CHIA နှင့် PAR သင်တန်း ၀ံလက်ဖေါင်ဒေးရှင်းတွင်ပြုလုပ်


စစ်တွေ၊ ဇူလိုင် ၅

ပုဏ္ဏားကျွန်းစက်မှုဇုံ ဧရိယာ အနီးတစ်ဝိုက်ကျေးရွာများမှ ရွာသူရွာသားများအတွက် လူထုကျန်းမာရေး အကျိုး သက်ရောက်မှု ဆန်းစစ်ချက် CHIA နှင့် လူထုပါဝင်သုတေသန PAR သင်တန်းကို ၀ံလက်ဖေါင်းဒေးရှင်းက စစ်တွေမြို့ရှိ ၄င်းတို့ရုံးတွင် ဇူလိုင်လ ၃ ရက်နေ့မှ ၁၀ ရက်နေ့ထိ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“အဓိကတော့ ကျွန်တော်တို့ လူထုကျန်းမာရေး ဆန်းစစ်ချက်ဆိုတဲ့ CHIA နှင့် လူမှုဘ၀နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ နောက်ပြီးတော့ စက်မှုဇုံတွေ ဖြစ်တည်လာတဲ့အခါ အကျိုးသက်ရောက်မှုတွေ ဘယ်လို ဆက်နွယ်နေတာလဲ ဆိုတာတွေကို သိရှိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒေသခံလူထုတွေအတွက် ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု သင်တန်းကို ဦးဆောင်ပြုလုပ်သူ ၀ံလက်ဒေသဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းက ဒါရိုက်တာ ခိုင်ကောင်းစံက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ယခုပြုလုပ်သော သင်တန်းတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးရေး၊ ဌာနေတိုင်းရင်းသားများဆိုင်ရာ အခွင့်အရေး၊ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ စက်မှုလုပ်ငန်းရှင်များ အစိုးရနှင့် ဆက်နွယ်ပြီး ကုမ္ပဏီများအနေဖြင့် စက်မှုလုပ်ငန်း တည်ဆောက်ရန် လာရောက်ရင်းနှီးမြှုပ်နှံရာ၌ ဒေသခံများအတွက် တာဝန်ယူမှု တာဝန်ခံမှု အပိုင်းများ၊ ဒေသခံများအကျိုးအတွက် လမ်း၊ တံတား၊ လျှပ်စစ်မီး၊ အလုပ်အကိုင်အခွင့်အလမ်း စသည်တို့ကို ပြုလုပ်မှုရှိ မရှိ စသည့်အကြောင်းအရာများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုသင်တန်းတွင် ပုဏ္ဏားမြို့ပေါ်မှ လူငယ်များ၊ ပုဏ္ဏားကျွန်းမြို့နယ် တန်းစွယ်ကျေးရွာ၊ ရပေါက်ချောင်းကျေးရွာ၊ ကုလားချောင်း၊ အလယ်ချောင်း၊ သာယာကုန်း၊ ပိုးရီပြင်၊ စေတီပြင်၊ ယိုးတရုတ် အစရှိသည့် ပုဏ္ဏားကျွန်းမြို့နယ်ထဲမှ ကျေးရွာများမှ သင်တန်းသူ သင်တန်းသား ၃၀ တက်ရောက်သည်ဟု သိရသည်။

စံမောင်သန်း
Narinjara
https://www.facebook.com/pages/Narinjara
CHIA နှင့် PAR သင်တန်း ၀ံလက်ဖေါင်ဒေးရှင်းတွင်ပြုလုပ် CHIA နှင့် PAR သင်တန်း ၀ံလက်ဖေါင်ဒေးရှင်းတွင်ပြုလုပ် Reviewed by သစ်ထူးလွင် on 10:27 Rating: 5
Powered by Blogger.