ပြင်သစ်စစ်သားကို ခေါင်းဖြတ်ဖို့ ကြိုးစားသူကို ဖမ်းမိ

ပြင်သစ်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လုံခြုံရေးတွေ တိုးမြင့်ထား (Credit: Reuters) 
 ပြင်သစ်နိုင်ငံ ​စစ်သားတစ်ဦးကို ​ခေါင်းဖြတ်သတ်ဖို့ ​ကြံစည်ခဲ့သူ ​လူ ​၄ ​ယောက်ကို ​ဖမ်းဆီးနိုင်ခဲ့ပြီလို့ ​ပြင်သစ်နိုင်ငံ ​ပြည်ထဲရေးရာ ​ဝန်ကြီးက ​ကြေညာလိုက်ပါတယ်။

ပြည်ထဲရေးရာဝန်ကြီး ​Bernard ​Cazeneuve ​က ​အကြမ်းဖက်ဖို့ ​ကြံစည်သူတွေထဲမှာ ​ရေတပ် ​အမှုထမ်းဟောင်းတစ်ဦးလည်း ​ပါဝင်ပြီး ​အဲဒီလူတွေက ​စစ်တပ်အဆောက်အဦးကို ​ဖျက်ဆီးဖို့နဲ့ ​ခေါင်းဖြတ်မှုတွေလုပ်ဖို့ ​ကြံစည်ခဲ့တယ်လို့ ​ဆိုပါတယ်။

အသက် ​၁၆ ​နှစ်ကနေ ​၂၃ ​နှစ်အကြားရှိတဲ့ ​လူ ​၄ ​ယောက်ကို ​ပြင်သစ်နိုင်ငံ ​တလွှားမှာ ​ဖမ်းဆီးခဲ့တာလို့ ​ဆိုပါတယ်။

အဲဒီ ​လူ ​၄ ​ယောက်ဟာ ​ပြင်သစ်စစ်သား ​တစ်ယောက်ကို ​ဖမ်းဆီးပြီး ​ခေါင်းဖြတ်သတ်ဖို့ ​ကြံစည်ပြီး ​အဲဒီလုပ်ရပ်တွေကို ​ဗီဒီယိုမှာ ​မှတ်တမ်းတင်ဖို့တောင် ​ကြိုးစားခဲ့ကြတယ်လို့ ​ဆိုပါတယ်။

အဲဒီ ​လေးယောက်ထဲက ​ခေါင်းဆောင်ဖြစ်သူက ​ဆီးရီးယားနိုင်ငံကို ​သွားဖို့ ​စီစဉ်နေတယ်လို့လည်း ​ပြောပါတယ်။

ပြီးခဲ့တဲ့ ​အင်္ဂါနေ့တုန်းကပဲ ​မြို့ငယ်တစ်ခုက ​ရေနံစက်ရုံတစ်ခုမှာ ​ပေါက်ကွဲမှု ​နှစ်ခု ​ဖြစ်ပွားခဲ့ပါတယ်။

ရေနံသိုလှောင်တဲ့ ​ကန်နဲ့ ​naphtha ​လို့ခေါ်တဲ့ ​ဓာတုတွေ ​လှောင်ထားတဲ့ ​ကန်မှာ ​ပေါက်ကွဲမှု ​ဖြစ်ခဲ့ပေမယ့် ​ထိခိုက် ​ဒဏ်ရာရမှုတွေ ​မရှိခဲ့ပါဘူး။

တတိယ ​သိုလှောင်ရုံတစ်ခုမှာ ​ဖောက်ခွဲရေး ​ပစ္စည်းတွေ ​တွေ့ခဲ့ပေမယ့် ​ကြီးကျယ်တဲ့ ​ပေါက်ကွဲမှုတွေ ​မဖြစ်ခဲ့ပါဘူး။

အရင်လတုန်းကပဲ ​IS ​အစ္စလာမ်မစ် ​အဖွဲ့နဲ့ ​ဆက်စပ်တဲ့ ​လူတစ်ယောက်က  ​သူ့အလုပ်ရှင်ရဲ့ ​ခေါင်းကို ​အမေရိကန်ပိုင် ​ဓာတ်ငွေ့စက်ရုံရဲ့ ​ခြံစည်းရိုးမှာ ​တင်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ​ဇန်နဝါရီလတုန်းကလည်း ​သေနတ် ​သမားတချို့ရဲ့ ​လုပ်ရပ်ကြောင့် ​ပြင်သစ်နိုင်ငံသား ​၁၇ ​ယောက် ​သေဆုံးခဲ့ရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ပြင်သစ်စစ်သားကို ခေါင်းဖြတ်ဖို့ ကြိုးစားသူကို ဖမ်းမိ  ပြင်သစ်စစ်သားကို ခေါင်းဖြတ်ဖို့ ကြိုးစားသူကို ဖမ်းမိ Reviewed by သစ်ထူးလွင် on 09:02 Rating: 5
Powered by Blogger.