပ်မတော်နှင့် ဖြစ်ပွားနေသော တိုက်ပွဲများတွင် DKBA မှ (၂)ဦးကျဆုံး၊ (၆) ဦး ဒဏ်ရာရရှိ Reviewed by သစ်ထူးလွင် on 21:35 Rating: 5
Powered by Blogger.