ဂရိ ငွေရေးကြေးရေး ဝန်ကြီး ရာထူးက နှုတ်ထွက်

NO ကို ထောက်ခံတဲ့ ဂရိပြည်သူတွေ အောင်ပွဲခံစဉ် (Credit: Reuters) 
ဂရိနိုင်ငံ ​ငွေရေးကြေးရေး ​ဝန်ကြီး ​Yanis ​Varoufakis ​က ​ရာထူးကနေ ​နှုတ်ထွက်ကြောင်း ​ကြေညာလိုက်ပါတယ်။

ဂရိနိုင်ငံမှာ ​တနင်္ဂနွေနေ့က ​ကျင်းပတဲ့ ​ဆန္ဒခံယူပွဲအတွင်း ​ဂရိပြည်သူ ​၆၀% ​လောက်က ​အသုံးစရိတ် ​မလျှော့ချဖို့ ​မဲပေးခဲ့ကြပြီး ​တစ်ရက်အကြာမှာပဲ ​ငွေရေး ​ကြေးရေး ​ဝန်ကြီးက ​အခုလို ​ကြေညာခဲ့တာပါ။

ငွေရေး ​ကြေးရေး ​ဝန်ကြီးကတော့ ​ဂရိ ​ဝန်ကြီးချုပ်က ​သူ့ရဲ့ ​အကူအညီမလိုဘူးလို့ ​ယူဆတဲ့အတွက် ​အခုလို ​နှုတ်ထွက်တာလို့ ​ပြောဆိုလိုက်ပါတယ်။

ဂရိအစိုးရကတော့ ​ဂရိပြည်သူတွေရဲ့ ​လိုလားချက်က ​အကြွေးရှင်တွေနဲ့ ​ဆွေးနွေးမှုတွေမှာ ​အင်အားတွေ ​ဖြစ်စေမယ်လို့ ​ပြောပါတယ်။



အကြွေးရှင်တွေက ​ဂရိကို ​အသုံးစရိတ်လျှော့ချဖို့ ​ပြောဆိုထားတာ ​ဖြစ်ပေမယ့် ​ဂရိပြည်သူတွေရဲ့ ​ဆန္ဒကို ​အသိအမှတ် ​ပြုတယ်လို့ ​ပြောလိုက်ပါတယ်။

ဒါပေမဲ့ ​ဂရိအနေနဲ့ ​ဘယ်လို ​ဆက်သွားရမလဲ ​ဆိုတာ ​လမ်းစ ​မရှိသေးသလို ​အကြွေးရှင်တွေက ​မကယ်တင်ရင် ​လာမယ့် ​ရက်ပိုင်းအတွင်း ​ဂရိနိုင်ငံမှာ ​ပိုက်ဆံတွေ ​ကျန်မှာ ​မဟုတ်သလို ​ဥရောပ ​သမဂ္ဂ ​အဖွဲ့ဝင်အဖြစ်ကပါ ​ထုတ်ပယ်ခံရနိုင်ပါတယ်။

အင်္ဂါနေ့ကျရင် ​ဂရိနိုင်ငံရဲ့ ​အကြွေးကိစ္စကို ​ဥရောပ ​ခေါင်းဆောင်တွေ ​ထပ်မံ ​ဆွေးနွေးကြဖို့ ​ရှိနေပါတယ်။

ဂရိနိုင်ငံမှာ ​ဖြစ်နေတဲ့ ​ဂယက်က ​သြစတြေးလျကိုလည်း ​ထိခိုက်နေပြီး ​၆ ​နှစ်အတွင်း ​သြစတြေးလျ ​ဒေါ်လာဈေးနှုန်း ​အနိမ့်ဆုံး ​အဆင့် ​ရောက်ရှိခဲ့ရပါတယ်။ ​စီးပွားရေး ​ပညာရှင်တွေကတော့ ​ဂရိရဲ့ ​စီးပွားရေး ​ကျဆင်းမှုက ​သြစတြေးလျ ​အပေါ် ​ထိခိုက်မှု ​ဖြစ်နိုင်ပေမယ့် ​တရုတ်ဈေးကွက်က ​ပိုပြီး ​ထိခိုက်နိုင်တဲ့အတွက် ​အာရှ ​ဈေးကွက်ကို ​ပိုမို ​စောင့်ကြည့်သင့်တယ်လို့ ​ပြောဆိုထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဂရိ ငွေရေးကြေးရေး ဝန်ကြီး ရာထူးက နှုတ်ထွက် ဂရိ ငွေရေးကြေးရေး ဝန်ကြီး ရာထူးက နှုတ်ထွက် Reviewed by သစ်ထူးလွင် on 17:29 Rating: 5
Powered by Blogger.