ဖွံ့ဖြိုးရေးနဲ့ စီမံကိန်းတွေအတွက် သတိပြုစရာဖြစ်နေတဲ့ အာရှလမ်းမပေါ်က တိုက်ပွဲတွေ


 ပဋိပက္ခဒေသတွေအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တာ စီမံကိန်း လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ အားလုံးရဲ့ သဘောဆန္ဒတွေ ပါဝင်ဖို့ တစ်ဖက်သတ်မဖြစ်ဖို့ အရေးကြီးတယ်ဆိုတာ ကရင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ဒီကေဘီအေအဖွဲ့တွေရဲ့ တိုက်ပွဲတွေက သက်သေသာဓကပြစရာအဖြစ် ရှိနေပါတယ်။

တပ်မတော်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (ဒီကေဘီအေ) တို့ အကြား အာရှလမ်းမသစ်လို့ခေါ်တဲ့ မြ၀တီ-ကော့ကရိတ် အကြားဒေသမှာ အခုရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဇူလိုင်လ ၂၀ ရက်နေ့ကျရင် ဖွင့်လှစ်ဖို့ စီစဉ်ထားခဲ့တဲ့ လမ်းဖွင့်လှစ်မယ့် ရက်ကတော့ ရွှေ့ဆိုင်း လိုက်ပါပြီ။

မဟာမဲခေါင်စီမံကိန်းမှာ ပါဝင်ပြီး အရှေ့တောင်အာရှ နိုင်ငံတွေအကြား ဆက်သွယ်မယ့် အာရှလမ်းမကြီးရဲ့ အစိတ်အပိုင်း တစ်ရပ်ဖြစ်တဲ့ အဲဒီ လမ်းမဟာ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့အကူ ထိုင်းနိုင်ငံအခြေစိုက် See Sang ဆောက် လုပ်ရေးကုမ္ပဏီက ဖောက်လုပ်နေခဲ့တာပါ။ ဇူလိုင်လ ၂ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲဟာ လမ်းမနားမှာသာ ဖြစ်ခဲ့ပေ မယ့် နောက်ဆုံး မှာတော့ လမ်းသစ်ရော၊ လမ်းဟောင်းနေရာတွေ အပြင် ကော့ကရိတ်မြို့အနီးမှာပါ တိုက်ပွဲတွေ ဖြစ်လာခဲ့ပြီး အရပ်သား ခရီးသွားအချို့ ထိခိုက်ဒဏ်ရာ ရတာတွေလည်း ရှိလာခဲ့ပါတယ်။

ဇူလိုင်လ ၇ ရက်နေ့မှာတော့ ကော့ကရိတ်မြို့အထွက် မြ၀တီ-ကော့ကရိတ် လမ်းဟောင်းအနီးမှာပဲ အနီးကပ်တိုက်ပွဲတွေဖြစ်ပွား ခဲ့ပြီး ကော့ကရိတ်မြို့ပေါ် မှာရှိတဲ့ အထက ၄ စာသင်ကျောင်းပေါ် ကို မော်တာကျည်ဆံ ကျရောက်ပေါက်ကွဲ ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ အာရှလမ်းမပေါ်မှာရှိတဲ့ ဒီကေဘီအေ တပ်ဖွဲ့ရဲ့ဂိတ်ကို လမ်းဖွင့်ပွဲအတွက် ဖယ်ရှားခိုင်ရာက စတင်လို့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် နယ်စပ် ကုန်သွယ်ရေး အတွက်ပါ အရေးပါတဲ့ မြ၀တီ -ဘားအံ လမ်းကြောင်း ကိုပါ ခေတ္တပိတ်ထားရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ အခုလို အာရှလမ်းမကြီး အဖြစ် ဖြစ်လာတော့မယ့် လမ်းပေါ်မှာ တိုက်ပွဲဖြစ်နေ တာကတော့ အင်မတန် ရုပ်ဆိုး အကျည်းတန်တဲ့ ကိစ္စဖြစ်ပြီး ဒီတိုက်ပွဲတွေကတော့ အဲဒီလမ်းပေါ်မှာ တရားမဝင် အခွန်ကောက်ခံတာတွေနဲ့ ပတ်သက်လို့ မီဒီယာတွေက အဆက်မပြတ်ဖော်ပြမှုတွေ ရှိလာခဲ့ပြီးနောက်မှာ ဖြစ်လာ ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီမတိုင်ခင် အဲဒီမှာရှိတဲ့ ဂိတ်တွေဖယ်ပေးဖို့ တောင်းဆိုမှုအချို့ရှိခဲ့ပြီး ကရင် ဝန်ကြီးချုပ် ကိုယ်တိုင်လည်း အဲဒီနေရာနားမှာပဲ အထင်လွဲခံရပြီး သေနတ်နဲ့ အချိန်ခံရမှုတွေက ပြီးခဲ့တဲ့ မေလအတွင်းကလည်း ဖြစ်ခဲ့တာပါ။ တကယ်တော့ ဒီတိုက်ပွဲတွေက အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား နယ်မြေသတ်မှတ်မှု အတည်တကျမရှိတာ၊ ယုံကြည်မှု မရှိသေးတာနဲ့ ရပ်တည်မှု အကျိုးစီးပွားဆိုင်ရာ ကိစ္စတွေကြောင့်နဲ့ ပတ်သက်နေတာပါ။

အရေးပါဆုံးအချက်ကတော့ ဒီအာရှလမ်း မသစ်စီမံကိန်းက ပဋိပက္ခဒေသတွေ အတွင်း စီမံကိန်းတွေကို အကောင်ထည်ဖော် ဆောင်ရွက်ရာမှာ အားလုံးရဲ့ သဘောဆန္ဒ မပါဝင်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ အဲဒီအထဲမှာမှ ပဋိပက္ခဒေသတွေအတွင်း စီမံကိန်းတွေကို အကောင်ထည်ဖော်ရာမှာ အားလုံးရဲ့ သဘောဆန္ဒနဲ့ အကျိုးခံစားခွင့်ဆိုတဲ့ ကိစ္စက တော်တော် အရေးကြီးတယ်ဆိုတာ တွေ့ရပါတယ်။

ဒီကေဘီအေ(ကလိုထူးဘော)

ဒီကေဘီအေ အဖွဲ့ရဲ့မူလအစဟာ ကေအန်ယူကနေ ခွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေအတည်ပြုပြီး နောက်မှာတော့ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေအနေနဲ့ ပြည်သူ့စစ် သို့မဟုတ် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရမယ်ဆိုတဲ့ မူဝါဒကြောင့် နယ်ခြားစောင့်တပ် မလုပ်လိုတဲ့ ဗိုလ်မှူးချုပ်စောလားဘွယ် (ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်တဲ့ ဒီကေဘီအေ အဖွဲ့တချို့က မြ၀တီမြို့ကို ၂၀၁၀ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ ဝင်သိမ်းပြီး တပ်မတော်နဲ့ တိုက်ပွဲဖြစ်ခဲ့ရာကစလို့ ဒီကေဘီအေအဖွဲ့က တပ်မတော်နဲ့ ပြန်လည်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုရမှာပါ။ သူတို့အ ဖွဲ့ ပြန်ထွက်လာခဲ့တဲ့ ၂၀၁၀ ဝန်းကျင်လောက်ကဆိုရင် မြ၀တီ-ကော့ကရိတ်လမ်း ညာဘက်ခြမ်းဒေသကနေ ကြာအင်းဆိပ်ကြီးနဲ့ ဘုရားသုံးဆူအကြား ဒေသတွေမှာ လှုပ်ရှားနေခဲ့တာ ဖြစ်ပါတယ်။ ဒီကေဘီအေအဖွဲ့အနေနဲ့ အဲဒီလို တပ်မတော်နဲ့ တိုက်ပွဲတွေပြန်ဖြစ်ခဲ့တဲ့ ၂၀၁၀ နောက်ပိုင်း ကစလို့ ကေအန်ယူနဲ့ တိုက်ပွဲတွေ လည်း မဖြစ်တော့ပါဘူး။ စထွက်စက လူအင် အား ၅၀၀ လောက်သာရှိခဲ့ပေမယ့် နောက်ပိုင်း မှာတော့ အင်အား ၁ç၅၀၀ လောက်နဲ့ ဗျူဟာ ၃ ခု လောက်အထိ ရှိလာခဲ့ပါတယ်။ ဗျူဟာနှစ်ခုကတော့ ကော့ကရိတ်၊ မြ၀တီ၊ ကြာအင်းဆိပ်ကြီး ဒေသတွေမှာ လှုပ်ရှားနေခဲ့တာဖြစ်ပြီး ဗျူဟာတစ်ခုကတော့ လှိုင်းဘွဲ့မြို့နယ်အတွင်းမှာ လှုပ်ရှားနေတာပါ။ ၂၀၁၂ ခုနှစ် အရောက်မှာတော့ ဒီကေဘီအေအဖွဲ့ဟာ အခြား ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းရုံး၊ KNU။ KNLA ငြိမ်းချမ်းရေးကောင်စီတို့လိုပဲ ရှေ့ဆင့်နောက်ဆင့်ဆိုသလို အစိုးရနဲ့ ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေးစာချုပ်တွေကို ချုပ်ဆိုလာခဲ့ပါတယ်။

ရပ်တည်ရေးအတွက် လုပ်ပိုင်ခွင့်

အပစ်ရပ်ပြီးနောက်ပိုင်း ဒီကေဘီအေအဖွဲ့ ရပ်တည်ဖို့ နေရာရခဲ့တဲ့ ဒေသတွေကလည်း ကျန်တဲ့အဖွဲ့တွေလောက် တပ်ဖွဲ့ရပ်တည်ရေးအတွက် စီးပွားရှာလို့ကောင်းတဲ့ နေရာတွေ မဟုတ်ပါဘူး။ ကရင်ပြည်နယ်အတွင်းမှာ နယ်မြေကျယ်ပြန့်မှုနဲ့ လုပ်ပိုင်ခွင့်ရမှုတွေကို ပြန်ကြည့်မယ်ဆိုရင် ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးနဲ့ နယ်ခြားစောင့်တပ်တွေက ရှေ့တန်းမှာ ရှိပါတယ်။ မူလ ဒီကေဘီအေဖြစ်ခဲ့တဲ့ နယ်ခြားစောင့်အဖွဲ့တွေက သောင်းရင်းမြစ် တစ်လျှောက်မှာ ဂိတ်တွေဖွင့်နေခဲ့တာ ကြာပြီဖြစ်ပြီး သစ်နဲ့သတ္တုကုန်သွယ်မှုအပြင် တခြားလုပ်ငန်းတွေကိုလည်း နှစ်ပေါင်းများစွာဆောင်ရွက်ခွင့် ရခဲ့တာကြောင့် ခေါင်းဆောင်ပိုင်းတွေဆိုရင် တော်တော်လေးကို ချမ်းချမ်းသာသာ ဖြစ်နေခဲ့ပါပြီ။ တပ်ဖွဲ့ဝင်တွေကိုလည်း ယူနီဖောင်းက အစ၊ လက်နက်အဆုံး အဆင့်မြင့်မြင့် တပ်ဆင်ပေးထားနိုင်ပါတယ်။ ကေအန်ယူကတော့ မနေ့တစ်နေ့ကမှ အပစ်ရပ်တယ် ဆိုပေမယ့် ကြီးမားကျယ်ပြန့်တဲ့ နယ်မြေရှိတာကြောင့် ရပ်တည်ရေးအတွက်တော့ အခက်အခဲ မရှိလှပါဘူး။ တပ်မဟာ အချို့ဆိုရင် တော်တော်လေးကို လုပ်ပိုင်ခွင့်ရနေပြီ။ ဂျပန်အစီစဉ်နဲ့ လုပ်တဲ့ ဖွံ့ဖြိုးရေးစီမံကိန်း တော်တော်များများကလည်း ကေအန်ယူနယ်မြေထဲမှာ လုပ်နေတာပါ။

ဒီကေဘီအေ အနေနဲ့ကတော့ ခြားနားလှပါတယ်။ လုပ်ပိုင်ခွင့်အချို့ ရှိနေပေမယ့် အင်အားထောင်နဲ့ချီရှိလှတဲ့ တပ်ဖွဲ့ရဲ့ရပ်တည် ရေးအတွက် တရားမဝင်ဂိတ်တွေက တစ်ရက်တစ်ရက်ကို သိန်းဆယ်နဲ့ချီရနေတဲ့ ဝင်ငွေတွေက တော်တော်လေးအရေးပါတဲ့ အနေအထားပါ။

နိုင်ငံရေးအရ ရပ်တည်မှု

အပစ်ရပ်ပြီးနောက်ပိုင်း ကရင်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့နဲ့ မြန်မာအစိုးရအကြား ဆက်ဆံရေးကို ပြန်ကြည့်မယ်ဆိုရင် ကေအန်ယူနဲ့က အကောင်းဆုံး အခြေနေမှာရှိပြီး ငြိမ်းချမ်းရေး ကောင်စီ KNU ။ KNLA (PC) နဲ့က မဆိုးတဲ့အခြေအနေမှာရှိနေကာ ဒီကေဘီအေနဲ့ကတော့ သိပ်ပြီး ဆက်ဆံရေး ကောင်းမွန်လှတာ မဟုတ်ပါဘူး။ အပစ်ရပ်ပြီးနောက်ပိုင်း ၂၀၁၄ ခုနစ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့သလို အခု ၂၀၁၅ ခုနစ်အတွင်းမှာလည်း ပြန်ဖြစ်နေခဲ့ပါတယ်။ ဒီလိုဖြစ်ရတာကလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ ရပ်တည်နေမှုခြင်း မတူသလို နိုင်ငံရေးအရ ရပ်တည်ပုံတွေ ကွဲပြားခြားနားတာကြောင့်လည်း ဖြစ်တယ်လို့ ကရင့်အရေး လေ့လာသူတွေက ဆိုကြပါတယ်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးအတွက် ဆွေးနွေးတဲ့အခါ တိုင်း အန်စီစီတီအဖွဲ့မှာ ပါဝင်ခဲ့တဲ့ ဒီကေဘီအေ အဖွဲ့အနေနဲ့ ကေအန်ယူလို မဟုတ်ဘဲ ကချင် လွတ်မြောက်ရေးအဖွဲ့နဲ့ ကျန်တဲ့အဖွဲ့တွေလို သေချာပြီး အာမခံချက်ရှိတဲ့ အပစ်ခတ်ရပ်စဲရေး ဖြစ်ပေါ်လာဖို့ အစဉ်တစိုက် တောင်းဆိုခဲ့တာ ကြောင့်လည်း ဖြစ်တယ်လို့ ကရင့်အရေးလေ့လာသူတွေက ဆိုထားပါတယ်။

လမ်းမက စိုးမိုးနယ်မြေနဲ့ လုံခြုံမှုအရအရေးပါနေ

ဒီကေဘီအေ အပစ်ရပ်ပြီးချိန်အထိ အာရှလမ်းမ လမ်းမသစ်က မရှိသေးပါဘူး။ လက်ရှိ လမ်းမသစ်က ကော့ကရိတ်မြို့အဝင် (ဘားအံဘက်မှ အဝင်) လှိုဏ်ဝကျေးရွာကနေ မြို့ကို ညာဘက်ခြမ်းကနေ ပတ်ကျော်ပြီးမှ ဒေါနတောင်ခြေကတစ်ဆင့် မြ၀တီမြို့အထွက် သင်္ကန်းညီနောင်အကျော်က ဒေါနတောင် အတက်အဆင်း နေရာတွေမှာ နဂိုလမ်းဟောင်းနဲ့ ပြန်ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ အဲဒီလမ်းသစ်ကနေ ဆင်းသွားရင် ဒီကေဘီအေရဲ့ အရေးပါတဲ့ တပ်စခန်းဖြစ်တဲ့ ဝေါလေကို ရောက်နိုင်ပါတယ်။ အရင်ကတော့ တောလမ်းသာဖြစ်တဲ့အတွက် ကားတွေနဲ့ စစ်ယာဉ်တန်းတွေအဖို့ သူတို့ဌာနချုပ်ကို သွားဖို့ အချိန်အတော်ယူရဖွယ် ရှိနေပေမယ့် လမ်းတွေကောင်းလာတဲ့အတွက် သွားဖို့က အရင်ကလောက် အချိန်မယူ ရတော့ပါဘူး။ ဒီကေဘီအေအနေနဲ့ အာရှလမ်းမပေါ်မှာ ဂိတ်ကို အခိုင်အခံ့ ဆောက်လုပ်ထား ခဲ့တာဟာ တပ်ဖွဲ့ရပ်တည်ရေးအတွက် အခွန်ရဖို့အပြင် လုံခြုံရေးဆိုင်ရာ ရှုထောင့်ကနေလည်း ပါဝင်ခဲ့ပုံရပါတယ်။

ဒါကြောင့်လည်း ခေတ္တခဏပဲဖြစ်ဖြစ် မဆုတ်ပေးခဲ့တာ နေမှာပါ။ ဒီကေဘီအေတာဝန် ရှိသူတွေကတော့ ခဏဖြစ်ဖြစ် ဖယ်ပေးလိုက်ရင် နောက်ကို ပြန်လည်အခြေချလို့ မရတော့မှာ ဖြစ်တဲ့အတွက်လို့ ဆိုပါတယ်။ ဒီအခြေ အနေကလည်း အပစ်ရပ်ပြီး ကာလအတန်ကြာလာတဲ့အထိ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု မတည်ဆောက်နိုင်သေးမှုရဲ့ ပြယုဂ်တစ်ခုပါပဲ။

ပဋိပက္ခဒေသအတွင်း ဖွံ့ဖြိုးရေးနဲ့

စီမံကိန်းမှာ မှားယွင်းတဲ့ချဉ်းကပ်မှု

ဒီအာရှလမ်းကိစ္စမှာ အရေးကြီးဆုံးအချက်က ပဋိပက္ခဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ တာဝန်ရှိသူတွေနဲ့ အဲဒီစီမံကိန်းကို ဆောက်လုပ်နေတဲ့ ထိုင်းကုမ္ပဏီနဲ့ အဓိက ထောက်ပံ့သူဖြစ်တဲ့ အေဒီဘီ အာရှ ဖွံ့ဖြိုးရေးဘဏ်တို့ရဲ့ ပေါ့လျော့မှုတွေပါ။ သူတို့တွေအနေနဲ့ စီမံကိန်း စတင်ဖို့အတွက် ဒေသခံတွေရဲ့ သဘောထားဆန္ဒ ရယူတာတွေ ရှိခဲ့ပေမယ့် ဒေသခံလက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောထား ရယူရာမှာတော့ ပေါ့လျော့မှုတွေ ရှိခဲ့ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေထဲက ကေအန်ယူတစ်ဖွဲ့နဲ့သာ မေးမြန်းဆွေးနွေးမှုတွေ ရှိခဲ့ပြီး လမ်းဖြတ်သန်းသွားလာမယ့် နေရာတွေကို စိုးမိုးနယ်မြေအဖြစ် သတ်မှတ်ထားတဲ့ ဒီကေဘီအေအဖွဲ့ဆီက သဘောဆန္ဒရယူခဲ့တာ မရှိပါဘူး။

“သူတို့အဖွဲ့တွေရော အစိုးရကပါ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသအတွင်း စီမံကိန်းကြီးတွေ အကောင်ထည်ဖော်ရာမှာ ဒေသခံ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ သဘောဆန္ဒရယူဖို့ ပျက်ကွက်ခဲ့တာက ဒီကေဘီအေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာရတာရဲ့ အဓိကကျတဲ့ အချက်တစ်ချက်ပါပဲ။ ဒီလိုလုပ်တာဟာ ပဋိပက္ခတွေကို ဆွေးနွေးမှု အခြေပြုဖြေရှင်းခြင်း Conflict sensitive resolution သဘောတရားနဲ့လည်း ဆန့်ကျင်နေပါတယ်” လို့ ကရင့်ရေးရာကော်မတီရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ စောကျော်စွာက မှတ်ချက်ပြုပါတယ်။

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်ရဲ့ အစ်ကိုလည်း ဖြစ်တဲ့သူက နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ပြုလုပ်ရာမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအတွက် နယ်မြေသတ်မှတ်မှုနဲ့ အပစ်ရပ်ပြီး နိုင်ငံရေးအရ သဘောမတူခင် ကြားကာလတွေမှာ အခွန်ကောက်ခံခွင့်၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးဆိုင်ရာ လုပ်ပိုင်ခွင့်ကိစ္စရပ်တွေ၊ နေရာချထားရေးနဲ့ နယ်မြေသတ်မှတ် မှုဆိုင်ရာ ကိစ္စရပ်တွေမှာ သဘောတူညီမှု မရသေးတာကလည်း ခုလိုတိုက်ပွဲဖြစ်တဲ့ ကိစ္စတွေနဲ့လည်း ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒါတွေကတော့ အပစ်ရပ်စာချုပ်ပါ အချက်တွေ နဲ့ ပတ်သက်တာပါ။ လတ်တလော အနေထားအရ နိုင်ငံတစ်ဝန်းက တိုင်းရင်းသားဒေသတွေကို ပြန်ကြည့်မယ်ဆိုရင် သေနတ်သံတွေ တိတ်မသွားသေးတဲ့အပြင် တိုက်ပွဲတွေ တော်တော်များများနဲ့ စစ်ရေးတင်းမာမှုတွေကလည်း စီးပွားရေးအရ အရေးပါတဲ့နေရာတွေနဲ့ စီမံကိန်းတွေနားမှာ ဖြစ်နေတာပါ။

ဥပမာအားဖြင့် သံလွင်ရေကာတာစီမံကိန်း တွေဟာဆိုရင် စီမံကိန်းအားလုံးဟာ ပဋိပက္ခနဲ့ တိုင်းရင်းသား နယ်မြေဒေသတွေအတွင်းမှာ ကျရောက်နေပါတယ်။ စီမံကိန်းတွေနဲ့ လုံခြုံ ရေးအကြောင်းပြ တပ်နေရာချထားမှုတွေက လည်းရှိလာဆိုတော့ ဒေသခံတွေ အဖို့ကတော့ စိုးရိမ်မှုတွေ အပြည့်ပါပဲ။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ကလည်း သံလွင်စီမံကိန်းတွေဖြစ်တဲ့ နောင်ဖနဲ့ မန်တောင်း စီမံကိန်းတွေကြောင့် အစိုးရနဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်တွေအကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး ဒေသခံတွေ ထောင်နဲ့ချီ ဘေးလွတ်ရာကို နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ နောက်ထပ် စီမံကိန်းတွေလုပ်မယ့် နေရာတွေကိုလည်း လုံခြုံရေး အကြောင်းပြချက်နဲ့ တပ်နေရာ ချထားမှုတွေ များစွာလုပ်နေကြတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ဆိုကြပါတယ်။ အဲဒီစီမံကိန်းတွေကိုလည်း ဒေသခံပြည်သူတွေက ကန့်ကွက်နေကြတာပါ။ မိုင်းတုံစီမံကိန်းဆိုရင် စဖို့တောင်လုပ်နေကြပါပြီ။

အကောင်းဆုံး သာဓက

မြန်မာအနေနဲ့လည်း ကုလသမဂ္ဂရဲ့ မူလတိုင်းရင်းမျိုးနွယ်စုတွေရဲ့ အခွင့်ရေးဆိုင်ရာ ကြေညာစာတမ်း UN Declaration on Rights of Indigenous People ကို ဆွေးနွေးစဉ်ကတည်းကလည်း မဲပေးထားခဲ့သလို စာတမ်းမှာလည်း လက်မှတ်ရေးထိုးထားပါတယ်။ အဲဒီစာတမ်းထဲမှာမှာလည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ဒေသခံတွေရဲ့ ရပိုင်ခွင့်တွေနဲ့ ရပ်တည်မှုတွေကို ထိခိုက်ခြင်းမရှိစေရလို့ ဖော်ပြထားပြီး ဆောင်ရွက်ရာမှာလည်း အားလုံးရဲ့ သဘောဆန္ဒနဲ့အညီ ထိခိုက်ခြင်းမရှိအောင် ရယူပြီးမှ အကောင်ထည်ဖော် ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။

“မြန်မာနိုင်ငံမှာက အစိုးရကလည်း လိုက်နာမှုမရှိတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အဲဒါတွေကို လိုက်နာမှုမရှိကြဘူး။ လက်တလုံးခြားလုပ်ကြတယ်။ စီမံကိန်းတွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကအစပေါ့” လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောပါတယ်။

အခုဆိုရင် ငြိမ်းချမ်းရေးက မရေမရာဖြစ် နေချိန် ကာလအတွင်းမှာကို ပဋိပက္ခနယ်မြေ တွေအတွင်းမှာပဲ စီမံကိန်းတွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ဖို့ ပြင်ဆင်မှုတွေ များစွာလုပ်လာနေတာကို အထင်းသား မြင်တွေ့နေရပါတယ်။ ဖွံ့ဖြိုးရေးဆိုတဲ့ ရည်ရွယ်ချက်က ကောင်းမွန်ပေမယ့် တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးမရခင်မှာ အားလုံးရဲ့ သဘောဆန္ဒတွေမပါဘဲ ပြုလုပ်ဖို့ ပြင်ဆင်နေတာကတော့ မေးခွန်းထုတ်စရာ အခြေအနေ ဖြစ်နေပါတယ်။ ဒီအထဲကမှ အာရှလမ်းမသစ်တစ်လျှောက် လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကတော့ အကောင်းဆုံး ဥပမာပြစရာ အခြေအနေတစ်ရပ် ဖြစ်နေပါတယ်။

စိုင်းထွန်းအောင်လွင်
The Ladies News Journal
https://www.facebook.com/News.TheLadies

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ