အလက်ပို မြို့မှာ သူပုန်ထိုးစစ်ကို အစိုးရ ခုခံ


၂၀၁၂ နောက်ပိုင်း ဆီးရီးယား ပြည်တွင်းစစ်မှာ အလက်ပိုမြို့က အဓိက စစ်မြေပြင် ဖြစ်လာခဲ့။

ဆီးရီးယား နိုင်ငံ မြောက်ပိုင်းက အလက်ပို မြို့မှာ သူပုန် တပ်ဖွဲ့တွေက မြို့ကို လုံးဝ ထိန်းချုပ်နိုင်ဖို့ အဓိက ထိုးစစ်ကြီး တစ်ခုကို စတင် လိုက်ပြီးနောက် ဆီးရီးယား အစိုးရက လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။

အစိုးရ ထိန်းချုပ်ထားတဲ့ နယ်မြေ ၇ ခု အတွင်းကို ကြာသပတေးနေ့ ညပိုင်းမှာ သူပုန်တွေ ဘက်က ရာနဲ့ချီတဲ့ ဒုံးကျည်တွေ၊ အမြောက်တွေ ပစ်လွှတ် ခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

ဒီကနေ့ သောကြာနေ့ မနက်မှာတော့ သူပုန်တွေဘက်က အနည်းငယ် ရှေ့တိုး ချီတက် နိုင်ခဲ့တယ်လို့ အဲဒီ အဖွဲ့က ဆိုပါတယ်။

ဒါပေမယ့် ဆီးရီးယား အစိုးရပိုင် သတင်းဌာနက ကြေညာရာမှာတော့ သူတို့အခေါ် အကြမ်းဖက်သမား ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ထိုးစစ်ကို တွန်းလှန် နိုင်ခဲ့ပြီလို့ ပြောပါတယ်။

တစ်ချိန်က ဆီးရီးယားရဲ့ စီးပွားရေး အချက်အခြာ ဖြစ်ခဲ့တဲ့ အလက်ပို မြို့ကို ပြီးခဲ့တဲ့ ၃ နှစ်လုံးလုံး အစိုးရ တပ်ဖွဲ့တွေနဲ့ သူပုန်တွေက ထက်ဝက်စီ ထိန်းချုပ် ထားခဲ့ကြတာပါ။

ယူနက်စကို အဖွဲ့ရဲ့ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်လည်း ဖြစ်တဲ့ မြို့ဟောင်း အလက်ပို မြို့ဟာ မြေပြင် တိုက်ပွဲတွေနဲ့ အစိုးရရဲ့ ဗုံးကြဲမှုတွေကြောင့် ၆၀ ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ပြီး ဖြစ်သလို၊ လူထောင်ပေါင်း များစွာလည်း သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
အလက်ပို မြို့မှာ သူပုန်ထိုးစစ်ကို အစိုးရ ခုခံ  အလက်ပို မြို့မှာ သူပုန်ထိုးစစ်ကို အစိုးရ ခုခံ Reviewed by သစ်ထူးလွင် on 20:50 Rating: 5
Powered by Blogger.