ယာဉ်မောင်းအိပ်ငိုက်ရာမှ ထမင်းဆိုင်အား ဝင်တိုက်


ပဲခူး ဇူလိုင် ၁ဝ

ပဲခူးမြို့ အမှတ်(၃)နယ်မြေရဲစခန်းအပိုင် ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၄၈/၁)နှင့် (၄၈/၂)အကြား ဥဿာမြို့သစ် (၆)ရပ်ကွက် အုန်းတောလမ်းထိပ် တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၈ ရက် နံနက် ၅ နာရီခွဲက မန္တလေးမှ ရန်ကုန်သို့ စိန်သောင်း(၄၅)နှစ် အောင်ပန်းမြို့ (၃)ရပ်ကွက်နေသူမောင်းနှင်ပြီး ဂေါ်ဖီထုပ်များတင်ဆောင် လာသောSHN-2H/-----HINO အပြာရောင် ၁၂ ဘီး ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ရာမှ တစ်ဖက်ယာဉ် ကြောသို့ရောက်ရှိသွားရာ ထမင်းဆိုင်အဖီနှင့် သစ်ပင် အားတိုက်မိပြီး ဆိုင်အတွင်းရှိ ဦးဝင်းဇော်(၄၂)နှစ် (၇/၃)ကျိုက်ပေါဘုရားလမ်း ဥဿာမြို့သစ် (၇)ရပ်ကွက်နေသူ အား တိုက်မိခဲ့သည်။

ယာဉ်တိုက်မိမှုကြောင့် ဦးဝင်းဇော်တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ပဲခူးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ် မဆင် မခြင်မောင်းနှင်သူ စိန်သောင်းအား အမှတ်(၃)နယ်မြေ ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အောင်ကြီး(ပဲခူး)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ယာဉ်မောင်းအိပ်ငိုက်ရာမှ ထမင်းဆိုင်အား ဝင်တိုက်  ယာဉ်မောင်းအိပ်ငိုက်ရာမှ ထမင်းဆိုင်အား ဝင်တိုက် Reviewed by သစ်ထူးလွင် on 07:53 Rating: 5
Powered by Blogger.