မိုးကုတ်နှင့်သပိတ်ကျင်းမြို့နယ်တို့ ၌ မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုရေကြီးမှု ဖြစ်ပွား


 မိုးကုတ် ဇူလိုင် ၂၅

 မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့တွင် ဇူလိုင် ၂၄ ရက် နံနက် ၅ နာရီ ၁၅ မိနစ်မှ ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီအထိ မိုးအဆက်မပြတ်ရွာသွန်းခဲ့ရာ မိုးရေချိန် ၆ ဒသမ ၆၉ လက်မအထိ ရောက်ရှိ ခဲ့ပြီး ရေကြီး ရေလျှံမှုများ၊ မြေပြိုမှုများဖြစ်ပွားခဲ့သည်။

အဆိုပါ မိုးရွာသွန်းမှုကြောင့် လူနေအိမ်များ၊ ဈေးဆိုင်ခန်းများ၊ ကျောက်ရိုး ပြိုကျပျက်စီးခြင်းများ၊ ရတနာသိဒ္ဓိပရဟိတကျောင်း မျက်နှာ ကြက်နှင့် အကာများပြိုကျပျက်စီးခြင်း၊ တိုင်းရင်းဆေးရုံဝင်းအဝင်တံတား ပြိုကျပြီး တံတားအနီးရှိဓာတ်တိုင်လဲကျခြင်း၊ ကမ်းပါးပြိုကျခြင်းနှင့် တောင် ပြိုကျမှုများကြောင့် မိုးကုတ်-မန္တလေးကားလမ်းပိတ်ဆို့လျက်ရှိရာ ချောင်းကြီး ကျေးရွာအုပ်စု ချောင်းကြီးကျေးရွာနှင့် ကြက်နှဖကျေးရွာချင်းဆက်လမ်းပေါ်ရှိ တံတားနှစ်စင်း ရေတိုက်စားမှုကြောင့် မျောပါပျက်စီးခဲ့သည်။

ဆက်လက်ပြီး မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အထောက်အကူပြုအဖွဲ့ဝင်များ၊ ကြက်ခြေနီ၊ မီးသတ်နှင့် လူမှုရေးအဖွဲ့များပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သပိတ်ကျင်းမြို့တွင်လည်း ဇူလိုင် ၂၄ ရက် ညက မိုးသည်းထန်စွာ ရွာသွန်း ခဲ့ရာ တောင်ကျရေကြောင့် နေအိမ်အချို့ပြိုကျပျက်စီးခဲ့ပြီး လူခြောက်ဦး သေဆုံးခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တွင်းငယ်ကျေးရွာတွင် နေအိမ်တစ်လုံး၊ ဒေါင်းဖုန်းကျေးရွာတွင် နေအိမ်သုံးလုံး မြေအိ၍ ပြိုကျခဲ့ပြီး တောင်လယ်ကျေးရွာတွင် တောင်ကျရေကြောင့် နေအိမ် ခုနစ်လုံး မျောပါ သွားခဲ့ရာ လူခြောက်ဦး သေဆုံးကြောင်း သိရသည်။

 (ခရိုင် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိုးကုတ်နှင့်သပိတ်ကျင်းမြို့နယ်တို့ ၌ မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုရေကြီးမှု ဖြစ်ပွား  မိုးကုတ်နှင့်သပိတ်ကျင်းမြို့နယ်တို့ ၌ မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုရေကြီးမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 09:53 Rating: 5
Powered by Blogger.