မယ်ရာမိုစခန်းတွင် ဒုက္ခသည်နေအိမ် ၃၀ခန့် ရေနစ်မြှုပ်နေ


 ဇူလိုင် ၃၁ရက်၊ ၂၀၁၅ခုနှစ်။

 ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်ခရိုင်အတွင်းရှိ မယ်ရာမိုဒုက္ခသည်စခန်းတွင် ဇူလိုင်လ ၂၆ရက်နေ့မှစ၍ မိုးရွာသွန်းပြီး ချောင်းရေ မြင့် တက်လာသဖြင့် စခန်းတွင်း မြေနိမ့်ပိုင်းရှိ ရပ်ကွက်အချို့မှ လူနေအိမ်ခြေ ၃၀ခန့် ရေနစ်မြှုပ်နေကြောင်း စခန်းကော်မတီက ကေ အိုင်စီသို့ ပြောဆိုသည်။

မယ်ရာမိုစခန်း လူမှုရေးတာဝန်ခံ စောယွာဘောက “ချောင်းဘေးနားက အိမ်တွေကတော့ စိုးရိမ်ရတဲ့ အနေအထားရှိတယ်။ အိမ် အောက်မှာ ရေက တစ်တောင်နှစ်တောင်လောက် မြှုပ်တယ်။ နောက်နှစ်ရက်သုံးရက်လောက် မိုးဆက်ရွာရင် ပိုစိုးရိမ်ရမယ်”ဟု အတည်ပြု ပြောဆိုသည်။

အဆိုပါဒုက္ခသည်စခန်းအနီးတွင် မိုင်းလုံးကြီးချောင်းမကြီးနှင့် မယ်ရာမိုချောင်းငယ် နှစ်ခုရှိပြီး ချောင်းငယ်မှ မြင့်တက်လာသည့် ရေများကြောင့် ရပ်ကွက်(၂)၊ ရပ်ကွက် ၅(က)နှင့် ၅(ခ)တို့ရှိ အိမ်ခြေများမှာ ရေနစ်မြှုပ်လျှက်ရှိသည်။ ၎င်းအပြင် မိုးရွာသွန်းမှုများ ကြောင့် အချို့နေရာများတွင် မြေပြိုမှုများ ဖြစ်ပေါ်နေပြီး ရပ်ကွက် ၅(က)အတွင်းရှိ အထက်တန်းကျောင်းတစ်ကျောင်းကို ယနေ့မှ စ၍ ကျောင်းပိတ်ထားရသည်။

လက်ရှိအချိန်တွင် မယ်ရာမိုချောင်းငယ်မှာ ရေအနည်းငယ် ပြန်ကျသွားသော်လည်း မိုင်းလုံးကြီးချောင်းမှာ ယခု အနေအထား ထက် ဆက်၍ ရေမြင့်တက်လာပါက အိမ်အတော်များများ ရေကြီးလာနိုင်သည့် အခြေအနေရှိကြောင်း သူက ဆက်ပြောသည်။

ရပ်ကွက် (၁၀)ခုရှိသည့် မယ်ရာမိုဒုက္ခသည်စခန်းကို ၁၉၉၅ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၁ခုနှစ်၊ သြဂုတ်လဆန်းပိုင်း က မိုင်းလုံးကြီးချောင်းရေကြီးမှုကြောင့် ရိက္ခာဂိုဒေါင်များ ရေလွှမ်းမိုးကာ စားနပ်ရိက္ခာ မလောက်ငှမှုအပြင် နေအိမ်၊ စာသင် ကျောင်းနှင့် ချောင်းကူးတံတားများ ပျက်စီးဆုံးရှုံးခဲ့ဖူးသည်။

 စဖန်းရှောင်း
ကေအိုင်စီ - KIC
http://kicnews.org
မယ်ရာမိုစခန်းတွင် ဒုက္ခသည်နေအိမ် ၃၀ခန့် ရေနစ်မြှုပ်နေ  မယ်ရာမိုစခန်းတွင် ဒုက္ခသည်နေအိမ် ၃၀ခန့် ရေနစ်မြှုပ်နေ Reviewed by THITHTOOLWIN on 20:21 Rating: 5
Powered by Blogger.