မဲဆောက် - မြ၀တီ နယ်စပ်ကုန်သွယ်ရေး ပြန်လည်အသက်ဝင်

မဲဆောက်နှင့်မြ၀တီမြို့ ကိုသွယ်တန်းထားသည့် နယ်ခြားသောင်ရင်းမြစ်ကျော် ချစ်ကြည်ရေးတံတား။
 ဇူလိုင် - ၁၁ - ၂၀၁၅

မြ၀တီ - ကော့ကရိတ်ကို ဆက်သွယ်ထားတဲ့ ပင်မလမ်းနှစ်သွယ်အနီးမှာ မြန်မာစစ်တပ်နဲ့(ဒီကေဘီအေ) တို့ ဒီလ ၂ ရက်နေ့ကနေ စတင်တိုက်ပွဲ ဖြစ်ခဲ့တဲ့အတွက် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်ခဲ့ရာကနေ ဒီနေ့မှာတော့ အသက်ပြန်ဝင်လာပြီးလို့ နှစ်နိုင်ငံက ကုန်သည်ကြီးများက ဆိုပါတယ်။

အခုဆိုရင် မြန်မာနဲ့ထိုင်း ကုန်ပစ္စည်းတွေ အပြန်အလှန် တင်ပို့နေကြပြီးဖြစ်တဲ့အတွက် မြန်မာကုန်တွေ မဲဆောက်ကိုပြန်လည်ဝင်ရောက်လာပြီးလို့ မဲဆောက်ဈေးမှာ မြန်မာ စားသောက်ကုန် လက်ကားဖြန့်ချိတဲ့ မငယ်ငယ် က ပြောပါတယ်။

၎င်းက" ဒီနေ့ကစပြီး မြန်မာကုန်တွေပြန်ဝင်ပါပြီး မြန်မာဘက်မှာလမ်းတွေပိတ်တဲ့အတွက် မြန်မာကုန်တွေ ပြတ်လတ်မှုဖြစ်မဲ့ အနေအထားကနေ အခုဆိုရင်ပုံမှန်ပြန်ဖြစ်သွားတော့ ပစ္စည်းတွေလဲ ဈေးမတက်တော့ဘူး" လို့ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်းပိုင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅ သိန်းကျော်ရှိပြီသူတို့အတွက် မြန်မာအစားအစာများနဲ့ အသုံးအဆောင်ပစ္စည်းအချို့ ကို မဲဆောက်ကနေတဆင့် တင်ပို့ပေးနေရတာပါ။

မြ၀တီနယ်စပ်ကနေ ထိုင်းဘက်ကို အဓိကတင်ပို့နေရတာက လူသုံးကုန်စားသုံးကုန် လယ်ယာထွက်ကုန် သစ်တောထွက်ကုန် ရေထွက်ကုန်နဲ့စက်မှုချည်ထည်တွေ တင်ပို့ကြပါတယ်။

ထိုင်းဘက်ကတော့ မြန်မာဘက်ကို လူသုံးကုန်စားသုံးကုန် ဆောက်လုပ်ရေးသုံးပစ္စည်းမျိုးစုံ လယ်ယာသုံးစက်ပစ္စည်းမျိုးစုံ လျှပ်စစ်ပစ္စည်မျိုးစုံနဲ့ ဆက်စပ်ပစ္စည်းတွေ ကွန်ပြုတာ ရေခဲသေတ္တာ လေအေးပေးစက် မော်တော်ယာဉ်စက်ပစ္စည်းတွေ အဓိက တင်ပို့နေပါတယ်။

ထိုင်းကုန်သည် နိုင်ဆူချိုင်းက" နှစ်နိုင်ငံကုန်သွယ်မှုက ဒီနေ့ပြန်ပြီးအသက်ဝင်လာပါပြီး အခြေအနေတွေကတော့ ပြန်ကောင်းသွားပါပြီး " လို့ ဆိုပါတယ်။

မြန်မာကုန်သည်ကြီးတဦးကတော့ ထိုင်းကုန်စည်တွေ ရက်သတ္တတပတ်လောက် မ၀င်တော့ဘူးဆိုရင် ထိုင်းကုန်တွေပြတ်ပြီး ဈေးထိုးတက်တာပါဘဲ အခုတောင်မှ ရက်ပိုင်းဘဲလမ်းပိတ်တာ ထိုင်းပစ္စည်းတွေ ဈေးတက်နေပြီး အခုလမ်းပြန်ဖွင့်သွားတော့ အားလုံးအတွက် အသက်ရှူ ချောင်သွားတယ်လို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောဖြစ်တဲ့ မြ၀တီ - မဲဆောက်နယ်စပ်ကုန်သွယ်ရေးလမ်းကြောကနေ အပြန်အလှန်ကုန်စည်တင်ပို့မှုတန်ဘိုးက တလကိုအနည်းဆုံး ထိုင်းဘတ်ငွေသန်း ၃ ထောင်အထက်မှာရှိပါတယ်။

လက်ရှိ ထိုင်းနဲ့မြန်မာငွေကြေးတန်ဘိုးက မြန်မာကျပ်ငွေ ၁၀၀ ကို ထိုင်းဘတ်ငွေ ၃ ဘတ်နီးပါး ဈေးပေါက်ပါတယ်။

သတင်း - ကရင်အမျိုးသား မီဒီယာ
https://www.facebook.com/knm.karen

မဲဆောက် - မြ၀တီ နယ်စပ်ကုန်သွယ်ရေး ပြန်လည်အသက်ဝင်  မဲဆောက် - မြ၀တီ နယ်စပ်ကုန်သွယ်ရေး ပြန်လည်အသက်ဝင် Reviewed by သစ်ထူးလွင် on 19:01 Rating: 5
Powered by Blogger.