ဂရိလွှတ်တော်က အသုံးစရိတ်လျှော့ချဖို့ သဘောတူ

ဂရိပါလီမန် ပြင်ပမှာ ဆန္ဒပြခဲ့သူတွေကို ရဲတွေ လူစုခွဲစဉ် (Credit: Reuters)
ဂရိနိုင်ငံ ​ကြွေးမြီကိစ္စဖြေရှင်းဖို့အတွက် ​အသုံးစရိတ်တွေ ​သိသိသာသာ ​လျှော့ချမယ့် ​အစီအစဉ်ကို ​ဂရိလွှတ်တော်က ​အတည်ပြုလိုက်ပါတယ်။

လွှတ်တော် ​အတွင်းမှာ ​အတိုက်အခံ ​ပါတီရဲ့ ​ထောက်ခံမှုတွေနဲ့ ​ဂရိအစိုးရရဲ့ ​အသုံးစရိတ် ​လျှော့ချမယ့် ​အစီအစဉ် ​မဲအများစု ​ရရှိသွားတာပါ။

ဂရိ ​ဝန်ကြီးချုပ် ​Alexis ​Tsipras ​က ​အသုံးစရိတ်ကို ​မလျှော့ချဖို့ ​ကတိပေးခဲ့တဲ့အတွက် ​ပါတီဝင်တွေနဲ့ ​ပြည်သူတွေရဲ့ ​ထောက်ခံမှု ​ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ​ဥရောပ ​အကြွေးရှင်တွေနဲ့ ​ဘယ်လိုမှ ​ညှိနှိုင်းလို့ ​မရတဲ့အဆုံး ​ဂရိနိုင်ငံကို ​ငွေကြေးကူညီရင် ​အသုံးစရိတ်ကို ​လျှော့ချမယ်လို့ ​သဘောတူခဲ့ရပါတယ်။

ဂရိဝန်ကြီးချုပ်က ​အကြွေးရှင်တွေရဲ့ ​အလိုအတိုင်း ​လိုက်နာခဲ့တာကို ​ပြည်သူတွေသာမက ​ပါတီတွင်းက ​လူတွေလည်း ​စိတ်ဆိုးပြီး ​တချို့အရာရှိတွေ ​ရာထူးက ​နှုတ်ထွက်တဲ့အထိ ​ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ​တချိန်တုန်းက ​အတိုက်အခံ ​ပြုကြတဲ့လူတွေက ​ဂရိဝန်ကြီးချုပ်ဘက်က ​ပြန်လည် ​ရပ်တည်လာခဲ့တာ ​ဖြစ်ပါတယ်။

လွှတ်တော်အတွင်းမှာ ​အသုံးစရိတ်ကို ​လျှော့ချဖို့ ​အမတ် ​အများစုက ​မဲပေးကြပေမယ့် ​လွှတ်တော် ​ပြင်ပမှာတော့ ​အသုံးစရိတ် ​မလျှော့ချလိုတဲ့ ​ဂရိပြည်သူတွေ ​ဒေါသတကြီး ​ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြမှုအတွင်း ​ဂရိပြည်သူတွေ ​ဓာတ်ဆီဗုံးတွေ ​သုံးတဲ့အတွက် ​ရဲတွေ ​ထပ်ရောက်လာပြီး ​မျက်ရည်ယို ​ဓာတ်ငွေ့တွေနဲ့ ​လူစုခွဲခဲ့ရပါတယ်။

ဂရိအစိုးရက ​ပေးထားတဲ့ ​ကတိမတည်ပဲ ​သူတို့ကို ​သစ္စာဖောက်လိုက်ပြီလို့ ​ဂရိပြည်သူတွေက ​ယူဆပြီး ​ဒေါသထွက်နေကြတာ ​ဖြစ်ပါတယ်။

နောက်ပိုင်းမှာလည်း ​အခုလို ​ဆန္ဒပြမှုတွေ ​ထပ်ဖြစ်နိုင်သေးတယ်လို့ ​ဥရောပ ​အခြေစိုက် ​အေဘီစီ ​သတင်းထောက်က ​သုံးသပ်ထားပါတယ်။

ဂရိဝန်ကြီးချုပ်ကတော့ ​အသုံးစရိတ်လျှော့ချဖို့ ​အစီအစဉ်ကို ​သူ့အနေနဲ့ ​မလိုလားပေမယ့် ​မလုပ်ရင် ​မရတော့တဲ့ ​အခြေအနေ ​ရှိလာတာကြောင့် ​ဒီအသုံးစရိတ် ​လျှော့ချတဲ့ ​အစီအစဉ်ကို ​မကြိုက်ပေမယ့် ​အောင့်ကာနမ်းရတော့မယ်လို့ ​ပြောခဲ့ပါတယ်။

ဥရောပ ​အကြွေးရှင်တွေကတော့ ​ဂရိအနေနဲ့ ​စကားသက်သက် ​မဟုတ်ပဲ ​အစီအစဉ်အတိုင်း ​လိုက်နာ ​လုပ်ဆောင်ခြင်း ​ရှိမရှိ ​ဆိုတာကို ​အနီးကပ် ​စောင့်ကြည့်သွားဖို့ ​ရှိပါတယ်။

အစီအစဉ်အရ ​ဂရိအနေနဲ့ ​အခွန်တိုးမြင့် ​ကောက်ခံတာတွေ၊ ​ပင်စင်မှာ ​ပြောင်းလဲမှု ​လုပ်ရမှာ ​ဖြစ်တဲ့အတွက် ​နိုင်ငံတော် ​အသုံးစရိတ်ကို ​သိသိသာသာ ​လျှော့ချရမှာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဂရိလွှတ်တော်က အသုံးစရိတ်လျှော့ချဖို့ သဘောတူ ဂရိလွှတ်တော်က အသုံးစရိတ်လျှော့ချဖို့ သဘောတူ Reviewed by သစ်ထူးလွင် on 09:04 Rating: 5
Powered by Blogger.