ကျိုင်းတုံနောင်တုံကန် ငါးများသိန်းချီသေပြီး အပုတ်နံ့များ ခုနှစ်မိုင်အကွာထိပျံ့နှံ့လျက်ရှိ

ဓာတ်ပုံ-ကိုသန်းဝင်းအောင်(နှလုံးလှ(အခမဲ့)လူမှုကူညီရေးအသင်း
 ဇူလိုင် ၂၂၊ကျိုင်းတုံ

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ နောင်တုံရေကန်အတွင်း ယခုလ၂၁ရက်နေ့က ငါးများ အစုလိုက်အပြုံ လိုက် သိန်းချီ သေဆုံးခဲ့ပြီး ယနေ့ ၂၂.၇.၂၀၁၅တွင်လည်း ထပ်မံသေဆုံး လျက်ရှိကြောင်း ငါးသေများအား လိုက်လံဆယ်ယူ ပေးနေသည့် ကျိုင်းတုံမြို့၊နှလုံးလှ(အခမဲ့)လူမှုကူညီရေးအသင်းမှ ကိုသန်းဝင်းအောင်က ဖုန်းဖြင့်ဆက် သွယ်ပြောကြားသည်။

“အခုနောင်တုံကန်ပတ်လည်က တည်းခိုခန်းတွေ၊ စားသောက်ဆိုင်တွေမှာ ဧည့်သည်တွေ မရှိသလောက်ပဲ။ ငါးပုပ်နဲ့က ခုနှစ်မိုင်၊ရှစ်မိုင်လောက်ထိ ပျံ့နေတယ်”ဟု ၎င်းကဆိုသည်။

ဓာတ်ပုံ-ကိုသန်းဝင်းအောင်(နှလုံးလှ(အခမဲ့)လူမှုကူညီရေးအသင်း
အဆိုပါ နောင်တုံကန်အတွင်းရှိငါးသေများအား ဇူလိုင်၂၁ရက် နေ့လယ်ခင်းကတည်းက ထွေအုပ်၊စည်ပင်၊မီးသတ်ဝန်ထမ်းများနှင့် ကျိုင်းတုံမြို့အခြေစိုက်လူမှုကူညီရေးအသင်းမျာုး့မှ စုပေါင်းဆယ်ယူလျက်ရှိကြောင်း ကျိုင်းတုံမြို့၊မီးသတ်တပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ဖုန်းဖြင့်ဆက်သွယ်ပြောကြားသည်။

ယမန်နေ့က ငါးသေများဆယ်ယူရာတွင် ဖောကားနှစ်စီးတိုက်ရကြောင်း၊ယနေ့တွင်လည်း ဆက်လက်ဆယ်ယူလျက်ရှိကြောင်း ၎င်းကပြောသည်။

ကျိုင်းတုံမြို့၏ကျက်သရေဆောင်ရေကန်ဖြစ်သော နောင်တုံရေကန်မှာ မြို့အလယ်တွင်ရှိပြီး ကန်ပတ်လည်ရှိ အသေးစားစက်မှုလုပ်ငန်းများမှ စွန့်ပစ်ရေဆိုးများကန်ထဲသို့ စီးဝင်မှု၊မြို့ခံများမှ အမှိုက်သရိုက်များပစ်ချမှုတို့ကြောင့် ရေထုညစ်ညမ်းကာ ယခုလိုသေဆုံးရခြင်းဖြစ်နိုင်ကြောင်းမြို့ခံများက ဝေဖန်သည်။

နောင်တုံကန်မြောက်ဘက်ခြမ်းရှိ မိမိ၏ ဧည့်စံအိမ်တွင် ငါးညှီပုပ်နံ့များကြောင့် လာရောက်တည်းခိုသူများပြောင်းရွှေ့သွားကြကြောင်း၊တာဝန်ရှိသူများလာရောက်စစ်ဆေးရာ ရေထုညစ်ညမ်းမှု ၆ရာခိုင်နှုန်းကျော်ရှိကြောင်း၊ငါးကောင်ရေ ခုနှစ်သိန်းကျော်ခန့် သေဆုံးသွားကြောင်း ကျိုင်းတုံလူမှုရေးအသင်းဥက္ကဌ ဦးစိုင်းဇော်မင်း၏ ဖေ့ဘွတ်စာမျက်နှာတွင်ရေးသားဖော်ပြထားသည်။

“စီးပွားရေးသမားကလည်း လုပ်ငန်းလုပ်ဖို့ပဲစိတ်ဝင်စားတယ်။တာဝန်ရှိသူတွေကလည်း အခွန်အခကောက်ဖို့ပဲ အားသန်တယ်။ကန်ကိုစောင့်ရှောက်မယ့်လူမရှိဘူးဖြစ်နေတယ်” ဟု ကိုသန်းဝင်းအောင်က ပြောသည်။

ရေထဲ၌ အောက်ဆီဂျင်နည်းပါးခြင်းနှင့် ရေထုညစ်ညမ်းခြင်းကြောင့် ယခုလိုငါးများအစုလိုက်အပြုံလိုက်သေဆုံးရခြင်းဖြစ်ပြီး ယခင်နှစ်များကလည်း ငါးများအစုံလိုက်အပြုံလိုက်သေဆုံးမှုများဖြစ်ခဲ့ဖူးကြောင်း ကျိုင်းတုံဒေသခံများထံမှ သိရှိရသည်။

သော်တာ
The Street View
https://www.facebook.com/pages/The-Street-View

ကျိုင်းတုံနောင်တုံကန် ငါးများသိန်းချီသေပြီး အပုတ်နံ့များ ခုနှစ်မိုင်အကွာထိပျံ့နှံ့လျက်ရှိ  ကျိုင်းတုံနောင်တုံကန် ငါးများသိန်းချီသေပြီး အပုတ်နံ့များ ခုနှစ်မိုင်အကွာထိပျံ့နှံ့လျက်ရှိ Reviewed by THITHTOOLWIN on 20:03 Rating: 5
Powered by Blogger.